ကဗျာ

စိုးခိုင်ညိန်း ● လွတ်ထွက်နေတဲ့ ငါး

စိုးခိုင်ညိန်း ● လွတ်ထွက်နေတဲ့ ငါး
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၁၈

ပြေးဝင်လာတဲ့ရှုခင်းက
ပစ်မှတ်ကို တည့်တည့်ထိမှန်ပါတယ်
သွေးစက်စက်ကျနေပေမဲ့ ငါက အရယ်မပျက်
ဒဏ်ရာဟာ နာကျင်ခြင်းထက်မပို။

မြင်နေရတာပဲ အသက်ငင်နေတဲ့ တိမ်တွေ
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖျောက်ဖျက်လိုက်ပေမဲ့
ငါ့မှာတော့ မထိမရှ မစိုမစွတ်။

ဆူးခက်ကြောက်တောင်တွေအကြား
ဒဏ်ရာအထပ်ထပ်နဲ့လည်း အကူးအခတ်မပျက်
အလေ့ကျ တောပန်းနှစ်ပွင့်ကြားက လျော့ရဲရဲ ပင့်ကူမျှင်မှာမှ
မှင်သက်ငြိတွယ်နေမိတဲ့ အဖြစ်။

ရှာဖွေနေတဲ့ သားကောင်ဟာ
ကြီးမားလွန်းလို့ မမြင်ဖြစ်ခဲ့ရတယ်။။

စိုးခိုင်ညိန်း
ဇန်နဝါရီ ၁၇၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts