၂၀၁၁ ခုနှစ်ရဲ့မိုးမခမိတ်ဆွေများအဖြစ် ဒေါ်နော်အုန်းလှကို ဂုဏ်ပြုပါတယ်
၂၀၁၁ ခုနှစ်မြန်မာ့အရေးလှုပ်ရှားသူများအနက် မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန်အင်္ဂါဆုတောင်းအဖွဲ့ လှုပ်ရှားသူ ဒေါ်နော်အုန်းလှကို မိုးမခစာနယ်ဇင်းအဖွဲ့က ရွေးချယ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စုဝေးဆုတောင်းလှုပ်ရှားမှုစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သူ၊ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် စစ်အစိုးရ၏ဖမ်းဆီးထောင်ချခြင်း ခံရသည့်အပြင် စစ်အစိုးရ၏ ထောက်လှမ်းရေးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၏လိုက်လံအနှောက်အယှက်ပေးမှုများ၊ အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူတဦးဖြစ်ပါတယ်။ ( နိုင်ငံရေးဖြစ်စဉ်အကျဉ်း၊ဒေါ်ချိုချိုအေး ပြောပြမှု )
၂၀၁၁ ရဲ့မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန် ရွေးချယ်ခဲ့တဲ့ အဓိကအချက်ကတော့ ၂၀၁၀ မေလမှာသူရဲ့ နောက်ဆုံးအကျဉ်းထောင်ဒဏ် ၂ နှစ် (၁၉ လခန့် တောင်ငူထောင်တွင်ကျခံခဲ့ပြီး)လွတ်မြောက်လာခဲ့သည့်နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုံဆော်မှု၊ နိုးဆော်မှုတွေ ဆက်လက်လုပ်ကိုင်ခဲ့ခြင်း၊ ၂၀၁၁ စက်တင်ဘာ ၂၆ဆူးလေဘုရားရင်ပြင်မှာ ရွှေဝါရောင်နှစ်လည်နဲ့ နိုင်ငံရေးအကျဉ်းသားများအတွက်ချီတက်ဆုတောင်းမှုများ ဆောင်ရွက်ရာမှာလည်း လက်ရှိအစိုးရနဲ့အတိုက်အခံနိုင်ငံရေးအင်အားစုများ ၂ ဖက်စလုံးထံက ဝေဖန်မှုများကို ခံယူပြီးမိမိယုံကြည်မှုကို ဆက်လက်ရပ်တည် ဆောင်ရွက်ခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်တို့ကလည်း တိုင်းပြည်အတွက် ဆောင်ရွက်နေကြသလို မိမိတို့ကလည်းတိုင်းပြည်အတွက် မိမိတို့ရဲ့ အခမ်းကဏ္ဍက ဆောင်ရွက်နိုင်သမျှကို ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အင်န်အယ်ဒီပါတီနဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးဆုံးဖြတ်ချက်ကို မိမိယုံကြည်ချက်နဲ့ ရပ်တည်ချက်အတိုင်း ကန့်ကွက်မှုများ၊မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒေါ်နော်အုန်းလှဟာနိုင်ငံရေးအရေးလှုပ်ရှားသူမြန်မာပြည်သူတဦးအနေနဲ့ အခက်အခဲ အတားအဆီးများ၊ဖိနှိပ်မှု၊ ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများကို ရင်ဆိုင်သူ၊ ၂၀၁၁ ခုနှစ်မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလမှာ အာဏာရအဖွဲ့အစည်းများသာမကအတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူတဦးအဖြစ်အနေနဲ့၎င်း၊ လာမယ့် ၂၀၁၂ ကာလမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအာမခံချက်များအတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တဲ့ ရဲရဲဝံ၀ံမေးခွန်းထုတ်ရေး၊ အဖြေရှာရေး၊ ဆက်လက်ပြီးတော့လည်း ယုံကြည်ချက်အတိုင်းမဆုတ်မနစ် လှုပ်ရှားရေးတို့ကို ဖော်ကျူးနေတဲ့နမိတ်ပုံအနေနဲ့မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါတယ်။
မိုးမခမိတ်ဆွေများ ရန်ပုံငွေကမြန်မာငွေ ကျပ် ၄ သိန်းကို ဒေါ်နော်အုန်းလှကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်မှာဖြစ်ပါတယ်။ မြန်မာပြည်ပမှာရော မြန်မာပြည်တွင်းမှာပါ မည်သည့် အခမ်းအနားမှ ကျင်းပမှာမဟုတ်ပါဘူး။ မည်သည့် စာရွက်စာတမ်း၊ ဆုတံဆိပ်တွေလည်း ပေးနိုင်မှာ မဟုတ်သလိုဂုဏ်ပြုခြင်း ခံရသူထံကလည်း မည်သည့် လက်မှတ်ထိုးလက်ခံပြေစာတွေ တောင်းဆိုမှာမဟုတ်ကြောင်း ပြောကြားလိုပါတယ်။
ဒေါ်နော်အုန်းလှကိုမိုးမခမိတ်ဆွေတဦး ဖြစ်ခွင့်ရတဲ့အတွက် ကျနော်တို့က ဂုဏ်ယူမိပါတယ်။ နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
