>Saw Kay Po – Greetings to U Pantra & Team

>

စာဖတ်သူတွေ ရေးတဲ့စာ
ဦးပန်တျာတို့ အဖွဲ့သားများကို နှုတ်ဆက်လိုက်တယ်
စောကေဖိုး (ကနေဒါ)
ဇွန် ၁၀၊ ၂၀၁၀
မိုးမခအဖွဲ့တော်သားများကို နှုတ်ဆက်ပါတယ်။
ဦးပန်တျာ၊ ဒေါ်ခင်သက်ပန်၊ ဒေါ်နှင်းမြတ်ခိုင်တို့ တင်ဆက်လိုက်တဲ့ အမေများနေ့ အပိုင်း နားဆင်ရတာ ကောင်းတယ်။ အမေတွေကို သတိရတယ်။ ကိုယ့်ပြည်ကိုယ့်ရွာလည်း သတိရတယ်ဗျာ။
ပထမဆုံး မိုးမခကို စာ စ ရေးတာပါ။ ဘီဘီစီမှာတော့ ရေးသားပေးပို့နေကြပါ။ မိုးမခကိုတော့ ကြည့်တယ်၊ ဖတ်တယ်၊ နားထောင်တယ်။ ခုတော့ ရေးချင်လာတယ်။
မိုးမခတောထဲမှာ ကြီးပြင်းလာတော့ ယခုမြန်မာတနိုင်ငံလုံးမှာ ရေတွေ ရှား၊ ရေတွေ ခမ်းပြီး ပူလောင်ပြင်းထန်တဲ့ ရာသီဒဏ် ခံစားနေရတဲ့အချိန်မှာ ငါးကန်တွေလည်း ခမ်းခြောက်ကုန်တဲ့အထိ ဖြစ်တယ် ဆိုတော့ ကျုပ်တို့ရွာမှာ အများကြီးပေါက်တဲ့ မိုးမခပင်တွေအောက်မှာ စားကြ၊ သောက်ကြ၊ အိပ်ကြနဲ့ … ပြန် ခံစားမိတယ်။ ယခုတော့ စစ်တပ်က ထင်း ခဏခဏ၊ ရွာတွေကို တောင်းလို့ မိုးမခတောကြီးတောင် ရှိသေးရဲ့လားတော့ မသိဘူးဗျာ။ ငါးကန်တွေ ပတ်လည်မှာလည်း မိုးမခပင်တွေ စိုက်ဖို့ တိုက်တွန်းပေးစမ်းပါ။ မိုးမခအကြောင်း နောက်ထပ် ရေးပါဦးမယ်။
အမေများနေ့မှာ လွှင့်ထုတ်ခဲ့တဲ့ ခရစ်တော်နဲ့ ဗုဒ္ဓ အကြောင်း ယှဉ်တွဲပြီး ဖတ်ပြသွားတဲ့ ဆရာမကြီး ဒေါ်ခင်စန်းကြူရဲ့ တူညီမှုအကြောင်းနဲ့ မတူညီမှုအကြောင်း ကိုယ်တိုင်လေ့ကျင့် ခံစားချက်များ တကယ်ကို ကောင်းတယ်ဗျာ။
ငယ်ငယ်က ရေကူးတတ်တော့ ကလေးသဘာဝ ဆိုတော့ ဆော့ချင်ကြတာပေါ့။ ရွာထိပ်က တံတားကနေ ရွာအောက်က တံတားကို ငှက်ပျောတုံးခိုစီးကြဖို့ တိုင်ပင်ကြတယ်။ ရေဆန်ဆိုတော့ ကူးရမှာ ပင်ပန်းတော့ ငှက်ပျောတုံးကို ထမ်းပြီး ရွာထိပ်တံတားသွား၊ ရွာထိပ်တံတားကနေ ရွာအောက်တံတားကို ငှက်ပျောတုံး ခိုစီးပြီး ရေစုံမျှောတာတွေ သွားတွေးမိသေးတယ်။ အမေက ခေါင်းခေါက်၊ တက်ခိုင်းတာတွေ … အမေနေ့မှာ ပေါ့ဗျာ။ မမေ့ပါဘူး။
ဦးပန်တျာနဲ့ အဖွဲ့ ဒေါ်ခင်စန်းကြူတို့ ကျေးဇူးတင်တယ်။ ဒုတိယပိုင်း နားဆင်ပြီးတော့ စောင့်မျှော်နေဦးမယ်။ ထပ်တင်ဆက်ပါဦး။
စောကေဖိုး
ကနေဒါ
မေလ ၁၂၊ ၂၀၁၀