![]() |
Photo Aung Htet |
ငြိမ်းချမ်းအေး – ‘မိုးတွေ ရွာစွေ’ နဲ့ ဒီမိုးကို မခံစားရက်ဘူး
(မိုးမခ) ၁၀ အောက်တိုဘာ၊ ၂၀၁၅
‘မိုးတွေရွာစွေ’ နဲ့
ဒီမိုးကို မခံစားရက်ဘူး..။
ခေါင်းရွက်ဗျပ်ထိုးဈေးသည်လေးတွေ
လက်ပွေ့သမားတွေ
အထမ်းသည်တွေ
တွန်းလှည်းသည်တွေ
ထမင်းချိုင့်ကလေးတွေ ကိုယ်စီနဲ့
အိမ်အပြန် စိတ်စောနေကြတဲ့
အလုပ်သမလေးတွေ
မြို့ပြညနေရှုခင်းအောက်က
အားလုံးရဲ့
ဘဝအမောတွေက
မြစ်ရေလို ပြည့်လျှံတက်နေတယ်။
ဘင်္ဂလားပင်လယ်အော်က
လေဖိအားနည်းရပ်ဝန်းလို
ခေတ်စနစ်ဆိုးရဲ့ အထုအထောင်းမှာ
လူအများရဲ့
အသက်ရှုမဝ အားနည်းနေဟန်က
သိပ်ကို ပေါ်လွင်လွန်းနေတယ်။
ဘဝခါးခါးတွေအတွက်
ဒုက္ခတွေ စိုစွတ်ရအောင်
ကံဆိုးမသွားရာ မိုးလိုက်လို့
မရွာစေချင်ဘူး..။
တောကြားတောင်ကြားက
စစ်ဘေးရှောင်တွေ
ဒုက္ခသည်စခန်းက
မရေရာတဲ့ မျှော်လင့်ချက်မဲ့
ဘဝပိုင်ရှင်တွေ
လယ်သမား၊ အလုပ်သမား
လူအများအတွက်
ဒီတိုင်းပြည်မှာ
ဘုရားကပေးတဲ့ မိုးတောင်မှ
စိမ်းလန်းခြင်း ငြိမ်းချမ်းခြင်းကို မဆောင်နိုင်
စိုစွတ်လေးလံ ဒုက္ခနံ့ တထောင်းထောင်းထွက်နေတယ်။
ဒီလိုအနေအထားမှာ..
ဒေါ်စောမြဧကြည်ရဲ့ ‘မိုးဒေဝါ’ ကိုခံစား
ဂန္တဝင်ဂီတနားထောင်
ခင်ဝမ်းကို သတိရ
ငါ့ဖြစ်တည်မှုကို လိပ်ပြာမလုံဘူး..။
‘မိုးတွေရွာစွေ’ နဲ့
ဒီမိုးကို မခံစားရက်ဘူး..။
ငြိမ်းချမ်းအေး
၀၈ အောက်တိုဘာ၊ ၂၀၁၅