>41 monks reordained

>


 နိုင်ငံရေးကြောင့် အကျဉ်းကျခံရသည့်  သံဃာ ၄၁ ပါး ကံထပ်ပွဲကျင်းပ
မိုးမခအထောက်တော်၊ရန်ကုန်၊ ဇန်န၀ါရီ ၂၁၊ ၂၀၁၂
မကြာမီက အကျဉ်းထောင်များမှလွတ်မြောက်လာကြသည့် နိုင်ငံရေးကြောင့်အကျဉ်းကျ သံဃာ ၄၁ ပါးကံထပ်ပွဲကို ဒဂုန်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက
ကံထပ်သည့် သံဃာ ၄၁ ပါးတွင်မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက၊ အရှင်ဂမ္ဘီရ၊ ဦးဇင်းဂျောင်းဂျောင်း အစရှိသည့် ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သည့်သံဃာများပါဝင်သည်။ 
 
ကံထပ်ခြင်းခံယူမည့် သံဃာများ နံနက် ၉နာရီဝန်းကျင်တွင်သိမ်တက်ကြပြီးနောက် ၉နာရီ ၅၀ မိနစ်ဝန်းကျင် သိမ်ဆင်းလာသည့်အခါ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့်အခြားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အန်အယ်လ်ဒီပါတီမှဦးဝင်းတင်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဗိုလ်ကြီးဟောင်း ၀င်းထိန်၊မဖြူဖြူသင်းတို့ လာရောက်ကြသည်။ လူပရိတ်သတ် ၁၀၀ ကျော်လာရောက်ကာ သိမ်ဆင်းလှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်ကိုတွေ့ရသည်။

 
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင်သံဃာရာနှင့်ချီအဖမ်းခံခဲ့ရပြီး အချို့မှာ လွန်ခဲ့သည့်နှစ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း အရှင်ဂမ္ဘီရ၊မဂ္ဂင်ကျောင်းဆရာတော် အစရှိသူတို့မှာ ယခင်သီတင်းပတ်မှသာ လွတ်မြောက်လာခြင်းဖြစ်သည်။
ယနေ့ နိုင်ငံရေးကြောင့်အကျဉ်းကျခံရသည့် သံဃာများသိက္ခာထပ်ပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြန်လည်ဆုံစည်းသည့် ပွဲတခု လည်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ ယူတီကာမြို့က အရှင်ပညာနန္ဒနှင့် သီတင်းသုံးဖော်သံဃာတော်များစုပေါင်း၍ အမေရိကန်ဒေါ်လာ ၆၀၀ စုဆောင်းပြီး အဆိုပါသိမ်ထပ်ပွဲသို့လှူဒါန်းခဲ့ကြသည်ဟု သိရသည်။