>
ဒီဇင်ဘာ ၁၆၊ ၂၀၁၁

“ရုပ်ရှင်သမားတွေက ဘယ်လိုလဲဗျာ၊ ပေါ်လစီကားရိုက်တော့လည်းသူတို့၊ အခုဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားဆိုတော့လည်းသူတို့ …”
ဘယ်သူတွေက ဘယ်လောက်ပင် စင်ကြယ်၊ လိပ်ပြာသန့်နေသည်မသိ၊ ဦးသူပြောစတမ်းဆိုကြသည့် ‘သာကူး’တို့၊ ‘စိတ်စေ့’တို့ ဟူသော အသံတွေနည်းတူ ယခုလည်း လ္ဘက်ရည်ဆိုင်မှာ အာဘောင်အာရင်းသန်သန် ဆိုနေသူ၏ မျက်နှာမှာ ရှုံ့ချည်တစ်ခါ၊ မဲ့ချည်တစ်လှည့်။ ပြီး တော့ သူတို့ပြောစကားသံတွင် ‘ခုတုံး’ ဆိုသည်လည်း ပါသည်။ ဘယ်သူက ဘယ်သူကို ‘ခုတုံး’ လုပ်သည်ဆိုခြင်းကိုတော့ သူတို့စကားကို စ၊ လယ်၊ ဆုံး ကြားသိရခြင်း မဟုတ်၍ တိတိပပ မသိရ။ သို့သော် ‘ခုတုံး’ ဆိုသော ဝေါဟာရအပေါ် ခံယူမှုအမျိုးမျိုးထားနိုင်သည်ဆိုခြင်းကို တော့ ထိုတဒင်္ဂအတွင်း ကျွန်တော်တွေးဆကာ လွန်ခဲ့သော (၂) နှစ်ခန့်က အသံလွှင့်ဋ္ဌာနတစ်ခုမှာ မိတ်ဆွေကြီး ဦးကျော်သူပြောခဲ့သော စကားလေးတစ်ရပ်ကို အမှတ်ရမိသည်။
“အနုပညာကိုခုတုံးလုပ်ပြီး လူမှုရေးလုပ်တယ်။ လူမှုရေးကိုခုတုံးလုပ်ပြီး ငြိမ်းချမ်းရေးကိုရအောင်လုပ်မယ်” ဟူသော ဦးကျော်သူ၏ စကားကို ကြားခါစက ဒီလူကြီး အငေါ်တူးပြီး ဆိုလိုက်လေသလားဟု ထင်ခဲ့မိသေးသည်။ သို့သော် သူ့ယုံကြည်ချက်ကို ဆိုခဲ့ခြင်းဖြစ်ကြောင်း တစ်ပါး သူကို ခုတုံးလုပ်တာထက် ကိုယ့်မှာရှိသောအရာကို အသုံးချ (ခုတုံးလုပ်) ခြင်းသာဖြစ်ထိုက်ကြောင်း ကိုယ့်အရည်အသွေးကို ချခင်းခုတုံး လုပ်ပြီး အများအကျိုး ဆောင်ရွက်ခြင်းမှာ မွန်မြတ်ကြောင်း ယင်းအတွက် မင်းသားကျော်သူဆိုသည့် အနုပညာကိုခုတုံးလုပ်ပြီး လူမှုရေး လုပ်ငန်းတွေကို ဆတက်ထမ်းပိုး ဆောင်ရွက်လုပ်ကိုင်ခဲ့ပြီး၊ လူမှုရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ချိန်၌ ထိုလုပ် ဆောင်နိုင်မှုကို ခုတုံးလုပ်၍ ငြိမ်းချမ်ရေးကို ရအောင်ဆောင်ရွက်ရဦးမည်ဟု သူခံယူကြောင်း ရှင်းပြသည်။ ဤသို့ဆိုသော် ‘ခုတုံး’ ဟူသော ဝေါဟာရက လွန်စွာကောင်းမြတ်ပါတကားဟု ကျွန်တော် နှစ်သက်သွားမိခဲ့ဖူး၏။
ယခုလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် တက်ကြွလှုပ်ရှားနေသူတို့နှင့်ပတ်သက်၍ ‘ခုတုံး’ ဆိုသည့်စကား ကြားလာ ရပြန်သည်ကြောင့် ယင်း ‘ခုတုံး’ အား ဦးကျော်သူပြောခဲ့ဖူးသည့် ‘ခုတုံး’ လို နှစ်သက်ဖွယ် ‘ခုတုံး’ ဖြစ်သွားစေချင်မိသည်။
ပြည်ခရိုင်နှင့် သာယာဝတီနယ်တို့ဆီ လွန်ခဲ့သောရက်သတ္တပတ်များက ခရီးအတူသွားခဲ့စဉ်လမ်းမှာ ကျွန်တော်က “တုံးခုလို့မှ လှမ်းမရရင်၊ ခုန်ပြီးတော့ခူးမယ်။ မလွယ်ပေမယ့် ငါဟာလုံ့လရှိရမယ်” ဟူသော သီချင်းစာသားလေးအပေါ် ဦးကျော်သူနှင့် ဆွေးနွေးဖြစ်ခဲ့သေး၏။
“တုံးခုတယ်ဆိုတာ ခုဖို့တုံးက ကိုယ်တိုင်သယ်မပြီး ခုတယ်ဆိုရင် လုံ့လရှိတဲ့သူလို့ ဆိုနိုင်ပေမယ့် တစ်ပါးသူချထားတဲ့တုံးပေါ်တက်ပြီး လှမ်း တယ်ဆိုရင်တော့ ဒါဟာ လုံ့လရှိသူမဟုတ်ဘူး” ဟု ဦးကျော်သူက ဆိုခဲ့သည်။ ဒါက ဦးကျော်သူ အယူအဆ။ သူ့အယူအဆကို ကျွန်တော် မငြင်းနိုင်။ အချို့က ကိုယ်ပိုင်အရည်အချင်း အရည် အသွေးကို အသုံးချနိုင်ခြင်း မရှိသည့်အတွက် သူတစ်ပါးကို ‘ခုတုံး’ လုပ်ကြသည်။ သူတစ်ပါး ကြိုးစားပမ်းစား တည်ဆောက်ထားမှုအပေါ်၊ လူပေါ်လူဇော်ပြုတက်ကာ တုံးခုလှမ်းကြသည်။ တချို့များကျတော့ ခုတုံးတစ်ခု သာမက ‘နှစ်ခုတုံး’ ဟုဆိုရအောင် နှစ်ဦးနှစ်ဖက်အပေါ် အညွှန့်ခူး ကြားပွဲစားပြုကြသည်။ ဤနေရာတွင် ‘ခုတုံး’ နှင့် ‘တုံးခုလှမ်းခြင်း’ကိစ္စတို့ကို ဦးကျော်သူ၏စကားဖြင့် ကိုးကားဆိုနေမိခြင်းမှာ သူသည်ယနေ့ကာလတွင် လူမှုပရဟိတ သူရဲကောင်းတစ်ဦးအနေဖြင့် ပြည်သူတွေ၏ အချစ်ကို ရယူထားနိုင်နေခြင်းကြောင့်ဖြစ်သကဲ့သို့၊ ဟိုယခင်ကာလများလည်း ပီပြင်သောသရုပ်ဆောင်မှု၊ စိတ်ကူးစိတ်သန်းကောင်း ရိုက်ကူးတင်ဆက်နိုင်မှုတို့ဖြင့် ရုပ်ရှင်ပရိသတ်နှင့် အနုပညာချစ်သူတို့၏ နှလုံးသားကိုဖမ်းစားနိုင်ခဲ့သူ အကယ်ဒမီသရုပ်ဆောင်၊ ဒါရိုက် တာလည်းဖြစ်သည့်အတွက် ယခုအခါသူပေးသော ဥပမာတွေက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားရိုက်ရန်တာစူနေကြသူ ရုပ်ရှင် လောကသားတွေအပေါ် စာနာနားလည်နိုင်စေရန် ဥပမာပြုနိုင်ခြင်းကြောင့်ပင်။

“အသုံးချခံရသည်ဆိုလျှင် မည်သည့်အတွက် အသုံးချသနည်း။ တိုင်းပြည်အတွက်အသုံးချခြင်းဆိုလျှင် ကျေကျေနပ်နပ်ကြီးခံယူမည်” ဆို သည့် ဒေါ်အောင်ဆန်းစုကြည်၏ လေးစားဖွယ်မြတ်နိုးဖွယ်စကားလည်းရှိသည်ကြောင့် ယခုကျွန်တော်တို့၏ ပြည်သူချစ်သော အနုပညာရှင် များအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်ဆိုလျှင် ကိုယ့်ကိုယ်ကို ခုတုံးအဖြစ် ခံယူပေးဆပ်သွားနိုင်သူများဟု ကျွန်တော်ယုံကြည် သည်။ သို့သော် ‘ခုတုံး’ အဖြစ် ခံယူရန်ဆုံးဖြတ်ပြီးကြပြီလားဟူ၍တော့ မေးချင်၏။
အသုံးချခံမှုဟုဆိုဆို၊ ခုတုံးပြုခံသည်ဟုပြောပြော ထိုသို့ဆောင်ရွက်နိုင်ဖို့မှာ နေရာနှင့် စေတနာသည် လွန်စွာအရေးပါသည်ဟု ကျွန်တော်မြင် သည်။ တချို့နေရာရှိသော်လည်း စေတနာမရှိ။ တချို့စေတနာရှိသူတွေမှာ နေရာမရှိ။ သို့ဖြစ်၍ ကိုယ်ရရှိထားသည့်နေရာနှင့် ကိုယ်တတ် စွမ်းသောအရာတို့ဖြင့် တိုင်းကျိုးပြည်ပြု ဆောင် ရွက်မှုတွေမှာ အစွမ်းကုန်ပေးဆပ်လိုစိတ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားသည် ကိုယ့် အတွက် မဖြစ်စေဘဲ၊ ကိုယ်သည်သာ ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် ‘ခုတုံး’ ဖြစ်သင့်သည် မဟုတ်ပါလော။
အမျိုးသားရေးအသွင် ဆောင်ရွက်ကြမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုသည် သာမန်ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုနှင့် ထပ်တူမကျ မရနိုင်။ တမျိုးသားလုံး ချစ်မြတ်နိုးသော နိုင်ငံ့ခေါင်းဆောင်ကြီး၏ အတ္ထုပ္ပတ္တိဖြစ်သလို တကမ္ဘာလုံးက လေးစားအားကျ စိတ် ၀င်စားသည့်ပုဂ္ဂိုလ်ကြီး၏ သမိုင်းဝင်ရုပ်ရှင်လည်းဖြစ်ထိုက်သည်ကြောင့် အထူးပင် စေ့စေ့စပ်စပ်ဆောင်ရွက်ကြရမည့် ရုပ်ရှင်ရိုက်ကူးမှုကြီး တရပ်လည်း ဖြစ်ပါလိမ့်မည်။ ကမ္ဘာတစ်ဝန်းမှာ ပြသနိုင်သော ဇာတ်ကားမျိုးအထိလည်း ဤဇာတ်ကားရိုက်ကူးဖို့ စတင်တိုက်တွန်းသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆန္ဒရှိပါလိမ့်မည်။ ဖြစ်လည်းဖြစ်ထိုက်ပါပေသည်။
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုပြင်ဆင်ကာ ဘယ်လိုရိုက်ကူး၍ ဘယ်လိုကမ္ဘာကျော်ရသည် ဆိုခြင်းကိုတော့ ရုပ်ရှင်လောက သားတွေသာ အသိဆုံးဟု ကျွန်တော်ယုံကြည်သည်။ ထို့အတူ ယနေ့ မြန်မာရုပ်ရှင် ဇာတ်ကားတွေ ခေတ်ကာလဈေးကွက် အခြေအနေအရ ရိုက်ကူးနေသလိုမျိုးနှင့်တော့ မရဆိုခြင်းကိုတော့ ရုပ်ရှင်လောကသားတွေသာအသိဆုံးဟု ကျွန်တော်ယုံကြည်သော ယုံကြည်မှုများ အများ အပြားရှိသေးသည်။ မည်သို့ဆိုစေ ယနေ့ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို အကြောင်းပြု၍ ဗိုလ်ချုပ်ကိုချစ်သူတို့ နှလုံး သားချင်း နီးစပ်နေကြပြီလည်းဖြစ်၏။ ဗိုလ်ချုပ်ကိုချစ်ရာတွင် အစိုးရတို့၊ အတိုက်ခံတို့၊ ပြည်သူတို့၊ ပြည်တွင်း/ပတို့ ကွဲပြားမှုမရှိ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းပြုကာ သူ့အခန်း၊ ကိုယ့်အခန်း နည်းသည် များသည်ဆိုသော (ဇာတ်ဝင်ခန်းသာမက တခြားပါဝင် ဆောင်ရွက်ရသည့်အခန်းကဏ္ဍတွေကိုလည်း ဆိုညွှန်းလိုပါသည်) ကိစ္စတွေ ပေါ်ပေါက်လာမှာကိုတော့ စိုးရိမ်မိသည်။ သို့အတွက် ဗိုလ်ချုပ် အောင်ဆန်း ဇာတ်ကားရိုက်ကူးရေးတွင် ကျရာနေရာတွင် ပါဝင်ဆောင်ရွက်ကြမည်ဟု ဆန္ဒရှိကြသူများအနေဖြင့် မည်သို့စိတ်ထား ရှိအပ် သည်ဆိုလျှင် ကျွန်တော်အကြံပြုလိုသည်က ကိုယ့်တွင်ရှိသော အရည်အချင်း၊ အရည်အသွေးတို့ကို ‘ခုတုံး’ အဖြစ် ‘အသုံးချခံ’ အဖြစ် ထားရှိနိုင်ပါမည်လောဟု ဆင်ခြင်ထားကြရန်ဟူ၍သာ။
အမျိုးသားရေးအကျိုးမှာ ခုတုံးအဖြစ်ခံယူကာ ရိုက်ကွင်းသတင်းယူမည့် စာနယ်ဇင်းသမား …
ကိုမျိုး (မြန်မာစာ)