>
ဒီဇင်ဘာ ၇၊ ၂၀၁၁

ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
အမေနဲ့ ကျနော်
ခုလို သေကွဲ ကွဲခဲ့ရမယ် မဟုတ်ဘူး …။
ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ကျနော့်ဇာတိမြို့ကလေး
မုန်တိုင်းအောက်မှာ
ခုလို
အတိဒုက္ခရောက်ခဲ့မယ် မဟုတ်ဘူး …
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ …။
မည်သူမဆို
ဘ၀ကို ခုံမင်နှစ်သက်မယ် …
မည်သူမဆို
ဇာတိရပ်ရွာကို
ရိုးသားစွာ တပ်မက်မယ် …
မည်သူမဆို
ခေတ်ကို
ငြိမ်းချမ်းရေးနဲ့ အတိပြီးစေလိုမယ် …
မည်သူမဆို ….။
ခေတ်တွေပျက်ခဲ့တော့
ကလေးတွေက မိခင်ပျောက်ကိုရှာတယ် …
အနုပညာက အနုပညာကိုရှာတယ် …
ချစ်ခြင်းမေတ္တာတရားက သစ္စာတရားကိုရှာတယ် …
လွတ်မြောက်ရေးတိုက်ပွဲတွေက ခေါင်းဆောင်စစ်စစ်ကို ရှာတယ် …။
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ဦးပုညလည်း
ဆဒ္ဒန်ဇာတ်ကို စာချိုးဖို့လိုမယ် မဟုတ်ဘူး
အချုပ်တန်း ဆရာဖေကလည်း
တွေးတိုင်း ရေးတိုင်း အရိုးနာကာ
အမျိုးကိုဆဲမှာ မဟုတ်ဘူး …
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် …
စိတ်ကူးစိတ်သန်းတွေအတိုင်း
ကမ္ဘာလောကဟာ
ငြိမ်းချမ်းနေခဲ့ရင် …
ဂျွန်လင်နွန်
လေဒီဒိုင်ယာနာ
မိုက်ကယ်ဂျက်ဆင်
…………………
…………………..
သူတို့ … သူတို့တွေလည်း
ပက်ပက်စက်စက်
လုပ်ကြံသတ်ဖြတ်ခြင်းကို
ခံခဲ့ရလိမ့်မယ် မဟုတ်ဘူး …။
ကမ္ဘာကြီးမှာ
ငြိမ်းချမ်းရေးဟာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် … ပြောပါတယ်။ ။
ဤကဗျာအား ငြိမ်းချမ်းရေးအနုပညာရှင် ဂျွန်လင်နွန် ကွယ်လွန်ခဲ့သည့် နှစ် (၃၁) နှစ်မြောက် အမှတ်တရအဖြစ်ရေးသည်။
+ ဂျွန်လင်နွန် = John Winston Lennon (9 October 1940 – 8 December 1980)
ကမ္ဘာကျော် The Beatles တေးဂီတအဖွဲ့၏ တေးရေး၊ သီဆို၊ တူရိယာ ပညာရှင်။ သူ၏ ငြိမ်းချမ်းရေးစိတ်ကူး Imagine သီချင်းကို သီဆိုခဲ့။ ၁၉၈၀ ဒီဇင်ဘာ (၈) ရက်နေ့တွင် သေနတ် သမားတဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံရကာ ကွယ်လွန်ခဲ့သည်။
+ လေဒီဒိုင်ယာနာ = Princess of Wales (1 Jyly 1961 – 31 August 1997) ကမ္ဘာ့မြေမြုပ် မိုင်းများ ဆန့်ကျင်ခဲ့သူ။
+ မိုက်ကယ်ဂျက်ဆင် = အမေရိကန်ပေါ့ပ်အဆိုတော် (August 29, 1958 – June 25, 2009)
we are the worl d သီချင်းကို ရေးစပ်သီဆိုခဲ့။ အဖရိက အငတ်ဘေးဆိုက်ရောက်နေသူများအား ကူညီရန် Life Aid တေးဂီတပွဲကို ကမကထပြု ကျင်းပခဲ့။
သီချင်းလင့်များ =Imagine = http://www.youtube.com/watch?v=aIFY9h8DImg
we are the world = http://www.youtube.com/watch?feature=endscreen&v=M9BNoNFKCBI