(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆
သတင်းစာဆရာကြီး ဦးဝင်းတင် (၁၉၃၀ မတ် ၁၂ ဖွား -၂၀၁၄ ဧပြီ ၂၁ ဆုံး) အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟံသာဝတီသတင်းစာ မန္တလေးမြို့ မှာ ပြောင်းရွေ့ ဖွင့်လှစ်ခြင်း ၄၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတခုကို အောက်တို ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်း ရှိ မန္တလေးအသင်း (ရန်ကုန်) ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဆရာ ဦးဝင်းတင်ရဲ့လက်အောက် ဟံသာဝတီ သတင်းစာတိုက်မှာ လုပ်ကိုင်ခဲ့ကြဖူးတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းစာဆရာ များက ဦးစီးပြီး အခု အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာ ဦးဝင်းတင်ရဲ့ မိတ်ဆွေများဖြစ်တဲ့ ဆရာ မောင်မိုးသူ (ဘကြီးမိုး)၊ ဆရာ ဂုဏ်ထူး ဦးသိန်းနိုင်နဲ့ ဆရာဦးဝင်းတင်ရဲ့ မိတ်ဆွေရင်း ဦးအုန်းထွန်း တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ပွဲမှာ မန္တလေး ဟံသာဝတီ တိုက်ထွက် အယ်ဒီတာ၊ အုပ်ချုပ်ရေးအရာရှိ၊ သတင်းထောက်၊ ဆောင်းပါးရှင် တချို့က ဆရာ ဦးဝင်းတင် တယောက် မန္တလေး ဟံသာဝတီ သတင်းစာ မှာ စွမ်းဆောင်ခဲ့တဲ့ စာပေ၊ စာနယ်ဇင်း စွမ်းဆောင်မှုများ၊ အောက်ခြေ ဝန်ထမ်းများ သက်သာချောင်ချိရေး ကြိုးစားပေးခဲ့တဲ့ အုပ်ချုပ်ရေး စွမ်းဆောင်မှုနဲ့ စေတနာ ကြီးမားမှုများကို ပြန်လည် ဖော်ထုတ် ဂုဏ်ပြုခဲ့ကြပါတယ်။ ။ ဆရာ မောင်မိုးသူနဲ့ ဆရာ ဂုဏ်ထူး ဦးသိန်းနိုင်တို့ကလည်း ဆရာဦးဝင်းတင်ရဲ့ မန္တလေး ဟံသာဝတီ သတင်းစာ ကာလ တဝိုက် အမှတ်တရများကို ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ ဆရာဦးဝင်းတင် ရေးသားခဲ့တဲ့ စာအုပ်များ၊ စီစဉ် တည်းဖြတ်ခဲ့တဲ့ စာအုပ်များကိုလည်း ခင်းကျင်း ပြသခဲ့ပါတယ်။

မိုးမခ ကလည်း ဆရာဦးဝင်းတင်နဲ့ ဟံသာဝတီသတင်းစာ (မန္တလေး) ကို ဂုဏ်ပြုတဲ့ အနေနဲ့ မိုးမခမဂ္ဂဇင်းများနဲ့ အမှတ်တရ ဆောင်းပါး စာစောင်များကို အထိမ်းအမှတ်ပွဲမှာ ဝေငှခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ အာဏာသိမ်း စစ်ကောင်စီဟာ ရန်ကုန် ဟံသာဝတီ သတင်းစာကို ပြည်သူပိုင်းသိမ်းခဲ့ပြီး ၁၉၆၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ မန္တလေးမြို့ကို ပြောင်းရွှေ့ဖွင့်ခဲ့ရာ ဆရာ ဦးဝင်းတင်က အယ်ဒီတာချုပ် အဖြစ် ၁၀ နှစ် နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၈ ခုနှစ် စာရေးဆရာ၊သတင်းဆရာနဲ့ သခင်ခေတ် နိုင်ငံရေးသမားကြီး ဆရာ သိန်းဖေမြင့် ကွယ်လွန်ချိန်မှာ သိန်းဖေမြင့် အမှတ်တရ စာတမ်းဖတ်ပွဲကို ဆရာ ဦးဝင်းတင်က အပတ်စဉ် ပြုလုပ်နေတဲ့ စနေစာပေဝိုင်းမှာ ထည့်သွင်း ပြုလုပ်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်ကောင်စီ အစိုးရက သတင်းစာတိုက်ကို ပိတ်သိမ်းခဲ့ပြီး ဆရာဦးဝင်းတင်ကိုလည်း ရာထူးကနေ အတင်းအကျပ် အနားယူခိုင်းခဲ့ကြောင်း သိရှိရပါတယ်။
ပွဲမှာ မိုးမခ ကလည် မိုးမခမဂ္ဂဇင်းများနဲ့ အမှတ်တရ ဆောင်းပါး စာစောင်များ ကို မေတ္တာလက်ဆောင် ဝေငှခဲ့ပါတယ်။
ဆရာဦးဝင်းတင် ဆက်စပ် စာအုပ်များ
ဆရာဦးဝင်းတင်ရဲ့ မိတ်ဆွေကြီး ဦးအုန်းထွန်း၊ ဗိုလ်တထောင်နဲ့ ဟံသာဝတီ မန္တလေး သတင်းစာ အယ်ဒီတာ ဦးရဲထွဋ် အပါအဝင် တက်ရက်လာကြသည့် ဧည့်ပရိသတ်များ
သတင်းရေးသားသူ – ငြိမ်းချမ်းအေး
မိုးမခ
Moemaka Media
Email : editors@moemaka.net
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemakaမှတ်ချက် —
ဆရာ ဦးဝင်းတင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် မန္တလေးမြို့ကို ပြောင်းရွှေ့ သွားရပုံ၊ နောက်ဆုံး ရာထူး က အနားယူခံထိခဲ့ပုံတွေကို မိုးမခ ဝိုင်းတော်သား ငြိမ်းချမ်းအေးရဲ့ စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် ဆောင်းပါးများမှာ အကျယ်ဖတ်ရှု နိုင်ပါတယ်။http://moemaka.com/archives/21380
http://moemaka.com/archives/21402