ခက်ဦး – ဆက်ထုံးအမှတ် မတ်၂၇

ခက်ဦး – ဆက်ထုံးအမှတ်  မတ်၂၇
(မိုးမခ) ဧပြီ ၂၊ ၂၀၁၅

ကြွက်မနိုင်ရင်
ကျီမပြောနဲ့
လယ်တောလည်း
မီးရှို့ဖို့ဝန်မလေးဘူး
ကင်ပေတိုင် ကြီးစိုးတဲ့ခေတ်   ။

အပ်တစ်ချောင်းအတွက်
ကောက်ရိုးတစ်ပုံမဟုတ်ဘူး
သည်တော ဟိုတောင်
မြေလှန် အစဖျောက်ဖို့အလွယ်လေး
ဒါ ကင်ပေတိုင်တွေ ကြီးစိုးတဲ့ခေတ်    ။

ပေါ့သလား ငန်သလား ကြေးမများနဲ့
အရည်စိမ်သလေး မစိမ်သလေး စံမရွေးနဲ့
သူတို့ချပေးရင် လွတ်လပ်ရေးပဲ
အဲဒါ
ကင်ပေတိုင်တွေ ထွားကျိုင်းတဲ့ခေတ်    ။

တုတ်နဲ့ပဲရိုက်ရိုက် ခြေနဲ့ပဲကန်ကန်
ကားပဲဖျက်ဖျက် တိုက်ပဲဖြိုဖြို
မြေပဲသိမ်းသိမ်း သွေးအလိမ်းလိမ်း
ချုပ်ဖမ်းလည်း လက်ပိုက်နေရ
ချောင်ပိတ်ရိုက်လည်း အံကြိတ်နေရ
အခါခါ ဆဲ​ရေးတိုင်​ထွာ
ပါးဘယ်ညာ အခါတစ်ရာ ချပလေ့စေ
ထောင်ထဲ ချောင်ထဲက အော်သံများ
အားလုံး ကောင်းပါသည် ခင်ဗျား     ။

အဲ့ဒါပဲပေါ့  ပက်​ပက်​စက်​စက်
ကင်ပေတိုင်တွေ  မဟားတရား
အတားနဲ့အဆီးမဲ့ ယုတ်ကြမ်းရမ်းကား
မိုးလုံးပြည့်အောင်  လမ်းသလားတဲ့ခေတ်   ။

ခံပြင်းတဲ့ အုံ့ပူ လှိုက်ဆူလို့ ရှိန်မြင့်
ပွင့်ချပ်နံရံတွေ စုံကန်ဖွင့်တော့
သွေးနှင်းဆီတွေ ဖြန်းကနဲပွင့်တယ်……
အနီးဆုံးရန်သူကိုရှာတိုက်ကြ
အနီးဆုံး  ရန်သူကို  ရှာတိုက်ကြ
အနီးဆုံး  ရန်သူကို  ရှာ  တိုက်  ကြ  တဲ့…..
သတ္တိမရွံ့ နှုတ်မဆွံ့သူရဲ့
တိကျပြတ်သား တပ်ထွက်စကားမှာ
အဖိနှိပ်ခံတွေ မထွေပြား မဝေဝါး
ဘယ်တပ်သားမှ ဘာသာပြန်မမှားခဲ့ဘူး
အဲ့လိုနဲ့
နွေဦးဟာ
ချွေး သွေး အသက်တွေနဲ့
ရာဇဝင်တွင်အောင် အလှထူးတော့တယ်    ။

ထထကြွကြွ ရှိခဲ့တယ်
ပစ်ပစ်ခတ်ခတ်ရှိလိမ့်မယ်
နွေကဦးတဲ့ အဲဒီ့ နွေဦးမှာ…..
အယုတ်သဘောတွေမစွဲ ကံကြမ္မာ အလှည့်မယ်
ထုတ်ပြောမနေလည်း မှန်လာရဲ့ကွယ်
တကယ့်ကို ၊
ဥသြတွေလည်း အသံသာခဲ့တယ်  ။
တစ်နေ့ ၊
ပျံလာခဲ့မယ်  ။
ဟုတ်တယ်  ၊
ပြန်လာရဦးမှာပကွယ်     ။

၂၅ . ၃ . ၂၀၁၅