(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၄
အချစ်အပေါ် တန်ဖိုးထားလေစေရန်၊အချစ်မေတ္တာတို့အပေါ် လိမ်လည်လှည့်ဖြားပါက ဒုက္ခ ရောက်တတ်ကြောင်းသိရှိစေရန်၊ အချစ်၊မေတ္တာကို အသုံးပြု ကလဲ့စားချေပါက မိမိပြန်ခံရကြောင်း သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး လပ်ကီးဆဲဗင်းရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ တင်ဆက်လိုက်သည့် “ နှလုံးသားဖြင့်ပြုလုပ်သည် ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအထူးပွဲကို ရန်ကုန်မြို့ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသခဲ့သည်။
သစ္စာရဲရဲနီ မှာ ချမ်းသာကြွယ်ဝပြီး ဓနဂုဏ်မောက်မာသည့် ဦးသစ္စာ၏ သမီးဖြစ်၏။ အိမ်မှ ဒရိုင်ဘာ၏ သား သီဟ၏ ချစ်ရေးဆိုခြင်းကို ခံရသည့်အခါ မာနခေါင်ခိုက်နေသည့် သစ္စာရဲရဲနီက သီဟအား ရယ်စရာ၊ကစားစရာ လူတစ်ယောက်ပမာ သဘောထားကာ နည်းမျိုးစုံနှင့် အနိုင်ကျင့် နှိပ်စက်သည်။ သစ္စာရဲရဲနီ၏ အစ်ကို လူရိုးလူအေး မိုးနီက အမြင်မတော်၍ ဝင်ရောက်ဟန့်တားသော်လည်း အရာမထင်။သစ္စာရဲရဲနီ အား အချစ်ဦး အဖြစ် ရူးရူးမူးမူး ချစ်နေသည့် သီဟ ကလည်း အန္တရာယ်ကိုပင် အမှု မထားပဲ မိမိ အချစ်ကို ယုံကြည်လက်ခံလာစေရန် အစါမ်းကုန် ချစ်သက်သေပြခဲ့သည်။
သီဟ၏ အချစ်ကို မျက်ကွယ် မပြုနိုင်တော့သည့်အဆုံး သီဟနှင့် သစ္စာရဲရဲနီ တို့ ချစ်သူများဖြစ်သွားကြသော အခါတွင်လည်း သစ္စာရဲရဲနီက ဗိုလ်ကျမြဲပင်။ထိုသို့ ဗိုလ်ကျသော်လည်း သီဟအားမြတ်မြတ်နိုးနိုး ချစ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦး နှင့် တစ်ဦး သွေးသစ္စာပြုကာချစ်သက်သေ ထူခဲ့ကြသည်။
သီဟ ဆယ်တန်းအောင်သောအခါ ဂုဏ်ထူးလေးဘာသာပါသဖြင့် ဖခင်ဖြစ်သူက ဆေးကျောင်းတက်ခိုင်းသောအခါ သီဟ က သူ့ရည်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ရေးနှင့် ချမ်းသာကြွယ်ဝသည့် အခြေအနေဖြင့် သစ္စာရဲရဲနီအား လက်ထပ်ယူရေး ကိုသာ စဉ်းစားရွေးချယ်ခဲ့သည်။
သီဟ နှင့် သစ္စာရဲရဲနီတို့၏ ချစ်မေတ္တာ ဇာတ်လမ်းကို သူဌေး ဦးသစ္စာ သိသွားသောအခါ သီဟနှင့် နှစ်ယောက်တည်း ဆွေးနွေး ကတိပေးခဲ့ကြသည်။ သီဟ က မိမိရည်မှန်းချက်အတိုင်း ချမ်းသာလာသည့် အချိန်တွင် သစ္စာရဲရဲနီ နှင့် လက်ထပ်ခွင့်ပြုရန်တောင်းဆိုသောအခါ ဦးသစ္စာက ရည်မှန်းချက်ပြည့်သည်အထိ ကြိုးစားရန်နှင့် လေးနှစ်အတွင်း ဖြစ်မြောက်ရန် အချိန်ပေးခဲ့သည်။ ထိုအတော အတွင်း သစ္စာရဲရဲနှီ အား မည်သို့သောနည်းနှင့် မှ မဆက်သွယ်ရန် လည်း ကတိထပ်မံတောင်းသောအခါ သီဟ မှ အားရဝမ်းသာကတိပေးပြီး အိမ်ကြီးဆီမှ ထွက်ခွာလာခဲ့သည်။
လေးနှစ်တာ အတွင်း ကြိုးစားအားထုတ်မှု နှင့် ကံတရားကြောင့် သီဟတစ်ယောက် သူတစ်သက်လုံး စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်ဘဝသို့ ရောက်၍ သစ္စာရဲရဲနီ တို့အိမ် သို့ပြန်သောအခါ သစ္စာရဲရဲနီမှာ ဖခင်ပေးစားသော သူနှင့် လက်ထပ်ကာ နိုင်ငံခြား သို့ လိုက်ပါသွားကြောင်း၊သမီးလေးတစ်ယောက်ပင်ရရှိနေပြီ ဖြစ်ကြောင်း ၊ ဦးသစ္စာမှာလည်း သမီးထံ အလည်အပတ်သွားနေကြောင်း ၊မိမိ၏ ဖခင်ဖြစ်သူ မှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်းတို့ကို မိုးနီ ထံမှသိလိုက်ရသော်လည်း မိမိနှင့် ဦးသစ္စာတို့၏ ကတိကဝတ်ကို မည်သူမျှမသိလိုက်ကြောင်း သိရှိလိုက်ရသည်။
ကြိုးစားကာ ရည်မှန်းထားသမျှ သဲထဲရေသွန်သလို ပျက်စီးခဲ့ရသောကြောင့် သီဟ အချိန်အတန်ကြာလေလွင့်ပျက်စီးသွားခဲ့သည်။ သို့သော်ဘဝကိုရေစုန်မျောကာ ပျက်စီးရန်မသင့်ကြောင်း အသိတရားပြန်ဝင်လာပြီးနောက် သီဟ မှာ ဘဝတစ်ခုလုံးကို စီးပွားရေးလုပ်ငန်းများတွင်မြှပ်နှံကာ လူကုံတန်စာရင်းဝင်တစ်ဦး အဖြစ်ထင်ရှားလာခဲ့သည်။
လူကုံတန် သူဌေး ဦးသီဟ အဖြစ်နှင့် ဦးမိုးနီ ၏ မင်္ဂလာဧည့်ခံပွဲ ကျင်းပရာ ဦးသစ္စာ၏ အိမ်သို့ ရောက်သွားသောအခါ သစ္စာရဲရဲနီ ၏ သမီး အပျိုချောလေး မီးမီးရဲရဲနီ ကို တွေ့ ရှိသွားခဲ့သည်။ မီးမီးရဲရဲနီ ကိုအမှတ်မထင်သိကျွမ်းခဲ့ရာမှ ဦးသစ္စာအား ကလဲ့စားချေရန် စိတ်ကူးရသွားသော သီဟသည် မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင်မည်ဆိုသည်ကိုတော့ ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားတော်မူကြ ခင်ဗျား။
It is Wuthering heights