>A story of syria street protester – theGeek

>

ဆီးရီးယားကအာဏာဖီဆန်သူတဦးရဲ့မှတ်တမ်း
နိုင်ငံတကာသာဂိ၊ဒီဇင်ဘာ ၈၊ ၂၀၁၁
အာရပ်နွေဦးလှုပ်ရှားမှုဟာ ၂၀၁၁မှာ အရှေ့အလယ်ပိုင်းမှာ လူထုအရေးတော်ပုံတွေနဲ့ အာဏာရှင်တွေကိုဖြုတ်ချနိုင်ခဲ့တယ်။ အဲသည်ထဲမှာ ခေါင်းအမားဆုံး အရက်စက်ဆုံးအာဏာရှင်နိုင်ငံတခုကတော့ ဆီးရီးယားဖြစ်တယ်။ ဇန်န၀ါရီကတည်းက စတင်ခဲ့တဲ့ လူထုရဲ့အုံကြွမှုကို အာဏာရှင် အာဆတ်က အကြမ်းဖက်သတ်ဖြတ် နှိမ်နင်းမှုနဲ့ တုန့်ပြန်နင်းခြေခဲ့တယ်။ မတ်လမှာ အရှိန်မြင့်လာခဲ့ပြီး လူထုဟာလည်း ခေါင်းမာမာနဲ့လမ်းပေါ်မှာ ထွက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ သြဂုတ်လမှာ အာဆတ်အစိုးရကအကြမ်းတမ်းဆုံး နင်းခြေခဲ့ရာမှာ လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အာဆတ်ရဲ့စစ်တပ်ထဲက တချို့တပ်သားတွေ အရာရှိတွေကိုယ်တိုင်က သူပုန်တွေဖြစ်ကုန်ပြီးတော့လူထုကကို ပြန်ပြီး ကာကွယ်ပေးတာ၊ စစ်တပ်ကို ပြန်တိုက်ခိုက်တာတွေလုပ်ကုန်ကြတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်း လစ်ဗျားအာဏာရှင် အသေဆိုးနဲ့ သေခဲ့ပြီး၊ယီမင်သမ္မတလည်း အာဏာက ဆင်းပေးလိုက်တဲ့နောက် ဆီးရီးယားပြည်သူတွေရဲ့ လက်နက်မဲ့တော်လှန်ရေးနဲ့ လက်နက်ကိုင် သူပုန်ထမှုတွေ ဆက်လက်ပြီး အားကောင်းလျက်ရှိပါတယ်။နိုဝင်ဘာမှာတော့ သူတို့ အာရပ်အဖွဲ့ချုပ်ကိုယ်တိုင် ဆီးရီးယားကိုသူတို့အဖွဲ့ချုပ်က ထုတ်ပစ်လိုက်ရပြီး စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်အရေးယူထားရပါတယ်။
အခုပြောချင်တဲ့ အကြောင်းအရာကနေ့ခင်းမှာ ၀န်ထမ်းအလုပ်လုပ်ပြီး ညပိုင်းမှာ လမ်းမထွက် ဆန္ဒပြတော်လှန်ရေးလုပ်သူသာမန်ပြည်သူ လူငယ်လေးတဦးရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ ဆီးရီးယားမြို့တိုင်းကလူငယ်တွေဟာ နေ့ခင်းတွေမှာ သာမန်ပြည်သူတဦးလို နေထိုင်ပေမယ့်လျို့ဝှက်ကွန်ယက်တွေနဲ့ အစိုးရဆန့်ကျင်ရေးလုပ်ငန်းတွေ စည်းရုံးလှုံဆော်ကြပါတယ်။ညနေခင်းတွေမှာတော့ လမ်းမတွေပေါ်မှာ အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတိုက်ပွဲတွေဆင်နွှဲကြပါတယ်။ စစ်တပ်ကို အာခံသူ တော်လှန်တဲ့ စစ်သားတွေက သူတို့ဖက်ကနေ ကာကွယ်ပစ်ခတ်ပေးကြပါတယ်။ သူတို့တွေဟာ ဆီးရီးယားပြည် မြို့ရွာတွေ အဆင့်ဆင့်ချိတ်ဆက်ထားသည့်အပြင် အိမ်နီးချင်း လက်ဘနွန်ပြည်ထဲကိုလည်း ထွက်ပြေးခိုလှုံမှုတွေလုပ်နိုင်ကြပါတယ်။
၂၀၁၁ နှစ်လယ်ပိုင်းမှာ သူ့ကို ဆီးရီးယားထောက်လှမ်းရေးကဖမ်းမိသွားပါတယ်။ အဲသည်မှာ သူ့အကြောင်းကို ပြန်ပြောင်းပြောပါထားပါတယ်။
“ကျနော့်ကို လမ်းပေါ်မှာနောက်ကနေ တယောက်က ချုပ်ပြီး ရိုက်ချလိုက်တယ်။ ကားပေါ်ပစ်တင်တယ်။ခေါင်းကိုစွပ်ပြီး ကြိုးတုတ်ပြီး သူတို့ရဲ့ အချုပ်စခန်းကို ခေါ်သွားပါတယ်။ အဲသည်မှာသူများရဲ့ သွေးတွေစွန်းထားတဲ့ အ၀တ်တွေနဲ့ မျက်နှာကို စည်း၊ ပါးစပ်ကို ပိတ်ပြီးနေ့စဉ် ရက်ဆက် အခြားလူငယ်တွေနဲ့ အတူ တောက်လျောက် ရိုက်နှက် နှိပ်စက်တော့တာပါပဲ။”
“သူတို့သိချင်တာက အင်တာနက်တွေဆက်သွယ်ရေးစနစ်တွေကနေ ဆက်သွယ်နေတဲ့ မြေအောက်ခေါင်းဆောင်တွေ၊ အဖွဲ့တွေရဲ့နံမယ်တွေကို သိချင်တယ်။ ကျနော့် အီးမေး၊ တွစ်တာ၊ ဖေ့စ်ဘွတ်အကောင့်၊ဘလောက်လိပ်စာတွေ သိချင်တယ်။ အဲသည်ကတဆင့် မီးခိုးကြွက်လျောက် အကုန်လုံးကိုလိုက်ဖမ်းပြီး အခုလိုမျိုး နှိပ်စက်မယ်ဆိုတာ ကျနော်တို့က သိနေတော့တလျောက်လုံး ဘူးခံပြီး နေရပါတယ်။ ခေါင်းဆောင်တွေကို ဖမ်းမိမယ်၊ အရေးပါသူတွေကိုဖမ်းမိရင် အာဆတ်အစိုးရက အသေတ်မယ်၊ ယောက်ျားတွေကို လိင်ပိုင်းဆိုင်ရာအဓမ္မကျင့်မယ်၊ ဖျက်ဆီးနင်းချေပြီးမှာ သတ်ပစ်မယ်ဆိုတာကို ကျနော်တို့ သိနေကြတော့ရေငုံပြီး ခံကြရပါတယ်။”
“ကျနော့်ကို လက်ကောက်ဝတ်ကနေကြိုးနဲ့ ချည်ပြီး ထုတ်တန်းမှာ တွဲလောင်းဆွဲထားတယ်။ ပါးစပ်ထဲကို ဆားတွေလောင်းထည့်ပြီး ရေလောင်းပြီးမှ ဘိုက်ကို တုတ်တွေ လက်သီးတွေနဲ့ထိုးကြိတ်ပြီးနေ့တိုင်း နှိပ်စက်တယ်။ နောက်ဆုံး မခံနိုင်တော့ အဖမ်းခံထားပြီးသား လူတွေ၊လက်ဘနွန်ထဲ ထွက်ပြေးပြီးသား လူတွေကို ဖော်ရတာမျိုး လုပ်ရပါတယ်။ မဖော်ရင်လည်းနှိပ်စက်ညှင်းပန်းတာတွေက ရပ်သွားမှာ မဟုတ်တော့၊ အကုန်လုံး မဖော်ဘဲနည်းနည်းချင်း ဖော်ပြီး ရုန်းကန်နေရပါတယ်။ ဒီလိုမျိုးနဲ့ ကျနော် အဲသည်စစ်ကြောရေးစခန်းမှာ ၃ လလောက် ငရဲခံရတယ်။ သူတို့တွေက မိသားစုတွေကိုပါ ခေါ်လာပြီးရှေ့မှာ နှိပိစက်တာ၊ စော်ကားတာတွေပါ လုပ်ပြမယ်လို့ အမြဲတန်းလည်းချိန်းခြောက်ပါတယ်။”
အဲသည်ဇာတ်ကြောင်းပြောတဲ့သူဘယ်လိုဖြစ်ပြီး ငရဲခန်းက လွတ်မြောက်လာသလဲ?
နိုင်ငံတကာက လူသားချင်းစာနာသူအစိုးရတွေ၊ အာရပ်အဖွဲ့ချုပ်၊ အမေရိကန်အပါအ၀င် စွမ်းအင်ကုမ္မဏီကြီး ၂ခု စသည်ဖြင့်နိုင်ငံတကာက စီးပွားရေး၊ နိုင်ငံရေး ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပြုလုပ်လိုက်တဲ့အတွက်ဆီးရီးယားအစိုးရက ဖိအားတွေကို လိုက်လျောတဲ့သဘောနဲ့ အကျဉ်းကျနေတဲ့တော်လှန်ရေးသမား လူငယ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ဆီမှာ သူလည်းတဦးအပါအ၀င် လွတ်မြောက်လာတာဖြစ်ပါတယ်။
သူ အခု လစ်ဘနွန်ကိုထွက်ပြေးတိမ်းရှောင်လာတယ်။ ဆေးကုသမှု ခံယူနေတယ်။ မိဘတွေ၊ မိတ်ဆွေနဲ့ ပြန်လည်ဆက်သွယ်တဲ့အပြင် သတင်းမီဒီယာတွေကိုပါ တွေ့ဆုံပြီး သူ့အကြောင်းကို အထက်ပါအတိုင်းပြောပြပါတယ်။ သူ့နံမယ်၊ သူ့ဓာတ်ပုံနဲ့ အသံကိုတော့ မီဒီယာတွေက အရင်းအတိုင်း မတင်ဘဲလျို့ဝှက်ထားပါတယ်။ ဆီးရီးယားအာဏာရှင်တွေဟာ ဘယ်လောက်ရက်စက်သလဲဆိုရင် မိသားစုတွေကိုဖမ်းဆီး နှိပ်စက် သတ်ဖြတ်တဲ့အထိ လက်စားချေပါတယ်။ လစ်ဘနွန်အထိ လိုက်လာပြီးတော်လှန်ရေးသမားတွေကို ဖမ်းတယ်၊ လုပ်ကြံပါတယ်။
ဆီးရီးယားသမ္မတအာဆတ်ကအမေရိကန်အေဘီစီသတင်းနဲ့ ဗျူးတဲ့အခါ သူက ဒါတွေကို လုံးဝမဟုတ်ဘူးလို့ငြင်းပါတယ်။ တိုင်းပြည်ကို ပြိုကွဲအောင် လုပ်နေတဲ့ ပြည်ပက အဖျက်အမှောင့်တွေကိုပြည်သူတွေက လူထုအာဏာနဲ့ ပြန်ပြီး တုန့်ပြန်နေတာ၊ ပြည်တွင်းက လူမျိုးရေးအစွန်းရောက်တွေကပြည်သူတွေကို အကြမ်းဖက်နေလို့ စစ်တပ်က နှိမ်နင်းနေရတာလို့ ပြောပါတယ်။
ဒီအသံထွက်သတင်းမှတ်တမ်းကိုအမေရိကန်က လူထုရေဒီယိုအစီအစဉ် – National Public Radio မှာ လွှင့်ထုတ်နေစဉ်နားထောင်ရင်း ပြန်ရေးတာဖြစ်တယ်။ အာဏာရှင်တွေရဲ့ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်၊ အနိုင်ကျင့်၊စော်ကားတာတွေ၊ သတ်ဖြတ်တာတွေ၊ လိမ်ညာလှည့်ဖြားတာတွေဟာ နေရာတိုင်းမှာ အတူတူပါပဲ။မြန်မာပြည်က အာဏာရှင်တွေ ဘယ်လိုပဲ အရောင်ပြောင်းပြောင်း ရုပ်ပြောင်းပြောင်း သူတို့တွေဟာကတ္တီပါလက်အိတ်စွပ်ထားတဲ့ သံလက်သီးတွေပါပဲ။ ဒီလိုပဲ ပြောချင်ပါတယ်။
သူတို့ရဲ့ အကျဉ်းထောင်တွေထဲမှာကြံ့ကြံ့ခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အချိန်နဲ့အမျှ စက္ကန့်နဲ့အမျှသေကြေပျက်စီးနေကြပါတယ်။ ကျဆုံးနေကြပါတယ်။ သူတို့တတွေ အခုချက်ခြင်းကိုလွတ်မြောက်မှ ဖြစ်မယ်။