ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည်

ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည်

(မိုးမခ) ဇွန် ၆၊ ၂၀၁၆

ကမ္ဘာကြီးက ကျဉ်းလာသလား
နည်းပညာက ကျယ်လာသလား
နှစ်ကာလများစွာ
ပျောက်ဆုံးသွားခဲ့
သူငယ်ချင်းတယောက်ရဲ့အသံ
တယ်လီဖုန်းထဲကနေ
ဒီနေ့ကြားတယ်။

တရားအတွက် တိုက်ပွဲဝင်ရင်း
ဘဝကိုရင်းခဲ့တယ်
အချိန်ကို ရင်းခဲ့တယ်
တို့အသက်ကြီးပါပြီလို့
သူငယ်ချင်းက တိုးတိုးဆိုတယ်။

မက်ခဲ့တဲ့ အိပ်မက်တွေက
ဒီအတိုင်းပြီးခဲ့ပြီလား
ကုန်ဆုံးသွားတဲ့နာရီတွေမှာ
ခြေရာတော့ ကျန်ရစ်ခဲ့
ခြေရာတွေ အဖြစ်အပျက်တွေက
မြန်မြန်ဆန်ဆန် ဖြတ်သန်း
သမိုင်းဇာတ်လမ်းတွေ။

အဲဒီသမိုင်းနဲ့အတူ
ငါ့ရဲ့သူငယ်ချင်းက
ကြီးထွား လူလားမြောက်
ပိုမိုပြောင်မြောက်တဲ့ အိပ်မက်တွေနဲ့
ရှေ့ဆက်ဖို့ကြိုးစားနေလေရဲ့။

ငါဝမ်းသာ ကြည်နူးမိ
တယ်လီဖုန်းက
နှစ်များစွာဝေးကွာ
သူငယ်ချင်းရဲ့အသံကိုသယ်လာ
ကမ္ဘာကြီးက ကျဉ်းလာသလား
နည်းပညာက ကျယ်လာသလား
ဒီနေ့စကားစမြည်။ ။

ကမ်လူဝေး

One thought on “ကမ်းလူဝေး ● သူငယ်ချင်းနဲ့ စကားစမြည်

  1. ကလောင်အမည်ကဝတ်စနှစ်လုံးပေါက်ပိုနေပါတယ်။ အမှန်က ကမ်လူဝေးပါ

Comments are closed.