ကဗျာ

ဘေးကျပ် နံကျပ်

ကျော်ဟုန်း
မေ ၂၃၊ ၂၀၁၂

စပျစ်ခိုင်နံဘေးမှာ ခွေးဟောင်သံကြားတယ်
စပျစ်သီးချကျွေးလိုက်တော့
နမ်းရှုံ့ပြီး ခွေးကမော့ကြည့်တယ်
သဒ္ဓါကျွံမှားသွားပြီလားမသိ။

သေးသိမ်သူတွေရဲ့မျက်စိကို ဒေါက်ထောက်ဖို့
စိတ်ပညာဗေဒတွေ အသုံးကျမယ်ထင်ရ
မဖြစ်ညစ်ကျယ်တွေ ရန်ကလဲအများသား။

ရိုက်လင်းတန်းနဲ့ ပြန်လင်းတန်းကြား
အချိုးညီတွေ ရှာရင်းဖွေရင်း
သင်္ချာနဲ့ သင်ညာ စစ်ခင်းလေပြီတကား။

‘ဝ’ နှစ်လုံးရှိပြီး ‘ဝိ’ မလုပ်တတ်သူတွေကို
‘ဝ’ တလုံးရှိသူက သနားရမလား၊ ကစားရမလား
ဉာဏ်ပညာနဲ့ ချစ်ခြင်း စစ်ခင်းနေရမလား။

ခွေးဟောင်တိုင်း ထမကြည့်တော့ပါဘူးဆိုရင်လဲ
ဝီရီယနည်း သတိ မမြဲရာရောက်မယ်၊
ခွေးဟောင်တိုင်း ထကြည့်ပြန်တော့လဲ
အိပ်ရေးပျက်နိုင်သလို အတွေးလဲပျက်နိုင်တယ်။

လက်ထိပ်အနာပေါက် ခံစားချက်
မသေလောက်သလို မနေလောက်ပြန်ဘူး။

ကဲ … ကိုယ့်အလုပ် ကိုယ်လုပ်
ကိုယ့်သမိုင်း ကိုယ်ရေး
ကိုယ့်သီလ ကိုယ်ခြုံ
သေရင် မှတ်တမ်း သူများကရေးမယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts