>Benazir Award for Democracy on Daw Suu

>

ဒေါ်အောင်ဆန်းစုကြည်အား ဘင်နီဇီယာဘူတို ဒီမိုကရေစီဆုချီးမြှင့်
by Yangon Press International
ဇန်န၀ါရီ ၂၆၊ ၂၀၁၂


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် ၁၉၉၀ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် ဘင်နီဇီယာဘူတို ဒီမိုကရေစီဆုကို ယင်းနိုင်ငံမှ သမ္မတ အာဆစ်ဖ် အာလီဇာဒါရီ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယမန်နေ့ နေ့လယ်က ချီးမြှင့်ခဲ့သည်။

ထိုသို့ချီးမြှင့်ရခြင်းနှင့်ပတ်သက်ပြီး ဆုချီးမြှင့်ရေးအဖွဲ့က “ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီကူးပြောင်းရေးခေါင်းဆောင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရည်အချင်းပြည့်ဝမှု၊ သတ္တိရှိမှု တွေရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး သူမဟာ လူ့ဂုဏ်သိက္ခာ နဲ့ တရား မျှတမှုအတွက် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်ချက်တွေ အတွက် ဒီဆုကို ချီးမြှင့်ရတာပါ” ဟုပြောကြားခဲ့သည်။

ပါကစ္စတန်သမ္မတ အာဆစ်ဖ် အာလီဇာဒါရီကလည်း “တစ်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဟာ အောင်ပွဲရပါလိမ့်မယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၅ ရက်နေ့ကလည်း ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့် လီဂျင်းအော့ဖ်အတ်ခ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ။