ရသဆောင်းပါးစုံ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ၂၀၀၈ အခြေခံဥပဒေ သရဏံ ဂစ္ဆာမိ

၂၀၀၈ အခြေခံဥပဒေ သရဏံ ဂစ္ဆာမိ
အရှင်စန္ဒိမာ (မွန်စိန်တောရ)
မေ ၃၁၊ ၂၀၁၄
 
 ကာတွန်း အော်ပီကျယ်

 ======================================================

ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွါးရေးအင်ပါယာ ချဲ့ထွင်ဖို့အတွက် ရဟန်းသံဃာကို မီးလောင်ဗုံးနဲ့ ပစ်ရဲတဲ့ အစိုးရ၊ဘုရားကျောင်းသိမ်တွေ ဖျက်ရဲ တဲ့ အစိုးရကိုမှ အမျိုးဘာသာ စောင့်ရှောက်ဖို့ ဥပဒေ ရေးခိုင်းတယ် ဆိုတော့လည်း မစဉ်းစားတတ်တော့ပါ။ ဗုဒ္ဓတရားတော်က စာရွက်ပေါ်မှာ ဥပဒေရေးပြီး စောင့်ရှောက်ရမယ့် တရားတော် မဟုတ်တာတော့ သေချာပါတယ်။  

=========================================================

စစ်တပ်ကို ပြည်သူတွေ ကြောက်နေအောင် လုပ်ခဲ့တယ်။ စစ်တပ် လယ်သိမ်းတာ ဘယ်သူမှ မပြောရဲခဲ့ဘူး။ လယ်သမားတွေဆီမှ လယ်တွေ သိမ်းပြီး ငွေရှင်တွေကို ပြန်ရောင်းစားခဲ့တယ်။ ယခု မတရား အသိမ်းခံထားရတဲ့ လယ်တွေကို ပြန်တောင်းတော့ လယ်သမားတွေ အရိုက်ခံရ တယ်။ အဖမ်းခံရတယ်။ ဒီလို မတရား အနိုင်ကျင့်တာတွေ နိုင်ငံအနှံ့မှာ ဖြစ်နေတယ်။

ယခု ပြင်ဦးလွင်မှာ လယ်သမားတွေ အရိုက်ခံရပြန်တယ်။ သဲကုန်းမှာ လယ်သမားတွေ အကြမ်းဖက် ဖမ်းဆီးတာ ခံရတယ်။ တရားစွဲ ထောင်ချတာ ခံရတယ်။ လယ်သမားများဘက်မှာ လိုက်ပါကူညီပေးခဲ့တဲ့ ကျောင်းသား ကောင်းထက်ကျော် အရိုက်ခံရတယ်။ အဖမ်းခံရ တယ်။ ဒီလို မတရားတာတွေ လုပ်ခွင့်ရနေတာ ဘယ်သူတွေလဲ။ တရားဥပဒေက   စာရွက်ပေါ်မှာပဲ ရှိတယ်။ အပြင်မှာ တကယ်ဖြစ်နေတာက လူမိုက်ဆန်ဆန် မာဖီးယားဂိုဏ်းတွေ လုပ်သလို လုပ်ခွင့် ရှိနေတယ်။

လူလူချင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားအချင်းချင်းအကြား လူသားချင်း စာနာမှု ကင်းမဲ့တဲ့ အပြုအမူတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို အစိုးရက လက်ပိုက်ကြည့်နေပြီး အမျိုးဘာသာ စောင့်ရှောက်ဖို့ ဥပဒေ ထုတ်နေတာကတော့ လူရယ်စရာပါ။

ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွါးရေးအင်ပါယာ ချဲ့ထွင်ဖို့အတွက် ရဟန်းသံဃာကို မီးလောင်ဗုံးနဲ့ ပစ်ရဲတဲ့ အစိုးရ၊ ဘုရားကျောင်းသိမ်တွေ ဖျက်ရဲ တဲ့ အစိုးရကိုမှ အမျိုးဘာသာ စောင့်ရှောက်ဖို့ ဥပဒေ ရေးခိုင်းတယ် ဆိုတော့လည်း မစဉ်းစားတတ်တော့ပါ။ ဗုဒ္ဓတရားတော်က စာရွက်ပေါ်မှာ ဥပဒေရေးပြီး စောင့်ရှောက်ရမယ့် တရားတော် မဟုတ်တာတော့ သေချာပါတယ်။

ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်က လူ့နှလုံးသားမှာ ကိန်းဝပ်နေဖို့နဲ့ လူတွေရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့ ကျင့်သုံးဖို့သာ ဖြစ်တယ်။ သူ့ဟာသူ ဘယ်ဘာသာပဲ ခံယူခံယူ အဓိက မကျပါဘူး။ လူလူချင်း ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသားရှိသူ မည်သူမဆို လေးစားထိုက်တယ်။ ငါက ဗုဒ္ဓဘာသာဝင်ပါလို့ ဗုဒ္ဓဘာသာဝင် အမည်ခံသူ လူဦးရေ တိုးပွါးရေးဟာ ဗုဒ္ဓအလိုကျ သာသနာ ပြန့်ပွားရေး မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ဥပဒေသာ ရှိပြီး ဥပဒေကို အာဏာပိုင်တွေက လိုရင် လိုသလို မလိုရင် မလိုသလို ပုံဖေါ်ခွင့် ရနေတယ်။ ဥပဒေအထက်မှာ စိတ်ကြိုက် လုပ်ခွင့် ရနေတဲ့ လူတန်းစားတရပ် ရှိနေတယ်။ ဥပဒေကို ခုတုံးလုံးပြီး လုပ်စားနေတဲ့ လူတွေ အာဏာရှင်ခေတ် တလျှောက်လုံး ရှိခဲ့တယ်။ ဒီမိုကရေစီ မရသရွေ့  အခုလို မတရားမှုတွေ၊ အမြီးအမောက် မတည့်မှုတွေက ချုပ်ငြိမ်းသွားမှာ မဟုတ်ပါဘူး။

မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ ရေသောက်မြစ်က အရှက်မရှိတာပါ။ အရှက်မရှိတဲ့ လူတွေ ထိုင်ခုံမြဲနေသရွေ့ နိုင်ငံရေးပြဿနာ ပြေလည်သွားမှာ မဟုတ်ပါဘူး။ အငြိမ်းစား ဗိုလ်ချုပ်တယောက်ရဲ့  နေစရာအိမ်တွေ များနေတာကြောင့် ပိုလို့ ငှါးထားတဲ့ အိမ်ရဲ့ အိမ်လခတောင် ဒေါ်လာကိုးသောင်း ဆိုလားပဲ။ စဉ်းစားသာ ကြည့်ပေတော့။ ခိုးထားတာ မဟုတ်ဘဲ တရားဝင်လစာနဲ့ ဒီလို ပိုင်ဆိုင်မှုတွေ ဘယ်လို ဖြစ်လာနိုင်ပါ့မလဲ။

ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက် မဲလိမ်မရှက် မဲခိုးမရှက် ပြောချင်ရာပြော မရှက်။ ခိုးချင်ရာခိုး မရှက်။ ဘာဆို ဘာမှ မရှက်။ အရာရာကို အရှက်နဲ့ လဲမည် ဆိုရမလိုပင်။

၆၂ မှစပြီး ပြည်သူတွေ စစ်တပ်ရဲ့ အနိုင်ကျင့်တာ ခံလာခဲ့ရတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်ရင် စစ်တပ်အနိုင်ကျင့်တာကို ပြည်သူတွေ ခံရအုံးမှာပဲ။ အရည်အချင်းမရှိတဲ့ လူတွေက နိုင်ငံအာဏာကို ယူထားနိုင်အောင် ခွင့်ပြုထားတဲ့ အခြေခံဥပဒေဟာ ၂၀၀၈ အခြေခံဥပဒေပါ။ စစ်တပ်ကို အခွင့်ထူးတွေ အဆမတန် ပေးထားတဲ့အပြင် စစ်တပ်က ပြည်သူကို အနိုင်ကျင့်ခွင့် ပေးထားတာ ၂၀၀၈ အခြေခံဥပဒေပါ။ တိုင်းရင်းသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိတ်ပင်ထားတာ ၂၀၀၈ အခြေခံဥပဒေပါ။ ပြည်သူ့ဆန္ဒကို ငြင်းပယ်ထားတဲ့ ပြည်သူလိုလားတဲ့ ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတာလည်း ၂၀၀၈ အခြေခံဥပဒေပါပဲ။

ယခု ၂၀၀၈ အခြေခံဥပဒေကို သရဏံ ဂစ္ဆာမိ လုပ်နေတဲ့ အဓိက ပါတီ နှစ်ခု ရှိတယ်။ တစည နဲ့ ကြံ့ခိုင်ရေးပါ။ ဒီနှစ်ပါတီစလုံးဟာ ပြည်သူပိုင်ပစ္စည်းကို အသုံးပြုနေကြတယ်။

ရုံးအဆောက်အဦ မြေနေရာ အပါအဝင် တစညပါတီပိုင် ပစ္စည်းမှန်သမျှဟာ မဆလပါတီထံမှ အမွေရခဲ့တယ်။ ဒီပစ္စည်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေပါ။ ကြံ့ခိုင်ရေးပါတီပိုင် ပစ္စည်းတွေဟာလည်း ပြည်သူပိုင်ပစ္စည်းတွေပါ။ ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ ပါတီ၊ လက်ရှိ အစိုးရအာဏာယူထားတဲ့ ပါတီက အခြေခံလူတန်းစား အလုပ်သမား လယ်သမားများ အနိုင်ကျင့်ခံနေရတာတွေကို မျက်နှာလွှဲ နေတယ်။ ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို အပိုင်သိမ်းထားတဲ့ ပါတီအဖွဲ့အစည်းတွေဟာ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်နေ မယ်၊ ပြည်သူကို အနိုင်ကျင့်သူတွေကို အကာအကွယ်ပေးနေမယ်ဆိုရင် ပြည်သူအပေါ် သစ္စာမဲ့ခြင်း၊ ကျေးဇူးကန်းခြင်းပါပဲ။

အလုပ်သမား လယ်သမားများကို ဘာအကာအကွယ်မှ မပေးတဲ့အပြင် အလုပ်သမား လယ်သမားများကို ဗြောင်ကျကျ အနိုင်ကျင့်နေတဲ့ လူတွေကို အကာအကွယ်ပေးနေတယ်။ ချက်ချင်း ဖြေရှင်းပေးရမယ့် အလုပ်သမား လယ်သမားများရဲ့ ဆုံးရှုံးနစ်နာမှုများကို မဖြေရှင်းပေးနိုင်ဘဲ ဒီအစိုးရကို ဒီမိုကရေစီအစိုးရလို့ ပြောနေတာဟာ အပြောပဲ ရှိမယ်။ ဦးသိန်းစိန်အစိုးရရဲ့  အာဏာရှင် ကျားငစဉ်းလဲ အစင်းကြောင်းတွေ ကွက်ကွက်ကွင်းကွင်း ပေါ်လာပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “အရှင်စန္ဒိမာ (မွန်စိန်တောရ) – ၂၀၀၈ အခြေခံဥပဒေ သရဏံ ဂစ္ဆာမိ

Comments are closed.