ကမ်လူဝေး ● အမာရွတ် အသစ်နဲ့
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၇
အမာရွတ် အဟောင်းကို
အမာရွတ် အသစ်လုပ်ဖို့
အမာရွတ်ကို ဓားနဲ့လှီးထုတ်လိုက်သတဲ့
အသစ်ဟာ အဟောင်းထက် ပိုကောင်းရမယ်ဆိုပဲ။
ကောင်းလာလေမလားဆိုတဲ့
မျှော်လင့်ချက်နဲ့ နာကြင်မှုကို ကြိတ်ခံခဲ့
သွေးတွေလည်း ရဲရဲတောက်
ပိုးဝင်လို့ အနာရင်း
အမာရွတ် အသစ်ဟာ
အမာရွတ် မဖြစ်ခင်ကတည်းက
ဒုက္ခတွေလှလှကြီး ပေးခဲ့။
အချိန်တန်တော့
အမာရွတ် အသစ်ဟာ
အမာရွတ် အဟောင်းနေရာမှာ
ခန့်ခန့်ကြီးနေရာယူလို့။
အမာရွတ်ဟာ အမာရွတ်ပဲဖြစ်ရဲ့
ဟောင်းခြင်းနဲ့ သစ်ခြင်းဟာ
လူကြားကောင်းအောင် ပြောစရာ
ဇာတ်လမ်းပမာသာဖြစ်လို့
အမာရွတ်ဟာ အမာရွတ်အဖြစ်
ရွံရှာစရာ ဒီအတိုင်း။ ။
ကမ်လူဝေး
illustration : Shanmukha Inkas