>
အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂၀၁၁ မှာအာရပ်နွေဦးကို သင်ခန်းစာ ယူလိုက်သလား၊ မြောက်ကိုရီးယားက ခေါင်းဆောင်ကြီးကိုပဲသင်ခန်းစာ ယူလိုက်သလား။ ပထ၀ီနိုင်ငံရေး၊ စွမ်းအင်လောင်စာ နိုင်ငံရေးတွေနဲ့ ၂၁ရာစုသစ် နိုင်ငံရေးကစားပွဲမှာ ဒီတခါ ငါတို့ အလှည့်ပဲလို့ ပိုင်ပိုင်ကြီး ဆုံးဖြတ်လိုက်ပြီလား။လား … လား … လား … ။ မြန်မာပြည်ပြင်ပမှာကတော့ သတင်းဖတ်သူတွေကတော့ “They are smart!!!” လို့ ပြောလာကြလို့ သွားဖြီးလေးနဲ့ တုန့်ပြန်နေရတယ်။
ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက စစ်အစိုးရရဲ့ဗို်လ်ချုပ်ကြီးတဦးက ပညာရှင်တွေကို လမ်းညွှန်ချက်များ ပေးတဲ့အခါ weatherမကောင်းရင် ဖြုတ်လဲလိုက်လို့ ပြောခဲ့တယ်ဆိုတဲ့ ဂန္ထ၀င်ပြက်လုံး ရှိပါတယ်။အခုအချိန်မှာ လက်ရှိအာဏာရှင်တွေဟာ weather မကောင်းတာကို ဖြုတ်မလဲတော့ဘဲ weatherမျိုးစုံကို ရင်ဆိုင် ကျော်လွှားနိုင်အောင် ပြုပြင် ပြောင်းလဲမှုတွေလုပ်နိုင်နေပြီလို့ ပြောရမလိုပါပဲ။
ဘာကြောင့် ဒါကို ပြောဖြစ်သလဲဆိုတော့ တလောကအေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ကကျောင်းသားများလုပ်ကြံသတ်ဖြတ်ခံရမှုကြီး သတင်းတွေ၊ ခံစားချက်တွေသတင်းစာမျက်နှာများမှာ တက်ရောက်လာတဲ့အခါ စာဖတ်သူတွေထဲက တချို့က မတရားမှုကိုဖော်ထုတ်ရမယ်၊ အပြစ်ကျူးလွန်သူတွေကို အရေးယူကြရမယ်လို့ တဖက်က ပြောကြသလို၊တဖက်ကကလည်း ကျောင်းသားတပ်မတော်ကြီးတခုလုံးရဲ့ အခမ်းကဏ္ဍကို တခါတည်းဖျက်သိမ်းလိုက်ဖို့ နံမယ်ပျက်စာရင်း သွင်းလိုက်ဖို့ အဆိုတွေ တင်သွင်းဖြန့်ချိလာကြတာကို တွေ့ရပါတယ်။
မြန်မာ့လွတ်လပ်ရေးမှာ အခမ်းကဏ္ဍတနေရာက ပါဝင်ခဲ့တဲ့တပ်မတော်ကြီးကို လက်ရှိမှာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေလို့တပ်မတော်ကြီးတခုလုံး ဖြုတ်လဲပစ်လိုက်ဖို့ မလွယ်ဘူးလို့တော့ ထင်မိပါတယ်။
အင်န်အယ်ဒီပါတီဟာ ၉၀ ရွေးကောက်ပွဲမှာတခဲနက်အနိုင်ရခဲ့တယ်။ ပြည်သူတွေ မဲနဲ့ ရွေးချယ်ခဲ့တဲ့ အမတ်ပေါင်း ၃၉၀ ကျော်ရခဲ့တယ်။ အဲသည် ရွေးကောက်ပွဲနဲ့ အဲသည်အမတ်တွေနဲ့ ပြည်သူတွေအတွက်ဒီမိုကရေစီအစိုးရ ပေါ်ထွန်းသည်အထိတော့ ဖြစ်မလာခဲ့ဘူး။ အဲသည်အချိန်ကာလတလျောက်မှာအင်န်အယ်ဒီပါတီခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုတွေကို အမျိုးမျိုး အဖုံဖုံပြောဆို သုံးသပ်ခဲ့ကြသော်လည်း အင်န်အယ်ဒီပါတီကြီး တခုလုံး ဖျက်သိမ်းလိုက်စရာအခြေအနေအထိတော့ မရောက်ခဲ့တာ သေချာပါတယ်။ ဒါကြောင့်လဲအခုသမိုင်းအလှည့်အပြောင်းမှာ အင်န်အယ်ဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တိုက်ရိုက်ခေါင်းဆောင်မှုနဲ့ ဗဟိုအလုပ်အဖွဲ့အသစ် အဆင့်ဆင့်တွေနဲ့ ပြန်လည်လှုပ်ရှားနေတယ် မဟုတ်ပါလား။
၈၈ မျိုးဆက်တွေ၊ ဗကသ စတဲ့ သမဂ္ဂတွေ၊ သံဃသာမဂ္ဂီတွေ၊တော်လှန်သော အစဉ်အလာရှိသော အစည်းအရုံးတွေဟာ သမိုင်းအဆက်ဆက်မှာ တည်ရှိနေတဲ့foundation တွေ၊ Institution တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒါတွေကိုပုဆိန်ရိုးတွေ၊ ကွန်မြူနစ် (ဗကပ)တွေရဲ့ လက်ပါးစေတွေလို့ အမျိုးမျိုးနာမည်ဖျက်ပြီး ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာ သမိုင်းနဲ့ ချီခဲ့ပြီ ဖြစ်ပါတယ်။
အမှားတွေ၊ မတရားမှုတွေ၊ လူသတ်မှုတွေ၊လုပ်ကြံမှုတွေကို လက်ညိုးထိုးပြီး အဖွဲ့အစည်းတခုလုံးကို ဖျက်သိမ်းရမယ်ဆိုရင် အဲသည်အချိန်အခါတုန်းက ဦးဆောင်မှုပေးပြီး အမိန့်ပေး စေခိုင်းသူကိုတရားသေလွှတ်ပြီးတော့ အဖွဲ့အစည်းနဲ့ နောက်လိုက်တွေအားလုံးကို တရားခံတွေ၊ဒါးစာခံတွေလို စီရင်လိုက်သလို ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။
ကျနော်တို့ သမိုင်းအဆက်ဆက်မှာ တော်လှန်ရေးကတောင်းဆိုလို့ ပေါ်ထွန်းလာတဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ အဖွဲ့အစည်းတွေရှိတယ်။ သူတို့တွေနဲ့အတူ ပြည်သူလူထုဟာ အတူတကွ လက်တွဲလိုက်ပါကြတယ်။ ရပ်တည်ချက်တွေလုပ်ရပ်တွေ မှားယွင်းချွတ်ချော်လို့ရှိရင် သမိုင်းနဲ့ ပြည်သူဟာ မျက်နှာမလိုက်ပါဘူး။အဲသည်လို လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြည်သူတွေကို်ယ်တိုင်၊ နောက်လိုက်တွေကိုယ်တိုင်က လက်တွဲဖြုတ်ကြတာပါပဲ။ အဲသည်အပြောင်းအလဲမှာ ခေတ်ရဲ့ တောင်းဆိုချက်အရပဲအစဉ်အလာရှိတဲ့ Institution တွေရဲ့ တော်လှန်သော အလံတော်ကို ကျဆုံးခြင်းမခံပဲမျိုးဆက်သစ်တွေ၊ ခေါင်းဆောင်သစ်တွေဟာ လက်ဆင့်ကမ်း ဆက်လက် ချီတက်သယ်ဆောင်ကြတာလဲ အမှန်တရားတခုဖြစ်ပါတယ်။
