ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈)
အောင်ဒင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၃၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃)
“ငြိမ်းချမ်းရေး….ဟိုး…အဝေးမှာ”…ဆောင်းပါးရှည် ၊ အပိုင်း (၇) ပိုင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စရေးပြီး  စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ နှစ် ၆၀ ကျော်ကြာခဲ့ပြီး  ပြည်သူတွေ ထောင်နဲ့ သောင်းနဲ့ချီ သေဆုံးခဲ့၊ သေဆုံးနေရတဲ့ မြန်မာနိုင်ငံက  ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး ထာဝရ  အဆုံးသတ်စေချင်တဲ့ သာမာန်လူတစ်ယောက်ရဲ့ မချင့်မရဲ ကြေကွဲသံတွေပါ၊  ကုမုဒြာသတင်းဂျာနယ်မှာ အပိုင်း (၁) ကို အတွဲ ၃၊ အမှတ် (၂၆)၊ အောက်တိုဘာလ ၁  ရက်နေ့က စလို့ အပါတ်စဉ်ဖော်ပြခဲ့တာ အပိုင်း (၇) ကို အတွဲ ၃၊ အမှတ် ၃၂၊  နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အဆုံးသတ်ဖော်ပြပါတယ်၊ ဆောင်းပါး ရေးသားချိန်နဲ့  ပုံနှိပ်ဖော်ပြချိန်ကြားမှာ အချိန်ကာလ တစ်လကျော်လောက် ကွာခြားတာမို့  ဒီဆောင်းပါး အပိုင်း (၇) ပိုင်းမှာ စက်တင်ဘာလ နောက်ဆုံးပါတ်၊ အောက်တိုဘာလ  တစ်လလုံးနဲ့ နိုဝင်ဘာလ ပထမပါတ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို  မဆွေးနွေးနိုင်ခဲ့ပါ၊ အဲဒီ တစ်လကျော်အချိန်အတွင်းမှာလည်း  ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတွေ ရှိခဲ့တာမို့  ဒီဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကျနော့်ရဲ့ သုံးသပ်မှုတွေကို တင်ပြဖို့  ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်၊  
# ဆွေးနွေးပွဲများ ၊ ကြေညာချက်များ
  အောက်တိုဘာလတစ်လလုံးနဲ့ နိုဝင်ဘာလဆန်းအထိ တစ်လခွဲကြာကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့  ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း  အစဉ်လိုက်တင်ပြချင်ပါတယ်၊
(၁)သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကြေညာချက်
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council for the Shan State /RCSS)  ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေးကို လွယ်တိုင်းလျဲန်းဗဟိုဋ္ဌာနချုပ်မှာ ကျင်းပပြီး “သဘောထားထုတ်ပြန်ကြေညာချက်” ကို ထုတ်ပြန်ပါတယ်၊ 
အဲဒီ ထုတ်ပြန်ချက်မှာ “၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည်  ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်ရဲ့  ငြိမ်းချမ်းရေးတည်ဆောက်ရေး ပြည်တွင်းခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊  ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူလူထုများနှင့်  တွေ့ဆုံဆွေးနွေးမှုများကို အကျိုးရှိတဲ့ ခရီးစဉ်၊ အကျိုးရှိတဲ့  ဆွေးနွေးပွဲများအဖြစ်” သုံးသပ်ပါတယ်၊ ဒီကြေညာချက်မှာပဲ ၂၀၁၁ ခုနှစ်  ဒီဇင်ဘာလ ၂ ရက်နေ့၊ မြန်မာအစိုးရနဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ  အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးချိန်မှ စ၍ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ နှစ်နှစ်နီးပါး အပစ်အခတ်ရပ်စဲရေးကာလအတွင်း သျှမ်းပြည်တပ်မတော် (SSA-North) နှင့် မြန်မာ့တပ်မတော်စစ်ကြောင်းများ တိုက်ပွဲပေါင်း (၁၃၃)  ကြိမ်ဖြစ်ပွါးခဲ့ပြီး (၁၂၂) ကြိမ်ဟာ မြန်မာ့တပ်မတော်က  အပစ်အခတ်ရပ်စဲရေးစည်းကမ်းများကို တစ်ဘက်သတ်ချိုးဖောက်ပြီး  သျှမ်းပြည်တပ်မတော်တပ်ဖွဲ့များကို စစ်ဆင်ရေးဆင်နွှဲခြင်း ဖြစ်ပြီး (၁၁)  ကြိမ်ဟာ မြန်မာ့တပ်မတော်စစ်ကြောင်းများ  သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာလို့  ပြန်လည်တုန့်ပြန်တိုက်ခိုက်ရတဲ့ တိုက်ပွဲများဖြစ်တယ်လို့ ဖော်ပြပါတယ်၊  ပြီးတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏  ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီကို  သျှမ်းပြည်စည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့် နိုင်ငံတော်အစိုးရနှင့်  နိုင်ငံရေးဆွေးနွေးရေး ရည်ရွယ်ချက်များဖြင့်  ပြန်လည်ဖွဲ့စည်းကြောင်းကြေညာပြီး အစိုးရက ကျင်းပပြုလုပ်မည့်  တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်  လက်မှတ်ရေးထိုးပွဲဖြစ်မြောက်ရေးအတွက် ထောက်ခံကြောင်း အတည်ပြုပါတယ်၊  မြန်မာအစိုးရအနေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် နဲ့ လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (၃၁) ချက်အတိုင်း  လိုက်နာဆောင်ရွက်ပေးရန်ကိုလည်း ဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်၊
(၂) အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ
မြန်မာအစိုးရရဲ့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ (Union Peace Work Committee/UPWC) နဲ့  ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အို ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမမှာ ၂၀၁၃  ခုနှစ်၊ အောက်တိုဘာလ (၈) ရက်မှ (၁၀) ရက်အထိ  ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ဒီဆွေးနွေးကို လေ့လာသူများအဖြစ်  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်  မစ္စတာ ဗီဂျေနမ်ဘီယာ (Mr. Vijay Nambiar)၊ တရုတ်အစိုးရရဲ့  အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း (Mr. Wang Ying Fan)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များ၊  ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်အတွင်းမှ  တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးများ  ရိုးရာယဉ်ကျေးမှုဗဟိုကော်မီတီနှင့် ကချင်ပြည်နယ်  ရှမ်းမျိုးနွယ်စုများစာပေနှင့် ယဉ်ကျေးမှုကော်မီတီတို့မှ ကိုယ်စားလှယ်များ၊  ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Peace Talk Creation Group)  မှအဖွဲ့ဝင်များနဲ့ မြစ်ကြီးနားမြို့ခံလူကြီး ၁၀ ဦးတို့  တက်ရောက်ခဲ့ကြပါတယ်၊
ဆွေးနွေးပွဲက  အပစ်အခတ်ရပ်စဲရေးသဘောတူတဲ့အဆင့်ကို မရောက်ပေမည့် တိုးတက်မှုရှိတယ်လို့  ပြောရမှာပါ၊ စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများထပ်မံမဖြစ်ပွါးစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မီတီ (Joint Monitoring Committee)  ဖွဲ့စည်းဖို့နဲ့ ပူးတွဲစောင့်ကြည့်ရေးတွင် နှစ်ဘက်စလုံးမှ လိုက်နာရမည့်  ရှောင်ရန်အခြေခံမူ (၅) ချက်၊ စည်းကမ်းချက် (၁၈) ချက်ကိုအခြေခံပြီး  အသေးစိတ်စီမံချက် (Operation Plan) ချမှတ်နိုင်ရေးအတွက်  နှစ်ဘက်နည်းပညာအထောက်အကူပြုအဖွဲ့များ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူကြပါတယ်၊  မြန်မာအစိုးရဘက်က ကေအိုင်အိုကို ကြိုတင်ညှိနှိုင်းမှုဖြင့်  ကချင်ပြည်နယ်အတွင်း ပြည်သူများနဲ့ လွတ်လပ်စွာ  တွေ့ဆုံဆွေးနွေးတိုင်ပင်ခွင့်ပြုပါတယ်၊ 
အရေးအကြီးဆုံးကတော့ အစိုးရက ကျင်းပဖို့ ကြိုးစားနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအတွက် ညှိနှိုင်းပြင်ဆင်ဖို့ ကေအိုင်အို  ဋ္ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံ (Ethnic  Armed Groups Conference) တစ်ရပ်ကို အောက်တိုဘာလကုန်ပိုင်းမှာ  ကျင်းပခွင့်ပြုပြီး အဲဒီ တိုင်းရင်းသားညီလာခံမတိုင်ခင် အစိုးရရဲ့  တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုင်ရာ  စီမံချက်များကို ကေအိုင်အိုထံ ပေးပို့ဖို့ကို သဘောတူပါတယ်၊  နောက်ဆွေးနွေးပွဲများကို နှစ်ဘက်ညှိနှိုင်းပြီး  အမြန်ဆုံးကျင်းပကြဖို့ကိုလည်း သဘောတူကြပါတယ်၊
(၃) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ်အစည်းအဝေး
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၇)  ရက်မှ (၁၀) ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်၊  ကောင်စီဝင် အဖွဲ့ (၁၁) ဖွဲ့နဲ့ ကောင်စီဝင်ခွင့်ရဖို့ လျှောက်ထားတဲ့ အဖွဲ့  နှစ်ဖွဲ့က ကိုယ်စားလှယ်များ စုစုပေါင်း (၃၁) ဦး တက်ရောက်တယ်လို့ သိရပါတယ်၊ အဲဒီအစည်းအဝေးမှာ ကိုးကန့်အုပ်စုလို့အမည်ရတဲ့  “မြန်မာ့အမျိုးသားများဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)” ကို  အဖွဲ့ဝင်သစ်အဖြစ်လက်ခံခဲ့ပြီး  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး  (အေဘီအက်စ်ဒီအက်ဖ်/ABSDF) ကို နိုင်ငံရေး၊ စစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ်  လက်ခံခဲ့ပါတယ်၊ ဒါကြောင့် ဖက်ဒရယ်ကောင်စီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့နဲ့ မြန်မာကျောင်းသားတပ်မတော်တို့ပါဝင်တယ်လို့ ပြောရမှာပါ၊
 ဒီအစည်းအဝေးကနေ အရင်ချမှတ်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ  မူဘောင်များမှ အဓိကအချက်များ (အစိုးရနဲ့ ဆွေးနွေးရာမှာ  ခိုင်ခိုင်မာမာကိုင်ဆွဲထားရမည့်အချက်များ) ကို ထပ်မံအတည်ပြုပါတယ်၊  ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကေအိုင်အိုက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များညီလာခံကို တက်ရောက်ဖို့လည်း  ဆုံးဖြတ်ကြပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်  လက်မှတ်မထိုးခင် ကြိုတင် ဆောင်ရွက်ထားပြီးဖြစ်ရမည့် အချက်များ၊  သဘောတူစာချုပ်တွင် အဓိကပါဝင်ရမည့်အချက်များနှင့်  ပါဝင်လက်မှတ်ရေးထိုးတာဝန်ခံရမည့် ပုဂ္ဂိုလ်များ စတဲ့အချက်များကို  သဘောတူချမှတ်ကြပါတယ်၊
(၄) ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တို့၏ ပူးတွဲကြေညာချက်
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က  ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်၊ အဲဒီ ကြေညာချက်မှာ ကေအန်ယူ ဥက္ကဋ္ဌ  စောမူတူးစေးဖိုး နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ စပ်ယွတ်စစ်  တို့က ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပမည့် လက်နက်ကိုင်  တိုင်းရင်းသားခေါင်းဆောင်များညီလာခံကို သူတို့အဖွဲ့ခေါင်းဆောင်များ  တက်ရောက်မည့်အကြောင်းနဲ့ အဲဒီညီလာခံမှာ တင်ပြမည့် သူတို့ရဲ့ ရပ်တည်ချက်ကို  ဖော်ပြပါတယ်၊ ဒီခေါင်းဆောင်နှစ်ဦးဟာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ  ရန်ကုန်နဲ့ နေပြည်တော်ကို လာရောက်ပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မီတီကို  လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များပူးပေါင်းရေးဆွဲထားတဲ့  “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ”  ကိုရှင်းလင်းတင်ပြခဲ့ပါတယ်၊ အဲဒီမူဘောင်များနဲ့ အစိုးရဘက်က  တုန့်ပြန်ဆွေးနွေးမှုများကို ကျန်တိုင်းရင်းသားခေါင်းဆောင်များကို  ပြန်လည်ရှင်းပြပြီး နားလည်မှုနဲ့ ညီညွတ်မှုတည်ဆောက်နိုင်ဖို့ ဒီညီလာခံကို  သူတို့တက်ရောက်မယ်လို့ ဆိုပါတယ်၊
အဲဒီ ပူးတွဲကြေညာချက်မှာ ဖော်ပြထားချက်များအရ  လက်နက်ကိုင်တိုင်းရင်းသားများပူးပေါင်းရေးဆွဲတဲ့ မူဘောင်များမှာ (၁)  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးဖို့အတွက် (က)  လက်မှတ်ထိုးပြီးသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ထပ်မံအတည်ပြုရန်၊  (ခ) ပူးတွဲစစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ချမှတ်ရန်၊ (ဂ)  ပူးတွဲအပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ (ဃ) ဖြစ်ပေါ်လာသော  ပြဿနာများကို ဖြေရှင်းရန်အတွက်  ပူးတွဲငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်းရန်ဖြစ်ပါတယ်၊ (၂)  နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးအတွက် (က) နိုင်ငံရေးဆွေးနွေးပွဲတွင်  လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်၊ အစိုးရတို့ ပါဝင်ရန်၊ (ခ)  နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရနှင့်  လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ပူးတွဲစီမံခန့်ခွဲရန်၊ (ဂ) ၂၀၁၅  ခုနှစ်နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ရေးအတွက်  အာမခံချက်ရှိရန်၊ (ဃ) နိုင်ငံရေးဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊  အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေခွဲဝေမှု၊ သယံဇာတခွဲဝေမှု စသည့်  အရေးကြီးသည့်အချက်များပါဝင်ရန်ဖြစ်ပါတယ်၊ တစ်နိုင်ငံလုံး  အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း  နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်များကို  နှစ်ဘက်စတင်ဆွေးနွေးဆုံးဖြတ်ရန်နှင့် (၄) လအတွင်း  နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် တောင်းဆိုထားပါတယ်၊
ဒီခေါင်းဆောင်နှစ်ဦးဟာ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို တက်ရောက်ခဲ့ကြသူတွေ မဟုတ်ပါ၊  ကေအန်ယူက ဖက်ဒရယ်ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်ပေမဲ့ ဗဟိုကော်မီတီဝင်  ဖဒိုဒေးဗစ်တာကဘောက ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူကို ကိုယ်စားပြုပါဝင်ပါတယ်၊  ကေအန်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဖက်ဒရယ်ကောင်စီအစည်းအဝေးတွေကို မတက်ရောက်ပါ၊  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်မဟုတ်ပါ၊  ဒါကြောင့် ဖက်ဒရယ်ကောင်စီအရေးပေါ်အစည်းအဝေးကို မတက်ရောက်ကြတဲ့ ကရင်နဲ့  ရှမ်းခေါင်းဆောင်နှစ်ယောက်ရဲ့ ဖက်ဒရယ်ကောင်စီအရေးပေါ်အစည်းအဝေးပြီးစမှာ  သီးခြားထုတ်ပြန်တဲ့ပူးတွဲကြေညာချက်က ထူးခြားသလို ဖြစ်နေပါတယ်၊
(၅) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များညီလာခံ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၇) ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များပါဝင် တက်ရောက်တဲ့  ညီလာခံကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ  ကေအိုင်အို ဗဟိုဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပပါတယ်၊ မူလက နိုဝင်ဘာ  (၁) ရက်နေ့မှာ အပြီးသတ်ဖို့ဖြစ်ပေမည့် ဆုံးဖြတ်ချက်မကျနိုင်လို့  တစ်ရက်တိုးပြီး နိုဝင်ဘာ (၂) ရက်နေ့အထိ ကျင်းပရတာပါ၊ မြန်မာအစိုးရက  ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက  ကိုယ်စားလှယ်များကို မြစ်ကြီးနားကတဆင့် လိုင်ဇာကို သွားရောက်ဖို့  ခွင့်ပြုသလို ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများ၊  အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လေ့လာသူများကိုလည်း လိုင်ဇာကို  သွားရောက်ခွင့်ပြုပါတယ်၊ ကေအိုင်အိုကလည်း သူ့နယ်ထဲလာရောက်ကြတဲ့  ဧည့်သည်များကို တာဝန်ကျေကျေ ဧည့်ခံပြုစုပါတယ်၊ သတင်းသမားတွေကိုလည်း  ခေါင်းဆောင်များရဲ့တံခါးပိတ်အစည်းအဝေးကလွဲလို့ ညီလာခံဖွင့်ပွဲ၊ ပိတ်ပွဲ၊  သတင်းစာရှင်းလင်းပွဲများနဲ့ လိုင်ဇာမြို့အတွင်း အခြေအနေများကို လွတ်လပ်စွာ  သတင်းယူခွင့်ပေးပါတယ်၊ လေးရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံကနေ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် (၁၁) ချက် (11 Points of Common Position) ကို  ချမှတ်ခဲ့ပြီး ယင်းရပ်တည်ချက်များကို အစိုးရနှင့်  ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ  ညှိနှိုင်းရေးအဖွဲ့” (Nationwide Ceasefire Coordinating Committee/NCCC)  ကိုလည်း အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်၊ 
ဘုံသဘောထားရပ်တည်ချက် (၁၁) ချက်ကို လက်မှတ်ရေးထိုးကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  အထွေထွေအတွင်းရေးမှူး ခိုင်သုခ၊ ရခိုင်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးတွမ်ဇော်၊ ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဦးထွန်းမရတ်နိုင်၊  ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူးချုပ် ပူဇင်ကျင်း ၊ ဒီမိုကရက်တစ်  ကရင်အကျိုးပြုတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခွန်အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး  ဗိုလ်မှူးကြီးစောကျော်ဒါး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ ကြာခွန်ဆာ၊  မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ဦးစီးချုပ် ဖုန်ဒါးရွှင်၊  မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး  နိုင်ဟံသာ၊ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အိုက်ဖုန်း၊  ရှမ်းပြည်နယ်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စောခွန်ဆိုင်း၊ ဝ  အမျိုးသားအဖွဲ့ ဒုတိယဥက္ကဋ္ဌ တမဟာ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဇောင်းခရာ၊  နဲ့ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ဖြစ်ကြပါတယ်၊  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကိုယ်စားတက်ရောက်တဲ့ အတွင်းရေးမှူး (၂)  ဗိုလ်မှူးကြီး စိုင်းလှက သူ့အဖွဲ့အစည်းရဲ့ သဘောထားအရ လက်မှတ်မထိုးပါ၊
မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ဝ-ပြည်  စည်းလုံးညီညွတ်ရေးပါတီ (UWSP/A) နဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (မိုင်းလားအုပ်စု) (NDAA) တို့က ဒီ လိုင်ဇာညီလာခံကို မတက်ရောက်ကြပါ၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင် နိုဝင်ဘာ ၁၁၊ ၂၀၁၃
		