>Artist Htein Lin – Human Record Changer Last Part

>

 ကျနော် လူကက်ဆက်(ဇာတ်သိမ်း)
ပန်းချီထိန်လင်း
ဇန်န၀ါရီ ၃၊၂၀၁၂
(၁၉၉၂ ဖေဖဝါရီ ၁၃ ရက်The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
 “ကျွန်တော်ကတော့ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
“လောကလည်တဲ့တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
“တနေ့ကလည်းလူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်ကကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်းသောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်ကမေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကိုနားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ်ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီးရေဒီယိုပြက်လုံးတွေပါ။
ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေစည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာတ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူတွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ်ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်ကမသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့်နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။
ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ်လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်ကထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး“ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့“၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်းလိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင်လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင်ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။
ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော(မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက်ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေတွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန်လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ  ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကိုမြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။ 
တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီးတော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီးအုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှမလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှပန်းပုကျော် ဟင်နရီမိုးစ်ရဲ့  စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာတုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ“ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီးစောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီးပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲဝင်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ်သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့်သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေးဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။  
ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆိုခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီးတက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေအထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့်သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။           
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာအလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။ 
“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ်ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြစားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါနေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင်နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအားသွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။            
အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီးသူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းကတင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ …အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့ကပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက်လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလိုစိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကိုအမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာနှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာနအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီမြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာမြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံလိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်းကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲနေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး”လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီးကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုးကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်ကကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကိုတခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့လှုပ်ရှားမှုမှာ ဒဿတို့ကဇာတ်လိုက်တဲ့ဗျ။       
    
(မတရားစွတ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် (အေဘီ(မြောက်ပိုင်း)၏ ခေါင်းဆောင် ကိုထွန်းအောင်ကျော်)
သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေးဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှဝမ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိသွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူထောက်လှမ်းရေးပါလို့ပြောခဲ့ရတာဖြစ်ပါတယ်။          
ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာဝမ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့်မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်းမလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက်လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်”သီချင်းပါ။
… “မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေတောင်ပြန်လေ” ……..
သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်းကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါခံစားခဲ့ကြရပါတယ်။          
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့သဘောနဲ့သူကို ထထိုင်ပြီး  ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။  
တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့”ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့်မသာတော့ပါဘူး။           
ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာကအကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကိုကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်းကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကိုဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်းအေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီးအကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက်စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ”သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆိုအကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီးတော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့တကယ့်ကိုအံ့သြမိပါတယ်။           
နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာစံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှသိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော်တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာအိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ဆိုပါတယ်။           
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာကနားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန်စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။   
…….. “အိုး……ခေါင်းမှာစည်းတဲ့ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………           
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ်မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကိုကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင်ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ ကဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀)နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင်မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်းအမြဲဆိုလေ့ရှိသဗျ။           
မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မကကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော်မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှသူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင်သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကိုထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ်ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။ 
(မတရားစွတ်စွဲပြီး လုပ်ကြံခြင်းခံခဲ့ရသော အေဘီ(မြောက်ပိုင်း) က ကျောင်းသူ၊ ရဲမေများ)

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီးပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့်ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကိုဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီးဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့လူကျတော့နားရွက်ပေါ့ဗျာ။           
မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ”သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော်အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်းသတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက်မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ်ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီးဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်းသူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။
မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်)သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံးသူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ဆိုပါတယ်။        
သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာစန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့်ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီးကျေးဇူးတင်မိရပါတယ်။
အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊”…… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီးလောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲအမှတ်ရနေမိပါတယ်။           
ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့“မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်းကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြားကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကိုအမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့်သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့
… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသားစစ်စစ်ကွ” …
 လို့ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ဆိုပါတယ်။        
ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကိုဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာအသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှမိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာမချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီးလိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်းဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ဝဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့  “မပြီးသေးသောပန်းချီကား”သီချင်းပါ။          
နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင်ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက်ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကိုမတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီးနန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်းသူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ”သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လိုဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံးရပုံပေါက်ပါတယ်။         
မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက“သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူးအောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှမကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး“သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့်သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိစောင့်နေတာပါပဲ။           
ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းကကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးကတအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာမှတ်မိနေသဗျ။         
ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမားညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက်မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်းငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာသင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့“ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road”စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေနားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ)ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင်နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းကသူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့မြှားဘုရင် သီချင်း  တပုဒ်ကိုပဲရွေးဆိုလေ့ရှိပါတယ်။          
သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လိုလူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့်အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကိုမသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံးတော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” …ပါ။           
ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးကလိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီးသေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်ကပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ “ပစ်ထားလိုက် …” လို့ တယောက်မှသဘောထားပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။
ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုးသူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့ကအရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ဦးကျာကြီးရဲ့ စိတ်ဓါတ်ကိုပိုလို့လေးစားမိပါတယ်။          
ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလိုကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာမဖြစ်တာ။           
တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်ကတော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက်ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသားကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှသီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။          
…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ယောက်တုဖက်ပြောရင်၊  အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲရောက်ခဲ့မိပြီကိုး” …………..
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း”“ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေးဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။
           
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်းလာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။
ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်းရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်းငရဲညပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်းကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့်အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံးဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီးစကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်းကွယ်လွန်ခဲ့ပါတယ်။        
၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ(ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ်သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေသီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦးရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲကတွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။
ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကိုညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ်ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါကပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင်မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။  
ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင်ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီးကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီတပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့်လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င်ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။
ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန်မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြုမသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာမရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင်ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
တခါတခါကျတော့လည်း  ဘ၀မှာကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည်ခံစားနိုင်ပါလိမ့်မယ်။



အေဘီအက်စ်ဒီဖက်(မြောက်ပိုင်း) ကျောင်းသားများလုပ်ကြံသတ်ဖြတ်ခံရခြင်း (၁၉၉၁ – ၁၉၉၂) ဆိုင်ရာပန်းချီထိန်လင်း၏ စာများ

(၁)Artist Htein Lin – ကျနော်လူကက်ဆက်

(၂)ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က