သရော်စာ

လူကြောက်ကြီးများရဲ့ ဆက်ကြေး (Beggar Citizen)

လူကြောက်ကြီးများရဲ့ ဆက်ကြေး
ကယ်ပါတိုင်းသား၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၂

ကြေးနီစီမံကိန်းဟာ နိုင်ငံသားတွေအတွက် ဘာကျေးဇူးမှမရှိပါဘူး။ နိုင်ငံသားအတွက်မရှိဘူးဆိုတော့ နိုင်ငံတော်အတွက်လဲ မရှိဘူးပေါ့။ အာဏာရှင်အစိုးရတွေက နိုင်ငံတော်ဆိုတာကို နိုင်ငံသားတွေထက်အရေးကြီးသယောင်ယောင်ပြောတတ်တယ်။

အမှန်တော့ စစ်အာဏာရှင်တွေအာဏာတည်မြဲရေးအတွက် တရုတ်ကကူညီပေးရင်း နိုင်ငံတော်ထဲက တောင်တွေ၊ တောတွေကို သူခိုးဈေးနဲ့ဝယ်ခဲ့တာပါ။ အလိုတူအလိုပါဖြစ်အောင် စစ်ခေါင်းဆောင်ပိုင်းကိုလဲ လာဘ်ပေးမှုတွေ ကျူးလွန်ခဲ့တာပေါ့။ ဒါဟာ တရုတ်ရဲ့အဆင့်အတန်းပါဘဲလေ။

စစ်အစိုးရဘက်ကလဲ အမျိုးကိုချစ်လိုက်တာလဲ သူ့အပြင်နှစ်ယောက်မရှိဘူး။ တီဗီနဲ့သတင်းစာထဲမှာပေါ့။ နှစ်ဖက်လုံးက ပြည်သူဆိုတာကို ကြည့်ဖို့ထား၊ သတိတောင်ရခဲ့တာမဟုတ်ပါဘူး။

ဒါကို သမတကြီးက အမေရိကားသွားကာနီး တရုတ်ပြေး၊ အမေရိကားရောက်တော့လဲ တရုတ်က ကျေးဇူးရှိတယ်ပြောတော့ ဦးအောင်မင်းကလဲ ကျေးဇူးဆပ်ရမယ်လုပ်ကရော။ စီးပွားရေးစီမံကိန်းထက် ကျေးဇူးဆပ်စီမံကိန်းပါ။ ရေရှည်အကျိုးအမြတ်ဘာမှစဉ်းစားခဲ့တာမဟုတ်ဘူး။ ဂျုတ်ကြီးက ချုပ်ဆို ချုပ်လိုက်တာမျိုးဖြစ်မှာပါ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလား၊ မရှိလား၊ ချုပ်တုန်းကဆို သဘာဝပတ်ဝန်းကျင်ဆိုတဲ့စကားလုံးတလုံး ပြုတ်ကျသံတောင် ကြားလိုက်မိမယ် မထင်ဘူး။ ဥပဒေတောင်မနေ့တနေ့ကမှ ရေးရတာလေ။

ဒီစာချုပ်ချုပ်တဲ့နောက်တချက်က တရုတ်ကိုကြောက်လွန်းတာလဲပါမှာပေါ့လေ။ ဦးအောင်မင်းကိုယ်တိုင်ဝန်ခံလိုက်ပြီဘဲ။ အဲဒီ ကြောက်နေရပါတယ်ဆိုတာကို ဇာတိသွေးဇာတိမာန်အကြောင်း တချိန်လုံးထိုင်ပြောနေသူတွေက ပြောလိုက်တာနော်။

တပည့်တော်တို့က တရုတ်ကိုကြောက်နေရတာဘုရား။ (အရှင်ဘုရားတို့ကိုတော့ မကြောက်ဖူးပေါ့)၊ (ပြည်သူကိုတော့ မကြောက်ဖူးပေါ့) ဒါ့ကြောင့် ၁၀ ရက်လောက်နေရင် အကြောင်းပြန်ပါ့မယ်ပြောပြီး ၁၀ ရက်မပြည့်ခင် လောင်မီးချလိုက်တာဘဲ။

နေပြည်တော်မှာ တရုတ်ပြေးမင်းတရုပ်ထပ်သွန်းဖို့ကောင်းတယ်။ ကြေးစင်တောင်ကကြေးနဲ့။

ပြောရရင်ကြေးနီစီမံကိန်းဟာ ကျေးဇူးရှင်တရုတ်နဲ့ ကျေးဇူးစားဦးပိုင်ကြီးများ အကျိုးစီးပွားစီမံကိန်းပါ။

လူကြောက်ကြီးများရဲ့ ဆက်ကြေးပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “လူကြောက်ကြီးများရဲ့ ဆက်ကြေး (Beggar Citizen)
  1. ကြောက်ခြင်ရောင်ဆောင်ပြီး သူခိုးကျင့် သူခိုးကြံ နောက်ဆင်ကြံ ကြံတာဘဲ။ ၂၀၁၅ နှစ်ရွေးကောက်ပွဲမှာ လုံးဝနိုင်ခြေ
    မရှိတာကြောင့် ရသမျှ အသုဘစရိတ်ယူနေကြတာဘဲ။ ဦးပိုင်က ဗိုလ်စုတ် တွေနဲ့  ဗိုလ်ပြုတ် တွေကအဆိုးဆုံးဘဲ – – –

Comments are closed.