>Nyein Wai – Poem

>

ဒီကြိုးတန်း ခေါင်းနဲ့ လျှောက်ကြ
ငြိမ်းဝေ
နိုဝင်ဘာ ၁၄၊ ၂၀၁၁


ဘယ်သူတွေ
ဘယ်လိုပဲ ပြဌာန်း ပြဌာန်း
ကျနော်ကတော့ ပဌာန်းဆက်လို့မရတာ ကြာပါပြီ။

မောင်အောင်ပွင့်ရေ
ကျနော် ရထားဖြစ်တယ်
ဗြဟ္မာ့ခြေရာ ကျနော် မနင်းနိုင်သေးတာ အသာထား
ဒုန်းစိုင်းအောင် ပြေးနိုင်ကြတာ အသာထား
ဒုံးဝေးသူတော့ အဖြစ်မခံနိုင်ဘူးဗျာ။

ကျနော်တို့
တံဆိပ်ကပ်ရတာ လွယ်သလောက်
တံဆိပ်ခွာရတာ အခက်ဆုံးအချိန်။

မျဉ်းဖြောင့်မှာ တကယ်ပဲ အရောင်ရှိသတဲ့လား
ဒီတခါတော့ ကျနော် လင်းပွင့်လို့ရသွားပြီ
ဘယ်လိုမှ ထုတ်ကြည့်ဖို့မလွယ်တဲ့ ရတနာတွေ
ပခြုပ် အပြင်ဘက် ရောက်လာခဲ့တာ
ဘာ ကြာသေးလို့တုန်း။

နှစ်ပေါင်း ၃၀ ဘာလင်တံတိုင်းကြီး ပြိုကျသွားတာ
အမြှောက်နဲ့ခွင်းခဲ့တာ မဟုတ်ပါဘူး
ဗြဟ္မစိုရ် တရားနဲ့ခွင်းခဲ့တာဆိုပဲ။

ကျနော်တို့
အတုနဲ့အစစ် တထပ်ထဲကျတဲ့ခေတ်
လက်ပြနှုတ်ဆက်ခွင့်ရတော့မလား

ကျနော်
ဒီိလိုခေတ်ကို မျက်မှောက်ပြုရတာ ပျော်တယ်
ကျေနပ်တယ်
ဒီကြိုးတန်း `ခေါင်း´ နဲ့ လျှောက်ဖို့
နားလည်ခွင့်ကို ရလိုက်လို့။

(ရနံ့သစ်၊ နိုဝင်ဘာ၊ ၂၀၁၁ တွင် ပါရှိသော မောင်အောင်ပွင့် ရဲ့ `ဒုံးဝေးတဲ့ကောင်´ ကဗျာကို ဖတ်ပြီးနောက် …)