ဆောင်းယွန်းလ – မေကို ကြားနာကြည့်မိခြင်း

မေကို ကြားနာကြည့်မိခြင်း
ဆောင်းယွန်းလ
မေ ၉၊ ၂၀၁၄

 
အမျက်တချောင်းချောင်း
စောင်းအကြည့်ခံရလွန်းလို့နဲ့တူပါရဲ့…

အအေးကဲလွန်းခဲ့တဲ့ ဆောင်းဖြူဖြူဟာ
နွေအပူရက်တွေထဲ
သူ့ရာသီကို
ကြည်ကြည်ဖြူဖြူ  လွှဲပေးသွားခဲ့တယ်…

အရပ်ရှစ်မျက်နှာမှာ
လေပူတွေ သက်သက်ချည့်ပါပဲ…

နွေညဟာ
မေလကို ခံတပ်လုပ်ရင်း
အခန်းကျဉ်းထဲ
လှံစွပ်ထိုးသလို ဇွတ်တိုးဝင်လာခဲ့ပြန်တယ်…

အချိန်မှန်ရောက်နေကျ နွေကိုကော
ကြည်ကြည်ဖြူဖြူ  ရှိကြရဲ့လား…

မိုးမလွန်ခင်တော့
လွန်ထပ်ဆွဲကြည့်ကြသေးတာပေါ့….

လရောင်က
ညတွေကို ရှောင်နေခဲ့သလို
ကောင်းကင်ယံမှာ
ကြယ်တွေလည်း နေရာမှန်မရှိကြတော့ဘူး…

ရာသီဥတုဖောက်ပြန်ခြင်းမှာ
ဘယ်သူဟာ အဓိကတရားခံလဲ….

လူ့အလိုဟာ
လူ့ပြည်မှာ မပျော်နိုင်ခဲ့တာ ကြာပြီ…….။

ဆောင်းယွန်းလ (မေလ ၈ရက်၊ ၂၀၁၄ ခုနှစ်)