မိုးမခကို ပေးတဲ့စာ လှကျော်ဇော

လှကျော်ဇော – အမကြီး ဒေါ်ခင်သန်းမြင့်သို့ အိတ်ဖွင့်ပေးစာ


လှကျော်ဇော – အမကြီး ဒေါ်ခင်သန်းမြင့်သို့ အိတ်ဖွင့်ပေးစာ
(မိုးမခ) မတ် ၂၄၊ ၂၀၁၅

(မတ်လ ၁၆ ရက်နေ့က လောက်ကိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ခမရ (၆)က ခေတ္တတပ်ရင်းမှူး- ဗိုလ်မှူးရာဇာမင်းထွန်း ရဲ့မိခင် ဒေါ်ခင်သန်းမြင့်နှင့် တွေ့ဆုံမေးမြန်းချက်ကို အောက်ပါနေရာမှာကြည့်ပါ။ (http://thevoicemyanmar.com/index.php/article/item/6147-lkt))

အစ်မကြီး ဒေါ်ခင်သန်းမြင့်ရှင့် …

မိဘအပေါ် တာဝန်ကျေပွန်တဲ့ တဦိးတည်းသောသား ရုတ်တရက် မိမိတို့ဘဝထဲမှ ထာဝရထွက်ခွာသွားရမှုအပေါ်  ကျန်ရစ်သူမိဘများအနေနဲ့ မိသားစုများအနေနဲ့ ဘယ်လောက်ပူဆွေး သောက ရောက်နေမယ်ဆိုတာ စာနာနားလည်မိကြောင်း ပထမဆုံးပြောပါရစေရှင့်။

ဒါ့အပြင် အစ်မကြီးအနေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မိမိရဲ့ပူဆွေးသောက အကြောင်းဇာမချဲ့ပဲ “အထက်က အကြီးအကဲတွေ စီစဉ်ကွပ်ကဲမှု ညံ့ဖျင်းတာနဲ့ တာဝန်ပေးအပ်မှုမညီမျှမှုတွေကြောင့် တပ်မတော်မှာရှိတဲ့ ကျန်တဲ့အရာရှိစစ်သည်တွေရဲ့မိသားစုဝင်တွေကိုလည်း ကျွန်မတို့လို ထပ်ပြီးတော့ မကြေကွဲ၊ မခံစားစေချင်လို့ ပြောရတာပါ” ဆိုပြီး တပ်မတော်တွင်း တရားမျှတမှုမရှိပုံတွေကို မိမိခံစားချက်အရင်းခံအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမှုတွေကို လေးစားထောက်ခံ လိုက်ပါတယ် ဆိုတာလည်း ပြောပါရစေရှင့်။

မကျေနပ်လည်းမကျေနပ်စရာပါပဲ။

တကယ်တော့ တပ်မတွေဟာ ပုံမှန်အတိုင်းဆိုယင် (၇)ရင်း တက် (၃) ရင်းနား (၄) လတခါလဲ စနစ်ပါ။ တခါနား အနည်းဆုံး (၃) လ – ပထမလ လုံးဝအနားယူ၊ ဒုတိယလ တပ်ပြန်ဖွဲ့စည်း၊ စစ်လေ့ကျင့်ခန်းများပြန်ဆင်း၊ တတိယလ စစ်ထွက်ဖို့ပြင်ဆင် … လို့ သတ်မှတ်ထားတာပါ။

အခုတော့ ကချင်စစ်မြေပြင်မှာ (သူတို့အဆို ရွပ်ရွပ်ချွံချွံ လနဲ့ချီတိုက်ပြီး) ပြန်လာတဲ့ သူရဲကောင်းကြီးတဦးကို လူမမာရုပ်လည်းပေါက်နေရက်နဲ့ (၅)ရက်ပဲ နားခိုင်းပြီး ရှေ့တန်း(အန္တရာယ်ကြီးတဲ့နေရာ) ပြန်တက်ခိုင်းတာကတော့  အစ်မကြီးဒေါ်ခင်သန်းမြင် စွပ်စွဲသလို “သေစေချင်ရော့သလား”လို့ တကယ့်ကို ထင်မယ်ဆိုရင်လည်း ထင်စရာပါပဲရှင်။

“အထက်လူကြီးတွေက အောက်ခြေအရာရှိ၊ စစ်သည်တွေကို မိမိတို့ရင်ဝယ်သားလို မဆက်ဆံပဲ သူတို့လုပ်ချင်သလို ခိုင်းစေတာဟာ လူ့အသက်ပေါင်းများစွာကို ဖြုန်းတီးနေတယ်” တဲ့။

ဟုတ်ပါတယ်။ ရှေ့တန်းမှာ တာဝန်တွေကျေပွန်စွာထမ်းဆောင်ပြီး မောမောပန်းပန်းနဲ့ပြန်လာတဲ့ တပ်ရင်းမှူးလေးဟာ တပ်မမှူးကိုလည်း သွားနှုတ်ဆက် ကန်တော့ရှာပါတယ်။ (လက်ချည်းတော့ ဟုတ်ဟန်မတူ)။ ဒါပေမဲ့  “စည်းစိမ်မကွာ မင်းချမ်းသာ” ဖြစ်နေကြတဲ့ အထက်လူကြီး (ဒီနေရာမှာတော့ တပ်မမှူး) က မညှာမတာ မထောက်မထားနဲ့ ရှေ့တန်းပဲ ပြန်လွှတ်လိုက်ပါတော့တယ်။ ရှေ့တန်း ပြန်ရောက်ပြီး (၃) ရက်အကြာမှာ ကျဆုံးသွားပြီဆိုတဲ့သတင်း မိသားစုဆီ ရောက်လာတာပါ။

ဒီလိုဆိုတော့ “ကျွန်မသား တပ်မတော်သားတဦးအဖြစ် “တရားသောစစ်ပွဲ”ကို ဆင်နွှဲရင်းကျဆုံးရတာကိုကျေနပ်မိတယ်” လို့ပြောတဲ့ အစ်မကြီး ဒေါ်ခင်သန်းမြင့်ရှင့် … ကျဆုံးသွားရတဲ့သားကရော သူတာဝန်တွေ ထမ်းဆောင်သွားရတာ တရားမျှတမှုရှိတယ်လို့  ခံယူသွားရဲ့လား။ သူတိုက်ခဲ့ရတဲ့ တိုက်ပွဲတွေကိုရော“တရားတဲ့စစ်ပွဲတွေ”လို့ ခံယူသွားသလား။ သူအပါအဝင် သူနဲ့အတူကျဆုံးသွားတဲ့ တခြားစစ်သည်များရော ဘယ်လိုခံယူသွားကြသလဲ။

ဒီနေရာမှာ “တရားသောစစ်ပွဲ” ဆိုတာကို အစ်မကြီးဒေါ်ခင်သန်းမြင့်က ဘယ်လိုအဓိပွာယ်ဖွင့်ဆိုတယ် မသိရပေမယ့် ကျွန်မ ယေဘူယျနားလည်ချက်ကတော့ မတရားမှုများကို ခုခံတားဆီးခြင်း တရားမျှတမှုများကိုအသက်ပေးပြီး ကာကွယ်ခြင်းပါ။

ကျွန်မတို့ “ဗမာ့တပ်မတော်ကြီး” “တရားသောစစ်ပွဲကြီး”ဆင်နွှဲနေတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ တိုင်းပြည်ကိုလည်း အကြိမ်ကြိမ်ကယ်တင်ခဲ့ပြီးပါပြီလို့ သူတို့နှုတ်ကတော့ တဖွဖွ ပြောနေခဲ့ကြတာပါ။ တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ အရပ်ရပ်ကို ပြိုင်ဘက်မရှိ စိတ်ကြိုက်တဦးတည်း ချုပ်ကိုင်လာခဲ့တာလည်း ၁၉၆၂ ခုနှစ်ကစလို့ အနှစ် (၆၀) နီးပါး ရှိနေပါပြီ။

ဒါဖြင့်ရင် ဘာကြောင့်များ “ဗမာ့တပ်မတော် ”က ချစ်လှပါတယ်ဆိုတဲ့ ဗမာပြည်သူများ (ယခုတလော တိုက်ပွဲများအတွင်း တဖြုတ်ဖြုတ်ကျဆုံးနေရတဲ့ အောက်ခြေစစ်သည်များအပါ) ဆင်းရဲတွင်း နက်သထက်နက်နေရပြီး  “တရားသောစစ်ပွဲ”ကြီးကို ကျည်ကွယ်မျက်ကွယ်အရပ်ကနေ အမိန့်ပေး တိုက်ခိုင်းနေတဲ့ (အခုတပ်မမှူးအပါအဝင်) ခေတ်အဆက်ဆက် … တိုင်းမှူးများ၊ ဗိုလ်ချုပ်များကဘယ်လိုနည်းနဲ့ အခုလောက် ၁၀ သက်စားမကုန်နိုင်တဲ့ ဥစ္စာပစ္စည်း ဓနတွေ စုဆောင်း ရရှိခဲ့ရတာလဲ။

ဒီအောက်ခြေစစ်သည်တွေ ဘယ်သူတွေအတွက် အသေခံ၊ အဆင်းရဲ အပင်ပန်းခံပြီး ဒီစစ်ပွဲတွေကို တိုက်ပေးနေကြတာလဲ။

အစ်မကြီး ဒေါ်ခင်သန်းမြင့်အပါအဝင် တပ်မတော်သားမိသားစုဝင်များ စဉ်းစားကြည့်ပါ။

အစ်မကြီးကိုယ်တိုင်လည်း(အငြိမ်းစား)စစ်ဗိုလ်ကတော်ပါ။ ပင်စင်ယူပြီး နေစရာအိမ်တောင်မရှိလို့ ဆိုထားပါတယ်။ မုဆိုးမဖြစ်သွားရတဲ့အစ်မကြီးချွေးမရဲ့အခြေအနေကရော ဘာထူးလို့လဲ။

တလောက သူတို့စစ်ဗိုလ်ချုပ်အချင်းချင်းအကြား အဝေမတည့်မှုတွေဖြစ်ပြီး သတင်းတပုဒ်ပေါက်ထွက်လာပါတယ်။ ဗိုလ်ချုပ်တဦးရဲ့အိမ်ကို ကုလသမဂွအဖွဲ့အစည်းတခုကို ငှားထားရာမှာ တလဒေါ်လာ တသောင်းကျော် (ကျပ်သိန်း ၁၀၀ ကျော်) ရတယ် ဆိုပဲ။ အဲဒီဗိုလ်ချုပ်က အဲလိုအိမ်မျိုး ဆယ်ဂဏန်း အချို့ရှိဆိုပဲ။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်မှာစိုးရတာကြောင့် တယောက်ယောက်က ဝင်ဟန့်ထင်ပါရဲ့။ တခွန်းစနှစ်ခွန်းစလောက်ပဲ ဗလုံးဗထွေးကြားလိုက်ရပြီး သတင်းက ဆုတ်စမြုပ်စ ပျောက်သွားပါတော့တယ်။

ဒါပေမဲ့ သူတို့အုပ်စိုးခဲ့တဲ့ နှစ် ၆၀ နီးပါး အအုပ်စိုးခံ တိုင်းရင်းသားပြည်သူတွေဘဝကတော့ အရင့်အရင် ဘယ်ခေတ်ကနဲ့မှ မတူအောင် ဆင်းရဲတွင်း နက်သထက်နက် ဒုက္ခပင်လယ်ဝေကာ နေစရာမရှိ၊ စားစရာမရှိ ဖြစ်နေရတဲ့သတင်းတွေကို အစ်မကြီးလည်း ကြားနေသိနေမှာပါ။

ကဲ … ဒီလောက်ဆိုရင်တော့ “တရားသောစစ်ပွဲ” တိုက်ရင်း ကျဆုံးသွားရတဲ့စစ်သည်တော်များ – အသက်စွန့်ရကျိုး နပ်မနပ်၊ ကျန်ရစ်သူများ ကိုယ်ဟာကိုယ်သာ စဉ်းစားကြည့်ကြပါတော့။

ကျဆုံးစစ်သည်များကို သနားလှချည်ရဲ့ ဖြစ်နေကြပြီး ရက်ရက်ရောရောအလှူပေးနေကြတဲ့ (ပြည်တွင်းစစ်ကြီးအတွင်း ကျဆုံးခဲ့ရတဲ့သူအားလုံးရဲ့သွေးတွေ အလောင်းပုံတွေပေါ်ကနေ ကျိကျိတက်ချမ်းသာနေသူများ) ကို တောင်းဆိုပါရစေ။ တကယ်ပဲ ရှေ့တန်းကစစ်သည်လေးများကို သနားကြတယ်ဆိုယင် ပြည်တွင်းစစ်ကြီးကို ရပ်စဲဖို့ ဝိုင်းဝန်းတောင်းဆိုလုပ်ဆောင်ကြပါ။ အခုလို“အမုန်းတရား” တွေဟောပြီး ပြည်တွင်းစစ်ပိုနက်ရှိင်းအောင် မလုပ်ကြပါနဲ့။

ထို့အတူ အစ်မကြီးဒေါ်ခင်သန်းမြင့် အပါအဝင် ဗမာ့တပ်မတော်က မိသားစုဝင်များ (အထူးသဖြင့် တပ်မတော်ရဲ့ကောင်းမွေတွေကို မစံစားရဘဲ ဆိုးမွေအမျိုးမျိုးကို ကုန်းရုန်းခံနေကြရတဲ့ အောက်ခြေအဆင့်များ)ကို ကျွန်မတိုက်တွန်းပြောဆိုပါရစေ။

ကျွန်မတို့ပြည်ထောင်စုသား ညီနောင်အချင်းချင်းကြား(ကိုးကန့်လူမျိုးတွေကိုလည်း နအဖက တိုင်းရင်းသား (၁၃၅) မျိုးထဲက တမျိုးအဖြစ် သတ်မှတ်ပေးထားခဲ့ပါတယ်။) တိုက်နေရတဲ့ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဝိုင်းဝန်း ကြိုးစားအားထုတ်ကြရအောင်။ ပြည်တွင်းစစ်ကြီးဟာ အစ်မကြီး ဒေါ်ခင်သန်းမြင့်ပြောသလိုပါပဲ … တကယ်လည်း “လူ့အသက်ပေါင်းများစွာကို ဖြုန်းတီးပစ်နေပါတယ်။” ဒီပြည်တွင်းစစ်ကြီးအတွင်း ဗမာ့သားကောင်း သမီးကောင်းမြောက်မြားစွာ သေကျေခဲ့ရပါတယ်။ တိုင်းပြည်အတွက် နှမြောတသစရာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဆုံးရှုံးမှုကြီးပါ။ အချင်းချင်းအကြား မတိုက်ခိုက်ကြရဘဲ မသေဆုံးကုန်ကြရဘဲ အားလုံးတိုင်းပြည်တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးများ အတွက်သာ ဝိုင်းပြီး စည်းလုံးညီညွှတ်စွာ တစိတ်တည်းတဝမ်းတည်း လုပ်ဆောင်ကြရင်ဖြင့် တိုင်းပြည် အတွက် ဘယ်လောက်ကောင်းလိုက်မလဲ  စဉ်းစားကြည့်ကြပါ။

ဒါကြောင့် ဗမာပြည်ကြီး သာယာဝပြောရေးအတွက် အနှောင့်အယှက်အကြောင်းဆိုးကြီးဖြစ်နေတဲ့ “ပြည်တွင်းစစ်ကြီး”   ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး   ရရှိအောင် တတပ်တအားအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းကြရအောင်ပါ။ “ပြည်တွင်းငြိမ်းချမ်းရေး”ရမှသာလျှင် ကျွန်မတို့ရဲ  နောင်မျိုးဆက်တွေ စိတ်အေးချမ်းသာ နေနိုင်ပါလိမ့်မယ်။ ဒါမှသာ အစ်မကြီးဒေါ်ခင်သန်းမြင့်ပြောတဲ့ “ကျွန်မတို့လို ထပ်ပြီးတော့ မကြေကွဲ မခံစားစေချင်လို့” ဆိုတဲ့ အခြေခံစိတ်စေတနာကောင်းကိုလည်း လက်တွေ့အရ ဖော်ပြနိုင်မှာဖြစ်ပါတယ်။

အစ်မကြီးဒေါ်ခင်သန်းမြင့်တို့မိသားစု ပရိဒေဝမီးကို တတ်နိုင်သမျှ အားတင်းပြီး ဖြေနိုင်ပါစေ။

မေတ္တာဖြင့်

လှကျော်ဇော။
၂၁-၃-၂၀၁၅

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts