>
ကိုပီတာ (စမ်းချောင်း)
ဒီဇင်ဘာ ၈၊ ၂၀၁၁

ချစ်စရာကောင်း သမီးလေး တီဗွီ ရှေ့လက်ထောင်ကာ တီဗွီကို ကောင်းကောင်းမကြည့်နိုင်ရန် ဆန္ဒပြနေပြီ။ အသက် ၂ နှစ် ၈ လမပြည့်သေးသော်လည်း စကားမပီကလာပီကလာနှင့် လိုချင်တာကို ရအောင်လုပ်တတ်နေပြီ။ မယုံကြည်နိုင်လောက်အောင် ခံစားမူ၊ နားလည်မူ၊ အသိစိတ်တို့သည် ဖွံ့ဖြိုးလွန်းပါ သည်။ သမီးတဦးတည်းမဟုတ် သမီးနှင့် သက်တူကလေးများ၊ တခြားကလေးများသည် အသိစိတ် ဖွံ့ဖြိုးလွန်းပါသည်။
နယ်မှဧည့်သည်များရှေ့မှာ သမီး ယခုကဲ့သို့ အားလုံးကြည့်နေသောတီဗွီကို မကြည့်ရအောင် လက်နှင့်ကာလိုက်၊ အ၀တ်နှင့်ကာလိုက်၊ နည်းအမျိုးမျိုးဖြင့်ဆန္ဒပြနေသည်ကို ဘာလုပ်ရမလဲ စဉ်းစားကြည့်လိုက်သည်။ စစ်အစိုးရလိုပဲ ရိုက်နှက်ပစ်လိုက် အသေသတ်ပစ်လိုက် စဉ်းစားမိတာနဲ့ ရင်ထဲဆို့နင့်သွားတယ်။ ခုအစိုးရလိုပဲ သမီးလေး မကျေနပ်တာရှိလို့ ဆန္ဒပြရင် ၅ ရက် ကြိုတင်အကြောင်းကြားပါ။ နေရာသတ်မှတ်ပါ။ လို့သမီးကို ပြောရင် စိတ်တိုနေတဲ့ သမီး ဒီ ကန့်သတ်ချက်ကို ထပ်ကန့်ကွက်မှာအမှန်ပဲ။ ကိုယ့်အတွက် ကြည့်ပြောတာကိုး မိဘ ဘယ်ပီသပါမလဲ။ ကိုင်မပြီး နောင်ဒါမျိုးမလုပ်ရဲအောင် ဆရာကြီးတွေ လုပ်သလို ၆၅ ရက်လောက်အခန်းထဲ ပိတ်လှောင်ထားရင်ကောင်းမလား။
ရင်ထဲမှာ သမီးလေးကို သနားလာသည်။ ကျနော်ဘာလို့ ဒီလိုတွေးမိပါလိမ့်။ ကျနော့်အတွေးသည် သမီးလေးကို အုပ်ထိန်းသူ ဖခင်မပီသတာကို ကျနော် သိသည်။ ကျနော်တို့ကို နှစ်ပေါင်း ရာစုဝက်မျှ မင်းမူသွားသော အုပ်ချုပ်သူ အုပ်ထိန်းသူတို့၏လုပ်ရပ်များ လုပ်ဇာတ်များက ကျနော်အသိတရားထဲ မမှန် မကန် နေရာယူနေပြီ။ အရာရာကို သူတို့လို တုံပြန့်ချင်နေပြီ။ ကျနော်တို့ကို ထိန်းချုပ်သင်ကြားပေးခဲ့သော မေတ္တာမဲ့အာဏာရူးတို့၏အကျင့်ဆိုးကြောင့် မေတ္တာငတ်ခဲ့ရသည်။ မေတ္တာတရား ဆိုဒါ ခွေးစားခံလိုက်ရပြီ။
သမီးလေးကိုကြည့်ပြီး ငါဘာမှားနေလဲ ဆိုဒါကို စဉ်းစားမိသည်။ ပြန်ရောက်ရောက်ခြင်း သမီးကို ဖက်လှဲတကင်းမနှုတ်ဆက်ပဲ ဧည့်သည်များကို စကားပြော နေမိသည်။ အမြဲသူအတွက်ပါနေကြ မုန့် မပေးမိသေး။ ကျနော် ဧည့်သည်တွေရှေ့မှာပဲသမီးကို ကောက်ချီလိုက်သည်။ သမီးသည် တွန့်လိမ်ရုန်းရင်း ကျနော့်ကို ထုရိုက်ပါတော့သည်။ ၁၉၈၇ ခုနှစ် ကျောင်းမှာ စာမေးပွဲဖြေချိန်မှာ ကျောင်းသားတွေရဲ့ခံစားမူကို လစ်လျူရှုပြီး ငွေစက္ကူဖျက်သိမ်းခြင်း ပြုခဲ့သ လိုမျိုး၊ ရောက်ရောက်ခြင်း သမီးလေးရဲ့ချစ်ခြင်းကို တန်းဖိုးမထားပဲ ဧည့်သည်ကို အလေးပေးမိတဲ့ကျနော် သမီးလေး၏ထရရိုက်ခြင်းကို ကျေကျေနပ်နပ် ခံယူမိပါသည်။ သမီး လက်မနာသွားအောင်ဖေးမပြီး မိမိလိုအပ်ချက်ကို ပြန်ဖြည့်မိပါသည်။
ကိုဘုန်းမော်ကို သေနတ်နဲ့ပစ်သတ်လိုက်ပြီး ရပ်ကွက်ကသတ်သလိုလို ကြေငြာသလို မဖြစ်ရအောင်၊ သမီးပေါ်ဧည့်သည်တွေ အဆိုးလေးလို့မမြင်အောင် ကျနော်အပြင်က ပြန်လာရင်သူကို ချီပွေ့ပြီးနှုတ်ဆက်နေကြ။ သူကိုလည်း မုန့်ပေးနေကြ။ မေ့သွားလို့ သမီးက ကြမ်းတာပါ။ သမီးက ချစ်ဖို့ကောင်းပါတယ်။ အဲကနဲအသံထွက်လာပြီး သမီးလေးက ရှိုက်ကြီးတငင်ငင်နဲ့ ငိုချလိုက်ပါတော့သည်။
ကျနော့်ကိုယ်ပေါ်မှာ အိပ်ပျော်သွားသောသမီးလေးကို ကျနော့်မဟေသီ မမျိုးမျိုးက မချီရင်း သူသမီးက ၈၈ ကျောင်းသားတွေလိုပဲ သိပ်ဆန္ဒပြတာဟု နောက်သလိုလိုနဲ့ လာ ဖအေတူလေးဆိုပြီး ခေါ်သွားပါတော့သည်။ သမီးလေးလုပ်တာကို ၈၈ ကျောင်သားတွေနဲ့ မနှိုင်းပါနဲ့မိန်းမရာဟု လှမ်းပြောလိုက်မိသည်။
သူတို့က သူတို့အတွက်လုပ်တာမဟုတ်ဘူး။ မတရားခံနေရတဲ့သူတွေအတွက် မတရားမှုကို တိုက်ဖျက်တာပါ။ မင်းတို့ ငါတို့ ခုလို လူလိုသူလို မဲလေး ထည့်ရဖို့ ၈၈ တုန်းက အဖြူအစိမ်းဝတ်ထားတဲ့ကလေးတွေ သေခဲ့ရတယ်။ အသတ်ခံခဲ့ရတယ်၊ မဲထည့်ရတော့လည်း ပြည်သူရွေးတဲ့အစိုးရကို အသိအမှတ် မပြုဘူး။ သေသွားတဲ့ ခလေးတွေ၊ ကျဆုံးသွားတဲ့ မြန်ပြည်သားတွေရဲ့အသက်ကို တန်းဖိုးမထားသလိုဖြစ်နေလို့ ၈၈ က ဆက်အသက်ရှင်နေရတာ။
သမီးက ကိုယ့်ခံစားချက်ကို ဆန္ဒပြတာပါ။ လိုဘပါ။ ၈၈က ပြည်သူ့မေတ္တာကို ခွေးမစားအောင်ဆန္ဒပြတာကွလို့ အော်လိုက်မိသည်။ ၅ ထပ်တိုက်ပေါ်ကနေ နေ့လည့် ၂ နာရီ အပြင်နေရောင်ကိုကြည့်ရင်း သူတို့ကို ၈၈ တွေကို အားနာစိတ် ဖြစ်လာမိသည်။
ဒီနေ့ညတော့ သမီးလေးကို ဘယ်သူ့သားသမီးဆိုတဲ့ ဖိနပ်ကလေးတဖက်ကြောင့် နန်းတော်ရောက်သွားတဲ့ စင်ဒရဲလားပုံပြင် မပြောတော့ပါ။ ပြုစုစောင့် ရှောက်ထားသော လူပုလေးများကို စွန့်ခွာပြီး အနမ်းရှင်နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတဲ့ စနိုးဝှိုက်ပုံပြင်မပြောတော့ပါ။ စစ်ဘီးလူးကြီး၏ မာယာ၊ လိမ်လည်မူ စသည်များကို တွန်းလှန်ရင်း အဝေးရောက်နေတဲ့ ၈၈ တွေ၊ ထောင်ထဲ ရောက်နေတဲ့ ၈၈၊ ရောက်ရာ အရပ်ကနေ အာဏာဆိုးကို ဖယ်ရှားနေတဲ့ ၈၈ အကြောင်းကို ပြောပြရတော့မည်။
ဒါမှ ငါ့သမီးလေးလည်း သူ့သမီးကို အနိုင်မကျင့်မိမှာ …။