>
ရွှေဝါရောင်သံဃာတွေအလိုမရှိတော့ ဟု မေးစရာဖြစ်
မိုးမခအထောက်တော်၀၀၂၊ နိုဝင်ဘာ ၂၃၊ ၂၀၁၁
နိုဝင်ဘာ၁၉ မှာ အာဆီယံက မြန်မာကိုသူတို့အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် အလှည့်ကျ ၂၀၁၄မှာ ဆောင်ရွက်ဖို့ ရွေးချယ်လိုက်တယ်။ဒေါ်စုခေါင်းဆောင်တဲ့ အင်န်အယ်ဒီပါတီကလည်း လက်ရှိအစိုးရပြင်ဆင်ပြဋ္ဌာန်းမှုအတိုင်းလက်ခံပြီး ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်ချက်ထွက်လာခဲ့ပြီးဖြစ်ပါတယ်။ အဲသည်အချိန်မှာ မြန်မာသမ္မတ သိန်းစိန်နဲ့မြန်မာသတင်းထောက်တွေ တွေ့ဆုံမေးမြန်းခွင့်ရတဲ့ဆီမှာ ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ) မရှိဘူး၊ဥပဒေတွေကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေရတာတွေပဲ ရှိတယ်။ အဲသည်အဖွဲ့တွေကိုခွဲခြားပြီး ပြောနေရင် အခြားသူတွေကို ကိုယ်ချင်းမစာရာကျတယ်လို့ သမ္မတသိန်းစိန်ကဖြေကြားသွားပါတယ်။
အဲသည်အချက်နဲ့ပတ်သက်ပြီး လက်ရှိမန္တလေးနဲ့ အခြားမြို့ကြီးတွေမှာအဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနဲ့ ရွှေဝါရောင် သပိတ်မှောက်သံဃာတော်တွေလွတ်မြောက်ရေးလှုပ်ရှားနေသူ သံဃာတော်များအနက် ဦးကောသလကို မိုးမခကသဘောထားမေးမြန်းခဲ့ပါတယ်။ ဆရာတော်က သူ့သဘောထားကို ပြောကြားရာမှာ
ဖြေ။ ။“ဦးသိန်းစိန်ပြောကြားချက်က လက်ရှိထောင်ထဲက သံဃာတော်တွေ၊ ဘုရားသားတွေကိုရာဇ၀တ်သားတွေလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကိုလည်း အပြစ်ရှိတဲ့ လူဆိုးလူမိုက်တွေလို့ ဆိုလိုရာ ရောက်ပါတယ်။ တပည့်တော်တို့ကတော့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့၊ သံဃာတော်တွေ လွတ်မြောက်ဖို့ကိုအစွမ်းကို တောင်းဆိုမှုတွေ လုပ်သွားမယ်။ ဦးသိန်းစိန်ကလည်း သံဃာတော်တွေရဲ့ပကတိဆန္ဒအစစ်အမှန်ကို သံဃာတော် ဆရာတော်ကြီးများနဲ့ တာဝန်ယူ ဆွေးနွေးသင့်ပါတယ်”
မေး။ ။ ဟုတ်ပါပြီ။ ဒါပေမယ့်ယမန်နေ့ကပဲ သံဃာ့မဟာနာယကအဖွဲ့ကြီးကတောင် ဒယ်အိုးဆရာတော်ဦးသုမင်္ဂလကိုတရားဟောကြားတာတွေမှာ နိုင်ငံရေးတွေ ဘာတွေ မပါဖို့ ခေါ်ပြီး သတိပေးတယ်လို့သတင်းတွေ ထွက်လာတော့ အရှင်ဘုရားတို့အထက်က မဟနတွေကိုယ်တိုင်က အဲသည်လိုဆွေးနွေးတာနဲ့ အဆင်ပြေဖို့ ဖြစ်ပါ့မလား ဘုရား”
ဖြေ။ ။ “တပည့်တော်တို့ကတော့ ဆရာတော်ကြီးတွေအနေနဲ့ လည်းသံဃာထုတရပ်လုံးကို ထောက်ရှု့ပြီးတော့ သာသနာကောင်းမွန်ရေး၊ သန့်ရှင်းစေရေးကိုလုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော် ပြန့်ပွားအောင်လုပ်ကြစေချင်ပါတယ်။ အာဏာရှင်ရဲ့ သာသနာကို စောင့်ရှောက်တာမျိုးကို မလိုလားပါဘူး”
လက်ရှိအခြေအနေမှာတော့သံဃာ့မဟာနာယကအဖွဲ့အစည်း အဆင့်ဆင့်က ဆရာတော်တွေကိုယ်တိုင်က ရဟန်း သံဃာငယ်များ၊စာသင်သားသံဃာတော်များရဲ့ သဘောထားတွေ ဆန္ဒသဘောထားတွေကို ကန့်သတ်ထားတဲ့အခြေအနေတွေရှိနေတာကြောင့် ၂၀၀၇ တုန်းက အများပြည်သူတွေအကျိုးအတွက် လမ်းပေါ်မှာမေတ္တာသုတ်ရွတ်ဆိုပြီး ငြိမ်းချမ်းရေးကို တောင်းဆိုသူ ရွှေဝါရောင်သံဃာတော်တွေအတွက်နေရာ မရှိတော့ပြီလားလို့ မေးစရာဖြစ်နေပြီလို့ သတင်းပို့လိုက်ပါတယ်။
ဦးသိန်းစိန်နဲ့ ဒုသမ္မတတွေကိုယ်တိုင်ကလည်းမဟနအဖွဲ့ကြီးရဲ့ ဗန်းမော်ဆရာတော်ကြီးကို လျောက်ထားတဲ့ဆီမှာ ၂၀၀၇ တုန်းကသံဃာတော်တွေကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး နှိမ်နင်းတာတွေဟာ အတုအယောင် လုပ်ကြံဖန်တီးထားတဲ့မီဒီယာတွေသာဖြစ်တယ်လို့ လျောက်ထားဖူးပါတယ်။ အထက်ပါ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ညှိနှိုင်းရာမှာ စာမတတ် ပေမတတ်တွေ ပါနေလို့ အချိန်ယူနေရတယ်လို့ပြောလိုက်ပါသေးတယ်။
