 (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၉၊ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၉၊ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၁)
အောင်ဒင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃
အပိုင်း (၄၁) လွှတ်တော်နှင့် အကျိုးစီးပွါးပဋ္ဋိပက္ခ (Conflict of Interest) (က)
# အကျိုးစီးပွါးပဋ္ဋိပက္ခ
အကျိုးစီးပွါးပဋ္ဋိပက္ခဆိုတာ  နေရာတိုင်းမှာ ရှိနိုင်ပါတယ်၊ လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ်  အဖွဲ့အစည်းတစ်ခုဟာ တစ်ခုထက်ပိုတဲ့ အရေးကိစ္စတွေမှာ  တစ်ပြိုင်တည်းပါဝင်ပါတ်သက်နေပြီး အရေးကိစ္စတစ်ခုကို ဆောင်ရွက်ခြင်းက  အခြားအရေးကိစ္စတစ်ခုအပေါ် လွဲမှားသောသက်ရောက်မှုရှိနေတာကို  အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်တယ်လို့ ဆိုပါတယ်၊ 
ဥပမာအားဖြင့်  ပုဂ္ဂိုလ်တစ်ယောက်ဟာ မော်တော်ကားများထုတ်လုပ်ရောင်းချတဲ့  ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ပြီး တစ်ချိန်တည်းမှာ အဖွဲ့အစည်းတစ်ခုအတွက်  မော်တော်ကားများ ရွေးချယ် ဝယ်ယူရေးကော်မီတီမှာ ပါဝင်နေတယ်ဆိုရင်  ဒီပုဂ္ဂိုလ်မှာ အဖွဲ့အစည်းဆိုင်ရာအကျိုးစီးပွါးနဲ့  ပုဂ္ဂိုလ်ရေးရာအကျိုးစီးပွါး ပဋ္ဋိပက္ခဖြစ်နေပြီလို့ ပြောရမှာပါ၊ သူ့ရဲ့  ကားဝယ်ယူရေးအကြံပေးချက်ကို သံသယဖြစ်စရာရှိပါလိမ့်မယ်၊ တရားသူကြီးတစ်ယောက်  စီရင်ဆုံးဖြတ်ရမည့် အမှုတစ်ခုမှာ တရားခံ သို့မဟုတ် တရားလိုဖြစ်သူက သူ့ရဲ့  မိသားစုဝင်၊ ဆွေမျိုး၊ သူနဲ့တစ်စုံတစ်ရာပါတ်သက်ခဲ့သူ၊ သို့မဟုတ် သူနဲ့  တစ်ချိန်က ထင်ထင်ရှားရှား မသင့်မြတ်ခဲ့သူ ဖြစ်နေမယ်ဆိုရင် အဲဒီ  တရားသူကြီးမှာ အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နေပါပြီ၊ တရားသူကြီးရဲ့  ဆုံးဖြတ်ချက်ကို သံသယဖြစ်စရာ အကြောင်းရှိနေပါပြီ၊ 
စာရင်းစစ်တစ်ယောက်က  အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ပေးချက်အရ ကုမ္ပဏီတစ်ခုကို စာရင်းစစ်ရာမှာ  အဲဒီကုမ္ပဏီက သူနဲ့ တစ်စုံတစ်ရာပါတ်သက်မှုရှိခဲ့တယ်ဆိုရင်  အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်ပါတယ်၊ စာရင်းစစ်ရဲ့ တွေ့ရှိချက်အပေါ်မှာ  မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က  အစိုးရရဲ့ အဆောက်အအုံများကို ဆောက်လုပ်ဖို့ ဆောက်လုပ်ရေး ကုမ္ပဏီများကို  ရွေးချယ်တာဝန်ပေးရတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်နေပြီဆိုရင်  အကျိုးစီးပွါးပဋ္ဋိပက္ခရှိနေပါပြီ၊ အစိုးရရဲ့ ဆောက်လုပ်ရေးကန်ထရိုက်ရတဲ့  ကုမ္ပဏီများဟာ ရိုးရိုးသားသားမျှမျှတတယှဉ်ပြိုင်ပြီးရတာမှ ဟုတ်ရဲ့လားလို့  သံသယဖြစ်ကြမှာပါ၊
လွှတ်တော်ကိုယ်စားလှယ်ကြီး  တစ်ယောက်က လွှတ်တော်အစည်းအဝေးကျင်းပချိန် ပြင်ပမှာ ဥပဒေအကျိုးဆောင်အလုပ်ကို  တယ်ဆိုပါစို့၊ တရားရုံးမှာ သူအခကြေးငွေယူထားတဲ့ အမှုသည်ဘက်က  ကိုယ်စားပြုမှုဟာ တစ်ဘက်က အမှုသည်နဲ့ ရှေ့နေကိုရော၊ ကြားနာပြီး  စီရင်ချက်ချမည့် တရားသူကြီးအပေါ်မှာရော လွဲမှားသောသက်ရောက်မှုရှိပါလိမ့်မယ်၊  ပြိုင်ဘက်ရှေ့နေက တစ်ဘက် ရှေ့နေဟာ ဥပဒေပြုအာဏာရှိတဲ့  လွှတ်တော်ကိုယ်စားလှယ်ကြီးဖြစ်တာကြောင့် သူ့ရဲ့ အရှိန်အဝါလွှမ်းမိုးမှုနဲ့  ဒီတရားခွင်ဟာ မျှတမှုမရှိနိုင်ပါလို့  ကန့်ကွက်နိုင်စရာအကြောင်းရှိပါလိမ့်မယ်၊
အကျိုးစီးပွါးပဋ္ဋိပက္ခဆိုတာ  ရိုးရိုးရှင်းရှင်းပြောရရင်တော့ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု  တစ်ပြိုင်တည်းရှိနေတာလို့ ပြောရမှာပါ၊ သာမာန်ပြည်သူတစ်ယောက်အဖို့တော့  အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်မက တစ်ပြိုင်တည်းလုပ်ကိုင်တာ ပြဿနာမဟုတ်ပါ၊  အလုပ်နှစ်ခုစလုံးဟာ သူ့အတွက် သို့မဟုတ် သူ့မိသားစုအကျိုးစီးပွါးအတွက်  ဆောင်ရွက်နေတာမို့လို့ အကျိုးစီးပွါးပဋ္ဋိပက္ခ ဖြစ်စရာ အကြောင်းမရှိပါ၊  ဆရာဝန်တစ်ယောက်က သူ့အတတ်ပညာကို သုံးပြီး ကိုယ်ပိုင်ဆေးခန်းတွေအများကြီးမှာ  ဆေးကုသပြီး စီးပွါးရှာနိုင်ပါတယ်၊ အင်ဂျင်နီယာတစ်ယောက်၊ ပိသုကာတစ်ယောက်က  ကုမ္ပဏီတစ်ခုထက်ပိုပြီး တာဝန်ထမ်းဆောင်နိုင်ပါတယ်၊ သတင်းစာဆရာတစ်ယောက်က  မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေအများကြီးမှာ ပါဝင်ရေးသားနိုင်ပါတယ်၊ သူတို့မှာ  တစ်ခုထက်ပိုတဲ့ အလုပ်တာဝန်များအကြား အချိန်ခွဲဝေမှုနဲ့ပါတ်သက်ပြီး  ပြဿနာရှိနိုင်ပေမည့် အကျိုးစီးပွါးဆိုင်ရာ ပြဿနာမရှိပါ၊  ရှိရင် လည်း သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာသာဖြစ်ပါတယ်၊ တိုင်းပြည်အကျိုးစီးပွါးကို မထိခိုက်ပါ၊ 
ဒါပေမည့် ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်ပါ့မယ်ဆိုပြီး တိုင်းပြည်ရဲ့ အာဏာကို ကိုင်တွယ်ကျင့်သုံးနေကြတဲ့ ၊  ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အာဏာပိုင်အဖွဲ့အစည်းများမှာ  ပါဝင်လှုပ်ရှားနေကြတဲ့ ပုဂ္ဂိလ်များအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့  ရွေးချယ်တာဝန်ပေးထားတဲ့ အလုပ်အပြင် သူတို့ရဲ့  ကိုယ်ပိုင်အကျိုးစီးပွါးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အလုပ်များ  တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ရှိနေမယ်ဆိုရင်  အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နေပြီလို့ ဆိုရမှာပါ၊
အာဏာရှိတဲ့  ပုဂ္ဂိုလ်တွေက တိုင်းပြည်အကျိုးစီးပွါးနဲ့ ကိုယ်ပိုင်အကျိုးစီးပွါး  နှစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ယှဉ်တွဲဆောင်ရွက်နေရင်  နစ်နာဆုံးရှုံးရမှာက တိုင်းပြည်အကျိုးစီးပွါးပဲ ဖြစ်ပါလိမ့်မယ်၊  အာဏာရှိသူများရဲ့ တိုင်းပြည်အကျိုးစီးပွါးဆိုင်ရာ ဆုံးဖြတ်ချက်၊  ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပုဂ္ဂလိကအကျိုးစီးပွါးတွေ  စွက်ဖက်မှု၊ လွှမ်းမိုးမှုကြောင့် မှားယွင်းတတ်ပါတယ်၊ ဒါကြောင့်မို့လို့  ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ နိုင်ငံတော်ရဲ့  အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးဖို့  အရွေးချယ်ခံရသူများ၊ ခန့်အပ်တာဝန်ပေးခံရသူများဟာ နိုင်ငံတော်ဆိုင်ရာ  အလုပ်တာဝန်ကလွဲလို့ အခြားအလုပ်များလုပ်ကိုင်ခွင့်မပြုပါ၊ အရွေးချယ်မခံရခင်၊  ခန့်အပ်မခံရခင်က ရှိခဲ့တဲ့ ရာထူးတာဝန်များမှ  နိုင်ငံတော်ရာထူးသက်တမ်းတစ်ခုအတွင်း အနားယူ၊ ဒါမှမဟုတ် နှုတ်ထွက်ရပါတယ်၊
#၂၀၀၈ ဖွဲ့စည်းပုံမှ အကျိုးစီးပွါးပဋ္ဋိပက္ခကို ကာကွယ်ခြင်း
အဲဒီလို  နိုင်ငံတော်အာဏာကိုင်တွယ်သုံးစွဲသူများမှာ အကျိုးစီးပွါးပဋ္ဋိပက္ခမဖြစ်ရအောင်  မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  ကန့်သတ်ချက်များ ပြဋ္ဌန်းထားပါတယ်၊ ဒါပေမည့် ပြည့်စုံလုံလောက်ခြင်းမရှိပါ၊  ပုဒ်မ ၆၇ အရ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများဟာ လစာ၊ စရိတ်၊ ငွေကြေးရသော  အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရလို့ ကန့်သတ်ထားပါတယ်၊ အဲဒီလို  နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ နှစ်ဦးကိုသာ ကန့်သတ်ထားပြီး ကျန်တဲ့  အာဏာပိုင်အဖွဲ့အစည်းဝင်များအားလုံးအပေါ်မှာ “လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင်  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က အနားယူရမယ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျင်  နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု သတ်မှတ်တယ်၊  နိုင်ငံရေးပါတီဝင်မဖြစ်ရ” ဆိုတဲ့ ကန့်သတ်ချက်များသာရှိပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ မလုပ်ရ၊ ပုဂ္ဂလိကကုမ္ပဏီများမှာ မပါဝင်ရ၊ လစာ၊  စရိတ်၊ ငွေကြေးရသော အခြားအလုပ်များ မလုပ်ရဆိုတဲ့ ကန့်သတ်ချက်များ  လုံးဝမပါရှိပါ၊
၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဒုဝန်ကြီးများကို  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ဖို့၊ နိုင်ငံရေးပါတီမှာ  ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့၊ နိုင်ငံ့ဝန်ထမ်းအဖြစ်က အငြိမ်းစားယူဖို့သာ  ပြဋ္ဌန်းထားပါတယ်၊ အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်စေမည့်  အခြားပုဂ္ဂလိကစီးပွါးရေးလုပ်ရလို့ တားမြစ်မထားပါ၊ ဒါကြောင့်မို့လို့  စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတွေ၊  ကုမ္ပဏီပိုင်ရှင်ကြီးတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ဒု- ဝန်ကြီးတွေ  ဖြစ်လာကြတဲ့အခါ ၎င်းတို့ခေါင်းဆောင်တဲ့ ဝန်ကြီးဋ္ဌာနအလိုက် ဆောင်ရွက်ချက်တွေ၊  ဆုံးဖြတ်ချက်တွေမှာ အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နေနိုင်တာကို  တားဆီးနိုင်စွမ်းမရှိပါ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေမှာလည်း  အလားတူကန့်သတ်ချက်တွေမရှိလို့ စီးပွါးရေးသမားတွေ၊ လုပ်ငန်းရှင်တွေက  ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးတွေဖြစ်လာကြတဲ့အခါ သူတို့ရဲ့ ပုဂ္ဂလိက  အကျိုးစီးပွါးက ပြည်နယ်/တိုင်းဒေသကြီးရဲ့ အကျိုးစီးပွါးကို  လွှမ်းမိုးနိုင်တာကိုလည်း တားမြစ်နိုင်စွမ်းမရှိပါ၊ 
တရားစီရင်ရေးဘက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ တရားသူကြီးချုပ်၊  ပြည်ထောင်စုလွှတ်တော်တရားသူကြီးများနဲ့ အဆင့်ဆင့်သော  တရားသူကြီးများအားလုံးဟာ နိုင်ငံရေးပါတီဝင်မဖြစ်ရ၊  လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရလို့ ကန့်သတ်ထားတာပဲရှိပါတယ်၊  ပြင်ပပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်ခြင်းမပြုရလို့  တားမြစ်မထားပါ၊ ဒါကြောင့်မို့ တရားသူကြီးတစ်ယောက်ဟာ တစ်ချိန်တည်းမှာ  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတစ်ခုမှာ ပါဝင်နေရင်၊ ၊  ပြင်ပစီးပွါးရေးလုပ်ငန်းတစ်ခုက ဝင်ငွေတွေရနေရင်၊ အကျိုးစီးပွါးရှိနေရင်လည်း  တားမြစ်လို့မရပါ၊ ဥပဒေပြုပိုင်းမှာ ဆိုရင်လည်း  လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတ်သက်လို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ၊  လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိတဲ့  ကန့်သတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌန်းထားပေမည့်  လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး  တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ငွေကြေး၊ စရိတ်၊ လစာရတဲ့  အခြားမည်သည့်အလုပ်မှ လုပ်ခွင့်မရှိလို့ ပြဋ္ဌန်းမထားပါ၊ ဒါကြောင့်မို့  လွှတ်တော်ကိုယ်စားလှယ်တာဝန်နဲ့ တစ်ချိန်တည်းမှာ ကုမ္ပဏီပိုင်ရှင်ကြီး၊  မြေပိုင်ရှင်ကြီး၊ သတ္တုတွင်းပိုင်ရှင်ကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊  ရှေ့နေကြီး၊ ပြည်သူ့စစ်ခေါင်းဆောင် စသဖြင့် ကိုယ်ကျိုးစီးပွါးဆိုင်ရာ  အလုပ်တွေကို တွဲဘက်ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အများအပြားကို  တွေ့နေရပါတယ်၊
#အမေရိကန်ပြည်ထောင်စုတွင်  ကျင့်သုံးနေသော အကျိုးစီးပွါးပဋ္ဋိပက္ခကာကွယ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ  (Code of Conduct on Conflict of Interest)
အမေရိကန်ပြည်ထောင်စု  ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အကျိုးစီးပွါးပဋ္ဋိပက္ခတွေကို တားမြစ်တဲ့  ကန့်သတ်ချက်တွေ ပြဋ္ဌန်းမထားပါ၊ ဒါပေမည့် သန့်ရှင်းပြီး ပွင့်လင်းတဲ့၊  လူထုအကျိုးစီးပွါးကို အမှန်တကယ်ဖော်ဆောင်မည့်  အာဏာပိုင်အဖွဲ့အစည်းများဖြစ်စေဖို့ ကွန်ဂရက်လွှတ်တော်နဲ့  ပြည်နယ်လွှတ်တော်များက အကျိုးစီးပွါးပဋ္ဋိပက္ခကို တားမြစ်တဲ့  ကျင့်ဝတ်စည်းကမ်းတွေ (Code of Conduct) နဲ့ ဖောက်ဖျက်ရင် အရေးယူရမည့်  ပြစ်ဒဏ်တွေကို ဥပဒေတွေ ပြဋ္ဌန်းကြပါတယ်၊ အဲဒီဥပဒေတွေကို အခြေခံပြီး  ပြည်ထောင်စုအစိုးရ အာဏာပိုင်အဖွဲ့အစည်းသုံးခုနဲ့ အစိုးရဋ္ဌာနတွေမှာ၊  ပြည်နယ်အစိုးရနဲ့ လွှတ်တော်တွေမှာ၊ စီးပွါးရေးကော်ပိုရေးရှင်းကြီးတွေမှာ၊  အများ နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေမှာ  သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် သက်ဆိုင်တဲ့ ကျင့်ဝတ်စည်းကမ်းတွေ ချမှတ်ပြီး  အကျိုးစီးပွါးပဋ္ဋိပက္ခကို တားမြစ်ကြပါတယ်၊
#ကွန်ဂရက်လွှတ်တော်၏ အကျိုးစီးပွါးပဋ္ဋိပက္ခကာကွယ်ရေး ကျင့်ဝတ်စည်းကမ်းများ
အမေရိကန်ပြည်ထောင်စုရဲ့  ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာလည်း  အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်မှုကို ကာကွယ်တားဆီးဖို့ စည်းမျဉ်းစည်းကမ်းများ  သတ်မှတ်ပြဋ္ဌန်းထားပါတယ်၊ အထက်လွှတ်တော် စည်းမျဉ်းအမှတ် (၃၇) (RULE XXXVII)၊  အောက်လွှတ်တော် စည်းမျဉ်းအမှတ် (၂၃) (RULE XXIII) တို့မှာ ပြဋ္ဌန်းထားတဲ့  လွှတ်တော်ကိုယ်စားလှယ်အားလုံးတင်မက သူတို့ရဲ့ဝန်ထမ်းများ၊  လွှတ်တော်အရာရှိများအားလုံးပါ လိုက်နာရမည့်  အကျိုးစီးပွါးပဋ္ဋိပက္ခဆိုင်ရာစည်းမျဉ်းစည်းကမ်းအချို့ကို အကျဉ်းရုံးပြီး  ရှင်းပြချင်ပါတယ်၊ ဒီလိုပါ၊
(၁)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ လွှတ်တော်မှပေးသော လခနှင့်  အခွင့်အရေးများမှအပ အခြားနေရာများ၊ အဖွဲ့အစည်းများမှ လစာ၊ စရိတ်၊  အခွင့်အရေး၊ ထောက်ပံ့ကြေးများကို ခံစားခွင့်မရှိပါ၊
(၂)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်  အရွေးချယ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ  ဝင်ငွေရရှိမည့် ပြင်ပစီးပွါးရေးလုပ်ငန်းများ၊  ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိကရာထူးများ လုပ်ကိုင်ခွင့်၊  လက်ခံခွင့်မရှိပါ၊
(၃)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ မည်သည့်စီးပွါးရေးလုပ်ငန်း၊ အဖွဲ့အစည်း၊  ကော်ပိုရေးရှင်းများတွင်မှ ဝင်ငွေရရန်ရည်ရွယ်ချက်ဖြင့် ပါဝင်ပါတ်သက်ခြင်း၊  အကြံပေးခြင်း၊ တာဝန်ထမ်းဆောင်ခြင်းမပြုရပါ၊
(၄)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ ၎င်းတို့၏ အမည်ကို  ပြင်ပစီးပွါးရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများတွင်  အသုံးပြုခွင့်မပေးရပါ၊
(၅)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ ၎င်းတို့ကျွမ်းကျင်ရာ  အသက်မွေးဝမ်းကြောင်းအတတ်ပညာ (ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ စသဖြင့်) ကို  အသုံးချ၍ ဝင်ငွေရှာဖွေခြင်းကို လွှတ်တော်၏ အလုပ်ချိန်အတွင်း  ဆောင်ရွက်ခွင့်မပြုပါ၊
(၆)  လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ ပုဂ္ဂလိကနှင့် အများပိုင် ကုမ္ပဏီများ၊  ဘဏ်များ၊ စီးပွါးရေးအဖွဲ့အစည်းများတွင် အရာရှိ သို့မဟုတ် ဘုတ်အဖွဲ့ဝင်အဖြစ်  ဆောင်ရွက်ခွင့်မရှိပါ၊
(၇) ချွင်းချက်အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်များဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့  အကျိုးအမြတ်ရှာဖွေခြင်းမပြုတဲ့ အရပ်ဘက်အဖွဲ့အစည်းများ (Non-Profit  Organizations) မှာတော့ အခကြေးငွေမရတဲ့ ဘုတ်အဖွဲ့ဝင်များအဖြစ်  ဆောင်ရွက်ခွင့်ရှိပါတယ်၊
(၈) ချွင်းချက်အနေနဲ့ပဲ  လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ စီးပွါးရေးလုပ်ငန်း၊  စီးပွါးရေးအဖွဲ့အစည်းတစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးမခံရခင်ကတည်းက  အနည်းဆုံး နှစ်နှစ်ဆက်တိုက်ပါဝင်ခဲ့တယ်၊ အဲဒီကုမ္ပဏီမှာ  ပါဝင်ဆောင်ရွက်ရမည့် တာဝန်များအတွက်ပေးရမည့်အချိန်ဟာလည်း အနည်းဆုံးဖြစ်မယ်  ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတဲ့နောက်မှာလည်း  အဲဒီစီးပွါးရေးလုပ်ငန်းမှာ ဆက်လက်ပါဝင်ခွင့်ရှိပါတယ်၊ ဒါပေမည့်  အဲဒီစီးပွါးရေးလုပ်ငန်းကပေးတဲ့ လစာ၊ စရိတ်၊ ငွေကြေး၊ အခွင့်အရေးတွေမယူရပါ၊  အဲဒီစီးပွါးရေးလုပ်ငန်းနဲ့ ပါတ်သက်ပြီး ဥပဒေပြဋ္ဌန်းရတဲ့၊ စီမံကွပ်ကဲရတဲ့  လွှတ်တော်ရေးရာကော်မီတီများမှာ ပါဝင်ခွင့်မရှိပါ၊ ဥပမာအားဖြင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုမှာ  ပါဝင်နေရင် အဲဒီလုပ်ငန်းမှာ အချိန်အနည်းဆုံးပဲ ဆက်လက် ပါဝင်ခွင့်ရှိမယ်၊  အဲဒီလုပ်ငန်းကပေးတဲ့ လစာ၊ အခွင့်အရေး မယူရ၊ အဲဒီလုပ်ငန်းတွေကို ဥပဒေပြုမည့်၊ ကြီးကြပ်ကွပ်ကဲမည့် လွှတ်တော် သတ္တုတူးဖော်ရေးလုပ်ငန်းများဆိုင်ရာကော်မီတီ ၊ လွှတ်တော်စီးပွါးရေးရာကော်မီတီတွေမှာ ပါဝင်ခွင့်၊ ဆွေးနွေးခွင့်၊ အဆိုပြုခွင့်၊ မဲပေးခွင့် မရှိပါ၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
အောက်တိုဘာလ ၂၄၊ ၂၀၁၃
		အောက်တိုဘာလ ၂၄၊ ၂၀၁၃
