ချမ်းမြ (မိုးမခအထောက်တော်)

Chan Mya (MMK Reporter) – News

သန္တိသုခကျောင်း သင်းတန်းပိတ်ပွဲ
ချမ်းမြ (မိုးမခအထောက်တော်)
စက်တင်ဘာ ၁၊ ၂၀၁၃

၃၁-၈-၂၀၁၃ နေ့က နွေရာသီ မြန်မာစာမြန်မာစကားနှင့် ဗုဒ္ဓဘာသာ သင်တန်းဆင်းပွဲတခုကို အမေရိကန်ပြည်ထောင်စု  နယူး ယောက်ပြည်နယ် ယူတီကာမြို့ သန္တိသုခကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ ရက်၄၀ကြာ ပြုလုပ်သော သင်တန်းတွင်  မြန်မာစာ နှင့် စကား- ဗုဒ္ဓဘာသာ- ယဉ်ကျေးမှု ဘာသာရပ်များကို ဆရာ ဆရာမသုံးဦးတို့မှ သင်ကြားပြသပေးခဲ့သည်။ သင်တန်းဖွင့်စက ကျောင်းသား ၇၄ ယောက်အထိရှိသည်။ သင်တန်းရက်နောက်ပိုင်းပျက်ကွက်သူအချို့ရှိသော်လည်း ကျောင်းသား ခြောက်ဆယ်ခန့် နေ့စဉ်တက်ရောက် သင်ကြားကြသည်။ သင်တန်းကာလအတွင်း ကျောင်းသားများကိုကြိုပို့ကိစ္စ၊ စာသင်ကြားနေစဉ် ကျောင်းသားများ လုံခြုံရေးကိစ္စ အစရှိ သည်တို့ကို ကျောင်းဂေါပက နှင့် အမှုဆောင်များက မပျက်မကွက် တာဝန်ယူပေးခဲ့ကြသည်။
သင်တန်းပိတ်ပွဲတွင် သဘာပတိဆရာတော် ဦးဇဝန မှ နိုင်ငံရပ်ခြားရောက်မြန်မာများ မိမိတို့ ဘာသာ-သာသနာနှင့် စာပေ ယဉ်ကျေးမှု တို့ကို စိတ်အားထက်စွာ ထိမ်းသိမ်းနေကြသည်ကို တွေ့မြင်ရ၍ ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် ဘာသာတရားက ပေးသော အသိတရားဖြင့် ဘဝကိုတည်ဆောက် နေထိုင်ပါက အဆင့်အတန်းမြင့်မားသိက္ခာရှိသော လူမှုဘဝကို ရရှိမှာ ဖြစ်ကြောင်း မိန့်ကြားသည်။
ထို့နောက် ဆရာတဦးမှ သင်တန်းအကြောင်းပြောကြားခြင်း၊ ကျောင်းသားမိဘတဦးမှ သင်တန်းအတွေ့အကြုံပြောကြားခြင်း၊ ကျောင်းသူ တဦးမှ သင်တန်းအပေါ်ခံစားရမှု၊ ကျောင်းသား ၃ ဦးမှ ဆရာများကိုလက်ဆောင်ပစ္စည်းပေးခြင်း၊ ကျောင်းအမှုဆောင် ဦးအောင်မြင့် မှပရ ဟိတ (လူကြီး) လုပ်အားပေးဆု၊ကကျောင်းအမှုဆောင် ဦးသီဟထွန်းမှ ပရဟိတ(လူငယ်)ဆုများကိုပေးအပ်ခြင်း၊ ကျောင်းအမှုဆောင် ဒေါ်စောစန္ဒာနွယ်မှ ကျောင်းသားများ လက်ရေးလှဆု နှင့် ဆရာများမှ သင်တန်းဆင်း အောင်လက်မှတ်တို့ကို ပေးအပ်သည်။ ပြီးနောက် ကျောင်းသားလေးများက ဆိုတေးသံပြိုင် ကဗျာများကိုရွတ်ဆိုကြသည်။

ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းနားကိုပြီးဆုံးကြောင်းကြေငြာသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts