>Suu with Q & A

>

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
အောက်တိုဘာ ၇၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်
အောက်တိုဘာ ၁၁၊ ၂၀၁၁



ကိုဝဏ္ဏမောင် (ရန်ကုန်)
မေးခွန်း ။ ။ အန်တီခင်ဗျာ။ အခုတလောဖြစ်နေတဲ့ နိုင်ငံရေးအနေအထားအရပေါ့နော်။ ဟိုခန့်မှန်းကြတဲ့ဟာတွေရော မျှော်လင့်နေကြတဲ့ ဟာတွေရောမှာ အန်တီ့အနေနဲ့ ဦးသိန်းစိန်အစိုးရက အစိုးရအဖွဲ့ထဲမှာ တာဝန်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အန်တီက ဘယ်လို သဘောထားပါသလဲ ပေါ့နော်။ နောက်တခုကတော့ အဲဒီလို ကမ်းလှမ်းလာတဲ့ဟာကို လက်ခံပြီးတော့ တာဝန်ယူမယ်ဆိုရင်ရော တိုင်းပြည် ရဲ့အကျိုးကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပိုပြီးလုပ်ဆောင်နိုင်မယ် လို့ ယူဆပါသလား။ ကျနော်တို့လဲ သိချင်နေလို့ အန်တီအနေနဲ့ ဖြေကြားပေးစေချင်ပါတယ်။

အဖြေ ။ ။ ကိစ္စတခုဟာ ဖြစ်မယ် မဖြစ်ဘူးလည်း မသိ။ ဖြစ်ရင်လဲ ဘယ်လို အခြေနေမျိုးမှာ ဖြစ်မယ်လည်း မသိပဲနဲ့ လက်ခံစရာအကြောင်း ရှိ မရှိကို ဖြေဖို့ရာ မသင့်တော်ပါဘူး။ အန်တီတို့က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အဆောက် အအုံတွေ ခိုင်ခိုင်မာမာဆောက်တည်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ဘာကိုပဲလုပ်လုပ် ဒီကြိုးစားချက်ကို အထောက်အကူဖြစ်မလားဆိုတာ ကြည့်ပြီးဆုံးဖြတ်မှာဖြစ်ပါတယ်။

ကိုစိုင်းစိုင်း (ထိုင်းနိုင်ငံ)
မေးခွန်း ။ ။ အန်တီစုခင်ဗျာ။ ကျနော်ကတော့ မြစ်ချောင်းများဆိုင်ရာကွန်ယက်က စိုင်းစိုင်း ဖြစ်ပါတယ်။ ကျနော်မေး ချင်တာကတော့ သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာခဲ့တယ်။ နောက်တချက်ကလည်း အန်တီ့အနေနဲ့ ဒီစီမံကိန်းကို ပူးပေါင်းပြီးတော့မှ လှုပ်ရှားမယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ပြောခဲ့တယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ သိချင်တာကတော့ အဲဒီ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်က ဒီမြစ်ဆုံစီမံကိန်းတခုကိုပဲ ရပ်တန့်သွားသလား သို့မဟုတ် မြစ်ဆုံရေ ကာတာစီမံကိန်းအားလုံး(၇)ခု အကုန်လုံးရပ်ဆိုင်းသွားသလားပေါ့နော်။ ဖြစ်နိုင်ရင်တော့ ဒီဧရာဝတီမြစ်ကို ပျက်စီးသွားနိုင်တဲ့ စီမံကိန်းတွေအကုန်လုံး ရပ်ဆိုင်းသွား သင့်တယ်လို့ ကျနော်တို့ အမြဲတမ်း ရပ်တည်ခဲ့တယ်ပေါ့နော်။ နောက်တချက်ကလည်း အခုလှုပ်ရှားနေတဲ့ တရုတ်ကုမ္ပဏီရော ချက်ချင်း သူတို့နိုင်ငံကို ပြန်ပြေးသလားပေါ့နော်။ ဒီကိစ္စလေးကို အန်တီ့အနေနဲ့ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

အဖြေ။ ။ အန်တီနဲ့ အစိုးရဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းသက်သက်ကို ရည်ညွှန်းတာမဟုတ်ပါဘူး။ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေရဲ့အမြင် အကြံဉာဏ်တွေကိုနားထောင်ပြီး ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ဆင်ခြင်ကြလိမ့်မယ်လို့ ထင်ပါ တယ်။ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကတော့ လုပ်ငန်းအခြေအနေအပေါ်မူတည်ပြီး လှုပ်ရှားကြမှာကို ခန့်မှန်းလို့ရပါတယ်။

ကိုအောင်ဇော်ဦး (ဂျပန်နိုင်ငံ)
မေးခွန်း ။ ။ ဟုတ်ကဲ့ အမေ။ ကျနော်ကတော့ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့မှာနေတဲ့ လက်ရှိအစိုးရကိုဆန့်ကျင်နေတဲ့ အောင်ဇော်ဦး ဖြစ်ပါတယ်။ ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားနေကြတဲ့ အတိုက်အခံတွေ မြန်မာနိုင်ငံကိုပြန်လာလို့ရတယ်ဆိုတဲ့ သမ္မတရဲ့မိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့ သီးလေးသီးအငြိမ့် အဖွဲ့အပါအဝင် ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ ခပ်စိပ်စိပ် မြန်မာပြည်ကို ပြန်နေကြတာကို တွေ့ရပါတယ်။ အဲဒါက မြန်မာပြည်မှာ ဒီစစ်မှန်တဲ့ဒီမိုကရေစီစနစ်တခု မပေါ်ပေါက်ခင်စပ်ကြားမှာ ဒီလို ပြည်ပနိုင်ငံရေးအတိုက်အခံတွေ မြန်မာပြည်ကို ပြန်ဝင်တာနဲ့ ပတ်သက်ပြီး အမေ့အနေနဲ့ အကောင်းဘက်ကိုမြင်ပါသလား။ ဒါမှမဟုတ် အခြေအနေတွေ ပိုမိုရှုပ်ထွေး လာနိုင်တယ်လို့ ထင်ပါသလား။ ဘယ်လိုထင်ပါသလဲ။ အဲဒါကို ကျနော် သိချင်ပါတယ်ခင်ဗျာ။

အဖြေ ။ ။ နိုင်ငံကို ပြန်လာ မလာဆိုတာဟာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ရပါမယ်။ အမေ နားလည်သလောက်ကတော့ နိုင်ငံရေးလုပ်နေသူတွေကိုပဲ ကွက်ပြီးပြောခဲ့တာမဟုတ်ပါဘူး။ အခြားအကြောင်းကြောင်းကြောင့် နိုင်ငံခြားရောက်နေသူတွေလည်း အကျုံးဝင်တယ်လို့ နားလည်ပါတယ်။ နိုင်ငံရေးလုပ်ချင်လို့ ပြန်လာတယ်ဆိုရင်တော့ လုပ်ချင်သလို အခြေအနေ ရှိမရှိကို သေသေချာချာ လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတာ ကောင်းပါလိမ့်မယ်။ အရှုပ်အထွေးတွေဆိုတာကတော့ ရှုပ်စေချင်တဲ့ရည်ရွယ်ချက်တွေ ရှိမှဖြစ်မှာပါ။ ရိုးရိုးသားသား ပြန်လာတဲ့ လူတွေကြောင့် ရှုပ်ကုန်တယ်ဆိုတာတော့ ဖြစ်မယ် မထင်ပါဘူး။

ကိုထွန်းဝေ (တိုကျို၊ ဂျပန်)
မေးခွန်း ။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ။ ကျနော့်နာမည် ထွန်းဝေပါ။ ဂျပန်နိုင်ငံ။ တိုကျိုမြို့မှာ နေပါတယ်။ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု (၄) နှစ်ပြည့်မှာ လူငယ်တွေ လူနှစ်ရာလောက် ရန်ကုန်မြို့မှာ စီတန်းလှည့်လည် လမ်းလျှောက်ပြီးဆုတောင်းခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ရပ်ဟာ အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်စေနိုင်တာကြောင့် ဒီအချိန်မှာ မလုပ်ဖို့ ဝေဖန်နေကြတာတွေ ရှိပါတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ခင်ဗျာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။

အဖြေ။ ။ အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီခရီးစဉ်ကို အနှောက်အယှက်ပေးမယ်လို့ မထင်ပါဘူး။

ကိုငြိမ်းချမ်း (ဖလော်ရီဒါပြည်နယ်၊အမေရိကန်ပြည်ထောင်စု)
မေးခွန်း။ ။မင်္ဂလာပါ အန်တီစု ခင်ဗျာ။ ကျနော့်နာမည် ငြိမ်းချမ်းလို့ ခေါ်ပါတယ်။ ကျနော် ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပါတယ်။ ကျနော် မေးချင်တဲ့ မေးခွန်းလေးကတော့ အခု အရပ်သား အစိုးရလို့ ခေါ်တဲ့ အစိုးရအဖွဲ့အစည်း ဖြစ်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သမ္မတရဲ့အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရပိုင်းဆိုင်ရာ ကော်မရှင်လူကြီးတွေ၊ ဇေကမ္ဘာ ဦးခင်ရွှေလို ကြံ့ဖွံ့လွှတ်တော်ကိုယ် စားလှယ်အမတ်တွေ အပါအဝင်ပေါ့လေ။ ပြည်ထောင်စုလွှတ်တော် နာယကကြီးဖြစ်တဲ့ ဦးခင်အောင်မြင့်လို လူတွေကပါ အရင်တုန်းက အစိုးရထုတ် သတင်းစာတွေမှာဆိုရင် ပြည်ပအသံလွှင့်ဌာနတွေ အပေါ်မှာ အဲ ဘီဘီစီ ဗွီအိုအေ အာရ်အက်ဖ်အေတို့ ရန်တိုက်ပေးနေသည်တို့ မိုးလုံးပြည့် မုသာဝါဒတွေ သုံးတယ်တို့ ဒီလိုမျိုး တွေပေါ့နော်။ ပုတ်ခတ် တိုက်ခိုက်ခဲ့တဲ့ ပြည်ပရေဒီယို အသံလွှင့်ဌာနတွေမှာ ရဲရဲတင်းတင်း ပြောဆို ဖြေကြား လာတာဟာ ဘယ်လို အခြေအနေ အကြောင်းကြောင့်လို့ အန်တီ မြင်ပါသလဲခင်ဗျာ။ ပြီးတော့ အစိုးရပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်တွေ အခုလို ပြည်ပ မီဒီ ယာတွေကို အသုံးချလာတဲ့ အပေါ်မှာ အန်တီ ဘာများပြောချင် ပါသလဲခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးပါခင်ဗျာ။

အဖြေ။ ။ အပြောင်းအလဲဆိုတာ ကောင်းတဲ့ဘက်ကို ဦးတည်ရင် ကြိုဆိုရမှာဖြစ်ပါတယ်။ ပြင်ပ မီဒီယာတွေကို မတိုက်ခိုက်တာ ကောင်းတဲ့ ကိစ္စပါ။ အရင်က လုပ်ခဲ့တာတွေ မသင့်တော်လို့ ဆက်ပြီးမလုပ်တာ ကြိုဆိုရမှာပေါ့။ ပြင်ပအသံ လွှင့်ဌာနတွေနဲ့ ပြောဆို ဖြေကြားလာတာလည်း ကြိုဆိုရမယ့် ကိစ္စပါ။ မျှတအောင် ပြောရမယ်ဆိုရင် အန်တီတို့ ဒီမိုကရေစီ ဘက်တော်သားတွေက ပြောဆို မေးဖြေတာ တွေလည်း လုပ်တာပဲ။ ဒီတော့ အဲဒီလိုလုပ်လို့ မီဒီယာကိုအသုံးချတယ်လို့ ပြောရမယ်ဆိုရင် အန်တီတို့ကိုလည်း အသုံးချတယ်လို့ ပြောရမှာပေါ့။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)