ကဗျာ

ညိုထက် (လမ်းသစ်ဦး) ● အခြေအနေကောင်းပါတယ်

ညိုထက် (လမ်းသစ်ဦး) ● အခြေအနေကောင်းပါတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉

အဲ့ဒီနေ့က အော်ဘာနီတွင် 10 ဒီဂရီ ဖာရင်ဟိုက်သာ ရှိခဲ့တယ်
ကျနော်လမ်းပေါ်လျှောက်လျက်တွေးနေမိတယ်
ကျနော် အခြေအနေကောင်းပါတယ်
တနေ့က နိထော်သောပွဲကို ရောက်တယ်
နိထော်သောပွဲဆိုတာ ကရင်နှစ်သစ်ကူးပွဲပေါ့
ကရင်လေးတွေ ဒုံးယိမ်းကကြတယ်
ရိုးရာတွေးတွေကြားရတယ်
ကရင်အမျိုးသားသီချင်းသံကြားတော့ မျက်ရည်ဝဲမိတယ်
နိထော်သောပွဲထဲ မိန်းမကိုတွေ့မိတယ်
ပွဲခင်းထဲကို အမှတ်မထင်ကြည့်မိရာက မိန်းမကိုတွေ့မိတာဖြစ်တယ်
ဓါတ်ပုံတွေရိုက်လို့ ပြုံးပျော်နေတယ်
မိန်းမပြုံးနေတာကို ကြည့်နေမိတယ်
ငါဘာလုပ်သင့်သလဲ
အခြေအနေကို နွေတညလို ရင်ဆိုင်မိတယ်
ကိုခင်ဝမ်းရဲ့ ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလည်ပေါ့
သားသားတယောက်တည်းရှိတဲ့အချိန် သွားတွေ့ဖြစ်တယ်
ကျနော့်ကို တွေ့တော့ ဗဟိန်းထက်ပျော်ပုံရတယ်
ကျေနပ်မိပါတယ်
အဲံဒီကနေ စာကြည့်တိုက်ကိုရောက်တယ်
သတင်းနားထောင်ဖြစ်တယ်
အမေရိကန်တွင် ဂါးဘားမန့် ရှတ်ဒေါင်းဖြစ်နေတဲ့သတင်း
နမ့်စီပလိုစီကို ကြိုက်မိတယ်
ဓိရာမိုနဲ့ အရိုးရဲ့သီချင်းတွေ နားထောင်ဖြစ်တယ်
မြန်မာသီချင်းတွေ ကောင်းလာတယ်
ကျနော်ကဗျာမရေးဖြစ်တာ ကြာပြီ
အော်ဘာနီတွင် 10 ဒီဂရီ ဖာရင်ဟိုက်သာရှိခဲ့တဲ့ အဲဒီနေ့က ကဗျာရေးချင်လာတယ်
မနေ့က ဘုရားကျောင်းတက်ဖြစ်တယ်
ဘုရားကျောင်းတက်ဖြစ်အောင် မိန်းမက စတင်ပေးခဲ့တယ်
ဘုရားကျောင်းတက်တဲ့အခါ မိန်းမကို မျှော်မိတယ်
အဲ့ဒီနေ့က အော်ဘာနီတွင် 10 ဒီဂရီ ဖာရင်ဟိုက်သာ ရှိခဲ့တယ်
မင်းကိုသတိရနေတာ နေ့တိုင်းပါ မိန်းမရယ် ယောက်ျားအခြေအနေကောင်းပါတယ်။

၂၈ – ၁ – ၂၀၁၉
ညိုထက် (လမ်းသစ်ဦး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts