>Burma Nationals Top Asylum Seekers List

>

မလေးရှားတွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အများစုမှာ မြန်မာပြည်သားများဖြစ်
BERNAMA သတင်းဌာန
အောက်တိုဘာ ၁၁၊ ၂၀၁၁


မလေးရှားတွင် ဒုက္ခသည်အဖြစ် လျှောက်ထားသူ အများစုမှာ မြန်မာပြည်သားများဖြစ်ကြောင်း မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီး Datuk Seri Mohamed Nazri Aziz က တနင်္လာနေ့တွင် ပြောလိုက်သည်။

သြဂုတ်လအထိ ပြုစုထားသော စာရင်းအရ ဒုက္ခသည်အဖြစ် လျှောက်ထားသူ အရေအတွက် ၁၀,၈၅၀ ရှိပြီး ထိုအထဲတွင် မြန်မာပြည်သား အရေအတွက်က ၇,၅၈၂ ဦး ရှိသည်ဟု ၀န်ကြီးက ပြောသည်။

ကွာလာလမ်ပူမြို့တော်ရှိ UNHCR ရုံးက လျှောက်ထားသူများကို စစ်ဆေးပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့သူပေါင်း ယခင်က ကိုးသောင်းကျော်ရှိသည်။

မလေးရှားနိုင်ငံက ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး သဘောတူစာချုပ် ချုပ်ဆိုမထားသော်လည်း UNHCR လက်မှတ်ရှိသူကို လူသားချင်းစာနာသောအားဖြင့် ဖမ်းဆီးခြင်းမရှိဟု ၀န်ကြီးက ပြောသည်။

မလေးရှားသည် ကုလသမဂ၏ ၁၉၅၁ နှင့် ၁၉၆၇ တို့တွင် ပေါ်ပေါက်ခဲ့သော ဒုက္ခသည်များ လက်ခံရေး ဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုထားခြင်း မရှိပေ။ ထိုသို့ ချုပ်ဆိုမှု မပြုရခြင်းမှာ ဒုက္ခသည်တို့၏ စားဝတ်နေရေး၊ လုံခြုံရေးကို တာဝန်မယူနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေကို ယာယီနေထိုင်ခွင့် ပေးပါတယ်။ သူတို့တွေ တတိယနိုင်ငံကို မပြောင်းရွှေ့ခင်အချိန်အထိပေါ့” ဟု ၀န်ကြီးက ပြောပြသည်။

(BERNAMA သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက်နေ့ သတင်းတပုဒ်ကို မိုးမခက ဘာသာပြန်သည်)