>VP heading to China to discuss dam row

>

မြစ်ဆုံအရေး ဆွေးနွေးရန် ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်
Reuters သတင်းဌာန
အောက်တိုဘာ ၇၊ ၂၀၁၁

ယခုနှစ် ဇွန် ၁၇ နေ့က ရန်ကုန်မြို့တော် အခမ်းအနားတခုတွင် တွေ့ရသော သီဟသူရဦးတင်အောင်မြင့်ဦး (AP Photo/Khin Maung Win)


ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အငြင်းပွားဖွယ်မြစ်ဆုံစီမံကိန်းများ ရပ်ဆိုင်းမှု အကြောင်း ဆွေးနွေးရန် ယခုလအတွင်း တရုတ်ပြည်သို့ သွားရောက်မည်ဟု အကြီးတန်း မြန်မာအရာရှိတဦးက သောကြာနေ့တွင် ပြောသည်။

“ဒီလလယ်ပိုင်းဖြစ်လိမ့်မယ်။ သမ္မတဦးသိန်းစိန် အိန္ဒိယကနေ ဒီလ ၁၅ ရက်နေ့ ပြန်လာပြီး နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်” ဟု ထိုအရာရှိက ပြောသည်။ သူက စာနယ်ဇင်းများသို့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် သူ၏ အမည်ကို ဖော်ပြရန် ငြင်းဆိုသည်။

သမ္မတဦးသိန်းစိန်သည် အိန္ဒိယသို့ ယခုလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ သွားရောက်ရန် စီစဉ်ထားသည်။ ယခုခရီးသည် သူ၏ ပထမဆုံး အိန္ဒိယခရီးဖြစ်သည်။

ဒု သမ္မတ တရုတ်ပြည်သွားမည့် တရားဝင် ရည်ရွယ်ချက်မှာ တရုတ်အာဆီယံ ကုန်စည်ပြပွဲ (အောက်တိုဘာ ၂၁-၂၆) ဖွင့်ပွဲ တက်ရောက်ရေး ဖြစ်သည်။

“ဒါပေမယ့် သူက ကုန်စည်ပြပွဲ လုပ်ချိန်မှာ တရုတ်ခေါင်းဆောင်တွေနဲ့တွေ့ပြီး မြစ်ဆုံဆည်စီမံကိန်းတွေ ရပ်ဆိုင်းတဲ့အကြောင်း ရှင်းပြမှာပါ” ဟု ထိုအရာရှိက ပြောသည်။

မြန်မာပြည်မြောက်ပိုင်း မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းသည် ရေအားလျှပ်စစ် အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရေးအတွက် တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်း အရွယ်အစားမျာ စင်္ကာပူနိုင်ငံခန့် ရှိသည်။

စီမံကိန်းကို ဒေသခံပြည်သူအများအပြား နှင့် သဘာ၀၀န်းကျင်ကာကွယ်သူတို့က ဆန့်ကျင်ထားသည်။

စီမံကိန်းဆိုင်းငံ့ထားရန် သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၃၀ တွင် ရုတ်တရက် ကြေညာလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဌာနကမူ “မိတ်ဆွေကောင်းပီသစွာ ဆွေးနွေးတိုင်ပင်ရေး” ကို တောင်းဆိုထားသည်။

ဆည်တည်ဆောက်ရေးကို ယခင်စစ်အစိုးရလက်ထက်တွင် စီစဉ်ခဲ့သည်။ သီဟသူရဦးတင်အောင်မြင့်ဦး နှင့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ တို့က သဘောတူခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်နေသည်။

ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး နှင့်အတူ တရုတ်ပြည်သို့ သွားမည့်သူများထဲတွင် ရေအားလျှပ်စစ်ဆိုင်ရာတာဝန်ရှိသူဝန်ကြီးအပါအ၀င် တခြားဝန်ကြီးများ၊
လုပ်ငန်းရှင်များ ပါဝင်မည်။ ထိုလုပ်ငန်းရှင်များထဲတွင် မြစ်ဆုံဆည်တည်ဆောက်ရေးတွင် ကန်ထရိုက်ရသောကုမဏီတခုဖြစ်သည့် Asia World ကုမဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်လည်း ပါဝင်သည်။

(Reuters သတင်းတပုဒ်ကို မိုးမခက ဆီလျော်စွာ ဘာသာပြန်သည်။)