ဇာနီကြီး – သံ၊ သံမဏိလုပ်ငန်းနှင့်မြန်မာပြည်စီးပွားရေးစနစ်

 

သံ၊ သံမဏိလုပ်ငန်းနှင့်မြန်မာပြည်စီးပွားရေးစနစ်

  ဇာနီကြီး၊ ဇွန် ၂၁၊ ၂၀၁၄

တိုးတက်သောနိုင်ငံတို့တွင် သ၊ံ၊ သံမဏိလုပ်ငန်းအလွန်ထွန်းကားပါသည်။ စက်မှုထွန်းကားပါက သံ၊ သံမဏိလုပ်ငန်းလည်း ထွန်းကားရသည်။ ဥရောပ၊ အမေရိကန်၊ ဂျပန်တို့သည် သံလုပ်ငန်းများ အခြေကျနေပြီဖြစ်သည်။ တိုင်းပြည်အလျှင်အမြန်တည်ဆောက်နေသော တရုပ်ပြည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံ၊ သံမဏိစက်ရုံများစွာ တဟုန်ထိုးပေါ်ပေါက်လာရသည်။ 

၂၀၁၃တွင် တစ်ကမ္ဘာလုံး သံမဏိထုတ်လုပ်မှု၏ ၄၀% အထိ တရုပ်နိုင်ငံမှ ထုတ်ဖြစ်လာသည်။ ယခုအခါ ကမ္ဘာ့စီးပွားရေးမကောင်းသဖြင့် တရုပ်ပြည်ကြီးလည်း ဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးသွားသည်။ ဇွန်-၂၀၁၄ တွင် တရုပ်နိုင်ငံတွင်၊ သံမဏိဈေးနှုန်း မက်ထရစ်တစ်တန် ဒေါ်လာ၄၉၀၊ သံရိုင်း မက်ထရစ်တစ်တန် ကန်ဒေါ်လာ ၁၀၉ သို့ ကျဆင်းသွားသည်။ ဈေးကောင်းသောခေတ်၂၀၀၇တွင် သံမဏိ၊ မက်ထရစ်တစ်တန် ဒေါ်လာတစ်ထောင်အထိ ဈေးတက်ခဲ့ဖူးပြီး၊ ၂၀၁၃တွင် ဒေါ်လာ၆၀၀သို့ ကျဆင်းလာသည်။ ယခု ၂၀၁၄တွင် ဈေးအနိုမ့်ဆုံးဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံအစိုးရသစ်သည် ၂၀၁၁မှ စတင်ပြီး၊ ပွင့်လင်းမြင်သာစနစ်ဖြင့် ပြည်ပရင်းနှီးမြှတ်နှံမှုများ FDI ကိုရှာဖွေခဲ့သည်။ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းသယံဇာတ လုပ်ကွက်များကိုတင်ပြခဲ့သည်။ Slideshare.net တွင် သတ္တုတွင်းဝန်ကြီးဌာန ဒါရိုက်တာဦးကျော်ထက်၏ Current Mining Activities in Myanmar, ဒါရိုက်တာဦးဝင်းထိန်၏ Investment Opportunities in Current Myanmar တို့ကို အင်တာနက်တွင် အလွယ်တကူ ဒေါင်းလုပ်ကြည့်နိုင်သည်။ အခြားမြန်မာ့စီးပွားရေးလုပ်ငန်းများလည်း သက်ဆိုင်ရာကော်ပိုရေးရှင်း၊ ဝန်ကြီးဌာနများက အင်တာနက်တွင် တင်ပြထားသည်မှာ ပွင့်လင်းမြင်သာမှုရှိနေပါသည်။ သို့သော် တကယ်လုပ်ကိုင်ကြမည်ဆိုပါက လိုင်စင်/ပါမစ်များကို ယခင်၂၀၁၁မတိုင်မီကဲ့သို့ပင် စစ်ဗိုလ်ချုပ်ဟောင်းများနှင့်ခရိုနီများက လက်ဝါးကြီးအုပ်ထားသဖြင့် ပို၍လုပ်ကိုင်ရ ခက်ခဲ့သွားကြောင်း၊ မြန်မာ့စီးပွားရေး နားလည်သူများက ပြောကြသည်။ နိုင်ငံခြားကုမ္ပဏီများမှာ လိုင်စင်/ပါမစ် ရရှိရေးအတွက် အပြိုင်အဆိုင်၊ ချဉ်းကပ်လုပ်ဆောင်နေကြသည်မှာ အိမ်ခြံမြေဈေးနှုန်း အဆမတန်တက်သွားသောကြောင့် ရင်းနှီးမြှတ်နှံသူ အသေးစားစက်မှုလုပ်ငန်းများ အခက်ခဲဖြစ်ရသည်။ ပုဂ္ဂလိကကို စက်မှုလုပ်ငန်းအားလုံး ပေးအပ်ခဲ့ရာတွင် သံမဏိလုပ်ငန်းများမှာ မြန်မာ့တပ်မတော်လက်အောက်တွင် ရောက်ရှိသွားခဲ့သည်။

 

သံမဏိထုတ်လုပ်မှုသမိုင်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကတည်းက ဓါးလှံများကို သံရိုင်းမြေ ion ore မှ ဖိုထိုးမီးဖုတ် ထုတ်လုပ်ကြသည်။ သံခေတ်ဟု သမိုင်းဆရာများကခေါ်ကြသည်။  သံတစ်ပိသာရဖို့ ၃၇က်ခန့် ဖိုထိုး၊ အပူပေးရသည်။ သံအရည်ပျော်မှတ်သည် ၁၃၇၅ ဒီဂရီစင်တီဂရတ်ဖြစ်သည်။ သံမဏိမှာ ကာဘွန် ၂.၁% ပါဝင်အောင် လုပ်ထားသော သံဖြစ်သည်။ ၁၇ရာစုတွင် သံမဏိထုတ်လုပ်သော ဖိုအကြီးစားနည်းလမ်းများ ပေါ်လာပြီး အမြောက်အများ ထုတ်လုပ်လာနိုင်ကြသည်။ ၁၉ရာစု နောက်ပိုင်း Basic Oxigen SteelMaking BOS နည်းလမ်းပေါ်လာပြီး၊ အရည်သွေးကောင်းသော ယနေ့ခေတ်သံမဏိများကို လူအင်အားမလိုတော့ပဲ အမြောက်အများ ထုတ်နိုင်လာသည်။ သံရိုင်း ion ore အများဆုံးထွက်သည့်နိုင်ငံများမှာ တရုပ်၊ သြစတြေးလျှား၊ ဘရားဇီး၊ အိန္နိယ တို့ဖြစ်သည်။

နိုင်ငံအလိုက် သံမဏိထုတ်လုပ်မှု မက်ထရစ်တန်ချိန်သန်းပေါင်း (၂၀၁၃) အရ၊ တရုပ် ၇၇၉သန်း၊ ဥရောပ-အီးယူနိုင်ငံများ ၁၆၅သန်း၊ ဂျပန် ၁၁၀သန်း၊ အမေရိကန် ၈၇သန်း၊ အိန္နိယ ၈၁သန်း..စသဖြင့် ထုတ်လုပ်ကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးထုတ်နိုင်ငံမှာ မလေးရှား ၅.၉သန်းဖြစ်သည်။ ဗီယက်နမ် ၅.၆သန်း၊ ထိုင်း ၃.၅သန်း၊ အင်ဒိုနီးရှား ၂.၄သန်း .စသဖြင့် အနည်းငယ်သာထုတ်နိုင်သည်။ အရှေ့တောင်အာရှနိုင်ငံများအဖို့ သံမဏိ ပြည်ပမှတင်သွင်းပြီး နိုင်ငံစက်မှုတိုးတက်အောင်လုပ်ရပါသည်။ အများဆုံးသံမဏိတင်သွင်းသော နိုင်ငံစာရင်းတွင် စက်မှုဖွံ့ဖြိုးနေသောအရှေ့တောင်အာရှနိုင်ငံများက ထိပ်ဆုံး၁၀နိုင်ငံတွင်ရှိနေကြသည်။ (မက်ထရစ်တန်ပေါင်း) ထိုင်း ၁၀.၉သန်း၊ ဗီယက်နမ် ၈.၃သန်း၊ အင်ဒိုနီးရှား ၇.၃သန်း၊ ဖိလစ်ပိုင် ၃.၈သန်း၊ စင်ကာပူ ၃.၁သန်း စသည်တို့ဖြစ်သည်။ တရုပ်ပြည်မှာ သံရိုင်းတင်သွင်းပြီး၊ စက်ရုံများမှာကုန်ချော သံမဏိတင်ပို့ရောင်းချသော ထိပ်တန်းနိုင်ငံဖြစ်နေသည်။ အောက်ပါဇယားကို လေ့လာပါက ၂၀၀၇ မှ ၂၀၁၃ အတွင်း တရုပ်ပြည်ကြီး၏ သံမဏိစက်ရုံလုပ်ငန်းသည် ၂ဆနီးပါး အံ့သြဘွယ်တိုးတက်သွားသလို၊ ဗီယက်နမ်နိုင်ငံ၏ သံမဏိလုပ်ငန်းသည် ၃ဆခန့် တိုးတက်သွားပါသည်။ ယခုအခါ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းများသည် တရုပ်၊ အိန္နိယ သံမဏိများထက်၊ ဗီယက်နမ်သံမဏိများက အရည်သွေးပိုကောင်းသဖြင့် ဗီယက်နမ်သံမဏိများ မြန်မာ့ဈေးကွက်သို့ နေရာယူလာကြသည်။

 

မြန်မာ့ပြည်သူလူထု၏ဘဏ္ဍာငွေများ

အထက်မြန်မာနိုင်ငံမြင်းခြံမြို့နယ်တွင် အမှတ်(၄)သံမဏိစက်ရုံကြီးတည်ဆောက်နေသည်။ မ.ဆ.လ ဦးနေဝင်းခေတ်ကတည်းက စတင်ခဲ့ပြီး၊ န.အ.ဖ ဦးသန်းရွှေခေတ်တွင်လဲမပြီး၊ ဦးသိန်းစိန်ခေတ်တွင် ပိုမိုကောင်းလာမလားဟု ဆက်လုပ်နေပါသည်။ သံကုန်ကြမ်းဆိပ်ကမ်းနှင့် အလွန်ဝေးလံသော နေရာတွင် ဧရာမ သံရည်ကြိုစက်ရုံကြီးတည်ဆောက်သည်။ စက်ရုံထုတ်လုပ်သူ အီတလီနိုင်ငံမှ စက်ပစ္စည်းအားလုံး မြန်မာပြည်သို့တင်ပို့ပြီးဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ငွေအားလုံးပေးချေပြီးဖြစ်သည်။ သံရိုင်း၊ သံထည်အဟောင်းများမှ သံမဏိထုတ်လုပ်သည့်စက်ရုံ၊ ကားပစ္စည်းစက်ရုံ၊ ပိုက်လုပ်ငန်းစက်ရုံ စသည့် စက်ရုံများစွာဆောက်လုပ်ရန် အေရှားဝေါကုမ္မဏီမှာ တည်ဆောက်ရေးကန်ထရိုက်ရရှိခဲ့သည်။ တည်ဆောက်ရေးကုန်ကျစရိတ် အားလုံး P.O, B.O အမြောက်အများ အေရှာဝေါမှ ရစရာရှိသည်များ အကုန်ယူသွားပြီးဖြစ်သည်။ သို့သော် စက်ရုံများစွာအနက် သံမဏိအရည်ကျိုသည့် စက်တစ်ခုပင် မပြီးနိုင်ဖြစ်နေသောကြောင့် ဘက်ဂျတ်ထပ်တောင်းနေရသည်။ စက်ရုံသည် ပြီးမည့်ဟန်လည်းမရှိပါ။ ပြီးလျှင်လည်း လည်ပတ်လျှင် အရှုံးကြီးမားစွာ ပေါ်လာဦးမည်ဖြစ်သောကြောင့် နောက်ဆုံး စက်မှုဝန်ကြီးဌာနသို့ အဆင့်ဆင့် လွဲပြောင်းပေးလိုက်သော ပိုက်ဘောထုပ်ကြီးတစ်ခုဖြစ်သည်။ (ပုံ) အထက်မြန်မာပြည်တစ်ခုလုံးမှ မော်တော်ယဉ်ဟောင်းများ၊ နိုင်ငံခြားမှတင်သွင်းထားသော ကုန်ကြမ်းသံထည်အဟောင်း တန်ချိန်သိန်းနှင့်ချီပြီး၊ ရောက်နေပါသည်။ စက်ရုံလည်မည့်အချိန်ကာလ မသိနိုင်တော့ပါ။ စက်ပစ္စည်းများစွာသည် ရန်ကုန်တွင်ရှိသည်။ မြင်းခြံစက်ရုံပတ်လည်တွင် အမိုးကာမဲ့လွင်ပြင်ကြီးတွင် အဖုံးပင်ဖွင့်မကြည့်ရသေးသော စက်ပစ္စည်းကုန်သေတ္တာပေါင်း မရေမတွက်နိုင်အောင် မျက်စိတစ်ဆုံးရှိနေသည်။ ထိုနေရာသို့ ရောက်လာသော အရာရှိများမှာ မကောင်းကျောင်းပို့ များဖြစ်သည်။ မည်သို့ဖြစ်ပါစေ သံရည်ကြိုစက် တစ်ခုကိုတော့ အမြန်ဆုံးလည်ပတ်အောင် ကြိုးစား လုပ်နေပါသည်။ တခြားသံမဏိကုန်ထုတ်စက်ရုံများကတော့ အဟောင်းဈေးနှင့် ပြန်ရောင်းချလျှင်ပင် ဝယ်သူမနည်းရှာရဦးမည်။ ကုန်ကျငွေပေါင်းကို စာရင်းလုပ်ပါက ဘီလျံဒေါ်လာ ဖြုန်းတီးမှုကြီးဖြစ်သောကြောင့် ဖွက်ထား၊ စာရင်းဖျောက်ထားရပါမည်။ ထိုစက်ရုံစီမံကိန်းကြီးကို သင်္ခဏ်းစာအဖြစ် မှတ်တမ်းတင်ရမည်။ နောက်နောင် ထိုကဲ့သို့ တိုင်းပြည်ဘဏ္ဍာငွေများကို ဖြုန်းတီးခြင်း၊ မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသာများက မိမိတို့အိတ်ကပ်ထဲ ထည့်ခြင်းများကို ကာကွယ်ရမည်။ လူတော်လူကောင်းများက ငွေနှင့်ရာထူးနှင့်လူမျက်နှာမကြည့်ပဲ နိုင်ငံအကျိုးအတွက် အုပ်ချုပ်ဖို့ ယခုအချိန်သည် အလွန်အရေးကြီးလှပါသည်။  သို့မဟုတ်ပါက ကမ္ဘာ့အကောင်းဆုံး စင်ကာပူနိုင်ငံမှ ခြစားမှုကင်းသော စီးပွားရေးစနစ်ကြီး ဖြစ်ပါစေ.. ဝိသမစီးပွားသမားများက ဥပဒေအလွဲသုံးစားလုပ်နေဦးမည်ဖြစ်လေသည်။

စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိကများ လက်မခံ၊မလုပ်နိုင်သော ဆုံးရှုံးမည့်စီမံကိန်းများစွာ ရှိနေပါသေးသည်။ ပုသိမ်ဖန်ချက်စက်ရုံကဲ့သို့ ရပ်ပစ်လိုက်လျှင်လည်းကောင်း၏။ ဆက်လုပ်ခြင်းအားဖြင့် တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသကဲ့သို့ ဖြစ်မည်လော..။

စက်ရုံရောင်းလိုက်သောကုမ္ပဏီ Factory Maker များသည်၊ သတ်မှတ်ချိန်အတွင်း ဆောက်လုပ်ရေးမပြီပါက၊ တစ်နှစ်ကျော်လျှင် စက်ကို အာမခံပျက်ပျယ်သွားပြီဖြစ်သည်။ နှစ်ပေါင်းများစွာကြာမှ စက်ရုံပြီးသွားပြီး၊ လည်ပတ်လိုသည်ဆိုလျှင် Factory Maker ပညာရှင်စရိတ်သည် တစ်နာရီ ဒေါ်လာ၂၅၀ မှ အထက် အလွန်ဈေးကြီးစွာ ပေးရပါသည်။ ထိုသူများသည် ဟိုဟာအသစ်လဲရမယ်၊ ဒီဟာအသစ်လဲမှရမယ် ဟုပြောသောအခါ အဟောင်းပြင်စရိတ်က စက်ရုံအသစ်ဝယ်စရိတ်ထက်ပင် များနေလေ့ရှိသည်။ ထို့ကြောင့် မိုဒယ်အောက်နေပြီဖြစ်သော အောက်ပါ အကြီးစား ဘီလျံဒေါ်လာ စီမံကိန်းကြီးများကို ဆက်လုပ်သင့်မသင့်၊ ပြန်လည်ဆန်းဆစ်ဖို့လိုပါသည်။ ထိုနေရာများတွင် လုပ်နေသောဝန်ထမ်းများမှာ အလွန်ပင်ပမ်း၊ စာနာဖွယ်ကောင်းပေသည်။ စက်မှုဝန်ကြီးဌာနမှ လွှတ်တော်သို့တင်ပြထားသည့်စီမံကိန်များဖြစ်ကြသည်။  (ပျက်အစဉ်ပြင်ခဏ)

– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ သာဂရ(ပဲခူးတိုင်း) Heavy Diesel Enginer Manufacturing Project
– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ မြင်းခြံ Truck Axle Manufacturing Project
– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၄)သံမဏိစက်ရုံ၊ မြင်းခြံ
– အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ မှန်စက်ရုံစီမံကိန်း၊ ကျောက်ဆည်
– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ မြိုင်  Automobile Mould & Die Manufacturing Project
– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ရန်ကုန် Truck Manufacturing Project
– အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၅)သံမဏိစက်ရုံ၊ ပင်းပက်(ရှမ်းပြည်နယ်)
– စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း၊ ပျော့ဖတ်နှင့်သတင်းစားစက်ရုံ၊ သာပေါင်း

 

မြန်မာနိုင်ငံနှင့်သံ၊ သံမဏိလုပ်ငန်း

သံ၊ သံမဏိလုပ်ငန်းသည် မြန်မာပြည်အတွက် အလွန်လိုအပ်သော်လည်း၊ လုပ်ပိုင်ခွင့်မရသောကြောင့် ပုဂ္ဂလိက သံ၊ သံမဏိလုပ်ငန်းမှာ လုပ်သူနည်းပါး ဖြစ်နေရသည်။ အသေးစား တနိုင်လုပ်ငန်းများသာ တထိတ်ထိတ်နှင့်လုပ်ကိုင်နေရသည်။ သံရည်ကြိုလုပ်ငန်း၊ ဆောက်လုပ်ရေး ကွန်ကရစ်သံလုပ်ငန်း၊ သံချည်သံပန်းလုပ်ငန်းများအတွက် သံကြိတ်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်းငယ်များသာ ရှိသည်။  ဆောက်လုပ်ရေးလုပ်ငန်း၏ ၃၀% တန်ဖိုးရှိသော သံထည်ပစ္စည်းများကို မြန်မာပြည်တွင် လက်ဝါးအုပ်စနစ်ကြောင့် ပတ်ဝန်းကျင်နိုင်ငံများထက် ဈေး၂ဆပေးပြီး လုပ်ကိုင်ရသည်။ သံ၊သံမဏိ သာမက၊ ဆောက်လုပ်ရေး ဘိလပ်မြေများလည်း ၂ဆဈေးကြီးပေးပြီး ဝယ်ရသည်။ အခြား အုတ်၊သဲ၊ကျောက် ဈေးနှုန်းများလည်း အလားတူ ဈေးကြီးနေသောခေတ်ဖြစ်သည်။ ခရိုနီ လူတစ်စုအတွက်သာ ဖွင့်ထားပြီး၊ လူထုအတွက် ပိတ်ထားသည့် စီးပွားရေးစနစ်ဖြစ်သည်။ အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုအပ်ပါသည်။

မြန်မာ့အစိုးရ လွှတ်တော်မှထုတ်ပြန်သော စာတန်းများအရ သံမဏိတုံး မက်ထရစ်တန်ချိန် ၀.၉၄သန်း ၂၀၁၃တွင် ထုတ်လုပ်ရန်ရည်မှန်းထားသည်။ သံရိုင်း တန်ချိန် ၉၅၀၀ သာထုတ်နိုင်မည်ဟု ဆိုသည်။ ပြည်တွင်းမထုတ်လုပ်နိုင်သဖြင့် ပြည်ပမှနည်းမျိုးစုံဖြင့် တင်သွင်းနေရသည်။ ထုံးစံအတိုင်း တင်သွင်းခွင့် လိုင်စင်/ပါမစ်များဖြင့်တစ်မျိုး၊ တရားမဝင်နည်းလမ်းများဖြင့်တစ်ဖုံ တန်ချိန်သန်းပေါင်းမည်မျှ တင်သွင်းရသည်မှာ စာရင်းမရှိပါ။ သင်္ဘောဖြင့်တင်သွင်းပါက သယ်ယူစရိတ်သက်သာသော်လည်း လိုင်စင်/ပါမစ် ပြသနာကြောင် နယ်စပ်မှတင်သွင်းခြင်းများ တရားမဝင်၊ တရားဝင် နည်းမျိုးစုံဖြင့် လုပ်ကိုင်ရသောကြောင့် အဆုံးသပ် သံ၊ သံမဏိဈေးနှုန်းများ အဆမတန် ဈေးကြီးသွားခြင်းကို တွေ့ရပေသည်။ ယခုအခါ ကြိုးနီစနစ်များ လျှော့ပေါ့လာသည့်အပြင် ကမ္ဘာ့သံ၊ သံမဏိဈေးလည်း ကျဆင်းလာသောကြောင့် မြန်မာပြည်သံ၊ သံမဏိဈေးနှုန်းများ ကျဆင်းလာသည်ကို တွေ့ရသည်။

 

သံအဟောင်းဈေးကွက်၊ သင်္ဘောဖျက်လုပ်ငန်း

မြန်မာပြည်၊ ရန်ကုန်တွင်နာမည်ကြီးသော ကြက်တန်း၊ သံဈေးကွက်ရှိပါသည်။ ယခုအခါ မြန်မာအစိုးရ ဌာနဆိုင်ရာများကပင် ထိုဈေးကွက်မှဝယ်ရသည်။ မြန်မာဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောသံအများစုမှာ ထိုဈေးကွက်မှ ရရှိသည်။ ဗြိတိသျှခေတ်ကတည်းက ဆောက်လုပ်ထားသော စက်ရုံအဟောင်းများစွာမှာ သံထည်သံစများကို ပြန်လည်ကြိတ်ခြင်း၊ သံရည်ကျိုခြင်းများ လုပ်ကြသည်။

သင်္ဘောပျက်ဖျက်ပြီး သံအဟောင်းမှ၊ သံထည်အသစ်ထုတ်လုပ်ခြင်းလုပ်ငန်းမှာ မြန်မာပြည်တွင်သိပ်ခေတ်မစားပါ။ အိမ်နီးချင်း ဘင်္ဂလားဒေခ်ျနိုင်ငံသည် သင်္ဘောပျက်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်သည်။ မြန်မာမှုပြုရန်လိုသည်။ သီလ၀ါတွင် MEC ပံ့ပိုးမှုဖြင့်သင်္ဘောဟောင်းဖျက်ခြင်း လုပ်နေသော်လည်း၊ ငွေကြေးသိပ်မမြက်သောကြောင့် လုပ်ငန်းမဖြစ်ပါ။ အလုပ်ပေးနိုင်မှု အလုပ်ကြမ်းသမားများစွာ လိုအပ်သောကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် သင်္ဘောဖျက်လုပ်ငန်းများ ခွင့်ပြုရန်ဖြစ်သည်။ အမြတ်အစွန်းနည်းပါလှသောကြောင့် မြန်မာနိုင်ငံစီးပွားရေးသမားများ ရင်းနှီးရန်စိတ်မဝင်စားကြပါ။ သံ၊ သံမဏိ သွင်းကုန်လုပ်ငန်းသည် လွယ်ကူပြီး၊ အမြတ်စွန်းများစွာရသည်။  Ship Breaking သင်္ဘောဖျက်မှ ရရှိသောသံရည်ကျိုခြင်း Melting (10%) , သံကြိတ်ခြင်း Re-rolling (90%) တို့မှကုန်ချောများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည်။ မြန်မာပြည်တွင် ပုဂ္ဂလိက သံရည်ကျိုစက်များ၊ သံကြိတ်စက်များစွာ မြို့ရွာအနှံ့တွင် ရှိကြသည်။ သင်္ဘောဖျက်လုပ်ငန်း လုပ်ခွင့်ရပါက၊ မြန်မာ့၊ သံ၊ သံမဏိ စက်မှုလုပ်ငန်းတွင် လူအမြောက်အများ အလုပ်အကိုင်ရရှိလာမည်ဖြစ်သည်။ သင်္ဘောဖက်ရာမှ ရရှိသော စက်၊လျှပ်စစ်ပစ္စည်းကောင်း များစွာကိုလည်း တပတ်ရစ်ဈေးဖြင့် မြန်မာ့စက်မှုလုပ်ငန်းငယ်များအတွက် အသုံးပြုနိုင်ပါသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် သင်္ဘောဖျက်လုပ်ငန်းအတွက် ကုန်ကျစရိတ်အားလုံးနှုတ်ပြီး၊ လုပ်ငန်းပြီးပါက လုပ်ငန်းရှင်သည် ၅% အမြတ်ရသည်။ သင်္ဘောဟောင်း ဝယ်ဈေး ၆၉%၊ လုပ်အားခ ၄%၊ ပစ္စည်းခ ၄%၊ အစိုးရအခွန်ငွေမှာ ၅%၊ ငွေကြေးအတိုးပေးငွေ ၃% ၊ အထွေထွေ ၁% ကုန်ကျသည်။ ပါကစ္စတန်တွင် အမြက် ၃%သာ ရသည်။ သင်္ဘောဟောင်း ဝယ်ဈေး ၇၀%၊ လုပ်အားခ ၂%၊ ပစ္စည်းခ ၅%၊ အစိုးရအခွန်ငွေမှာ ၁၃%၊ ငွေကြေးအတိုးပေးငွေ ၅% ၊ အထွေထွေ ၁% ကုန်ကျသည်။ မြန်မာနိုင်ငံတွင် ထိုလုပ်ငန်းလုပ်ပါက အစိုးရအခွန်ငွေ ရာနှုန်းမည်မျှနည်း အဓိကကျပါသည်။ အခွန်ငွေဆိုသည်မှာ လိုင်စင်/ပါမစ်ကြေးများပါဝင်သည်။ အစိုးရကိုပေးရသော အခွန်၊လိုင်စင်/ပါမစ် ဈေးကြီးသဖြင့် သင်္ဘောဖျက်လုပ်ငန်းသည် မြန်မာနိုင်ငံ အလတ်စားလုပ်ငန်းရှင်များ လုပ်ချင်သော်လည်း ဖြစ်မလာသေးပါ။

မြန်မာပြည်သင်္ဘောဖျက်လုပ်ငန်း စိတ်ဝင်စားသူများအတွက် အချက်အလက်များရယူရန်..
http://mingalaronline.biz/steel.myanmar.htm

 

နိဂုံး …

ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစတင်တည်ဆောက်ရသည်။ စာရိတ္တပညာ တည်ဆောက်ရေးမှာ အလွန်အရေးကြီးဆုံးဖြစ်သော်လည်း၊ ရုပ်ဝတ္တုတည်ဆောက်ရေးအတွက်၊ ဆောက်လုပ်ရေးပစ္စည်း အုတ်၊သဲ၊ကျောက်၊ ဘိလပ်မြေနှင့် သံ၊ သံမဏိဈေးနှုန်းများ အရှေ့တောင်အာရှနိုင်ငံဈေးနှုန်း၊ ကမ္ဘာ့ဈေးကွက်အတိုင်း ဖြစ်လာဖို့ အရေးကြီးပါသည်။ ယခုအခါ ပုဂ္ဂလိက လုပ်ငန်းရှင် အသေးစား၊ အလတ်စားများသည် အခွန်အဆမတန် ကောက်မည်ဖြစ်သောကြောင့်။ ကုမ္ပဏီမှတ်ပုံတင်ခြင်းလဲမလုပ်လိုကြပါ။ အစိုးရထံမှ တိုက်ရိုက်အလုပ်ဖို့ တင်ဒါလုပ်ငန်းလည်း စိတ်မဝင်စားပါ။ ခရိုနီလုပ်ငန်းရှင်ကြီးများထံမှ တဆင့်၊ တဆင့် အဆင့်ပေါင်းများစွာဖြင့် လုပ်ငန်းလုပ်ကိုင်ရသောကြောင့် ရိုးရိုးသားသားလုပ်ပါက၊ အမြတ်ငွေမရသည့်အပြင်၊ အရှုံးထွက်ထွက်လာပြီဖြစ်သည်။ 

 

သို့သော် အားကိုးစရာရှိပါသေးသည်။ မီဒီယာမှ ဖေါ်ထုတ်ပေးသော ဝိသမစီးပွားလုပ်ငန်းများ၊ အခွန်ရှောင်ခြင်း၊ ဥပဒေအလွဲသုံးစားခြင်း၊ လာဘ်ပေးခြင်းများစွာ ဖေါ်ထုတ်လာပြီဖြစ်သည်။ မကြာမီ သင့်တင့်သလို ထောင်ဒဏ်ပေးခြင်း၊ ပိုင်ဆိုင်မှုထိမ်းချုပ်ချိတ်ပိတ်ခြင်း စသည့်အရေးယူမှုမျိုး ပေါ်လာမည်ဖြစ်သည်။ မှန်ကန်သော စီးပွားရေးစနစ်ကို ရောက်ရှိလာမည်၊ လူတော်လူကောင်းများ နေရာရလာကြပါမည်။ များမကြာမီပင် မြန်မာပြည် အိမ်ခြံမြေ၊ အောက်လုပ်ရေး သံ၊ သံမဏိဈေးများ ကျဆင်းသွားရန်၊ လက်ဝါးအုပ်စီးပွားရေးစနစ်မှ မှန်ကန်သောစီးပွားရေးစနစ်သို့ အောင်မြင်စွာရောက်ရှိမည်ဟု မျှော်လင့်ပါသည်။


 

ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ တန်ချိန် ၂သိန်းသင်္ဘောကြီးကို တစ်လအတွင်အပြီးဖျက်ကြသည်။

 

နှစ်စဉ်ကမ္ဘာ့သံမဏိထုတ်လုပ်မှုဇယား

Myanmar 0.93 million matric ton (2013)

No.1 Iron and Steel Plant at Pyin Oo Lwin smelts iron ore from Kyatwinye iron mine situated 26 miles to the south east of Pyin Oo Lwin. No.1 iron steel plant produces sponge iron, pig iron and steel, steel grinding balls and steel round bars. The products are consumed locally for construction works.