>Kan Tun Thit- Articles

>

သံသရာပွဲလယ်တင့်စေသော
ကံထွန်းသစ်
စက်တင်ဘာ ၁၆၊ ၂၀၁၁



ဒီနှစ်ကျရောက်သော သူ့မွေးနေ့မှာ သူငါမပြုသည့်မွေးနေ့ကုသိုလ်တစ်ခုပြုလုပ်ပြီုးမွေးနေ့ လက်ဆောင်ဆုထူး တောင်းသူတစ်ဦးနဲ့ မနေ့ညက ကြုံရသည်။

ဘာလိုလိုနှင့် သူတောင် ဒီအသက်အရွယ်ရောက်ပြီကော၊ ကိုယ့်ထက်လေးနှစ်ခန့်ကြီးသူပဲ။ ခုလို ကိုးကွယ်သူနှင့် ကိုးကွယ်ခံဘ၀၏အစကို ပြန်လည် စမြုံ့ပြန်မိသည်။ ကိုယ်အမေရိကားကိုရောက်တော့ အစစအရာရာ လောကစိမ်း၊ သူတို့မြို့က ဓမ္မကလပ်စ်မှာ တရားပွဲမမည် စာပေဟောပြောပွဲမကျဟောပြောပြီးနောက် အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့ကို ခရီးဆက်ခဲ့သည်။ ရောက်မဆိုက်ပင် ပေါ့တလန် သီရိ မင်္ဂလာကျောင်းဆရာတော်က “လူကို အခုမှတွေ့ဖူးပေမယ့် သတင်းကတော့ ရောက်နေပါပြီ” တဲ့။ ကိုယ့်ကို အသိအမှတ်ပြုထားသောအဦးဆုံး ထောက်ခံချက်။ “သဒ္ဓေယျဝစသာ” ယုံကြည်လောက်သောစကားရှိသူဆိုသော ရှေးစာပေစကားလေးကို ဆင်ခြင်မိသည်။ ၀ိသာခါတို့ အနာထပိဏ်တို့ကို မြင်ယောင်လိုက်မိသည်။ သူ့ထောက်ခံချက်နှင့်ပင် ၃၈ ဖြာ “မင်္ဂလာမြင်ကွင်း”ကို ဟောဖြစ်ခဲ့ရသည်ဆိုပါစို့။

သို့နှင့်ပင် ဝက်စကွန်စင် မီးဝါးကီးမြို့လေးမှာ အခြေချဖြစ်ခဲ့တော့သည်။ အခြေမြဲဖို့ ပံ့ပိုးသူ ၀ိုင်းဝန်းသူတွေထဲမှာ သူလည်း အုပ်တစ်ချပ်မက ပါဝင်ခဲ့သည်။ ပေါ့တလန်ဆရာတော် ဦးသိရိန်မှ တဆင့်လှူဒါန်းဖွယ်တို့ကို ဆက်ကပ်လေ့ရှိသလို၊ သိလိုရာရာ မေးခွန်းငယ်တို့ကိုလည်း မေးမြန်းလေ့ရှိသည်။ နောင် ဦးသိရိန်ထံမှ ကိုယ့်ဖုန်းနံပတ်ကိုရရှိကာ အခါအခွင့်သင့်သလို ဖုန်းဆက်တတ်သည်။ “တုန်ခါပီတိ” စသော ကိုယ့်စာပေများကို မေတ္တာဥယျာဉ်ဝက်ဆိုဒ်မှဖတ်ဖြစ်သောအခါ စာရေးသူနှင့် စာဖတ်သူ ဖြစ်ခဲ့ရပြန်သည်။

နောင်စကားစပ်သည့်အခါမှာတော့ ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေပေါကြွယ်ဝသည့် မန္တလေးဇာတိ ဖြစ်ကြောင်းသိရ၍ အညာသူ အညာ သားဆိုသည့် ဒေသမင်သူများဖြစ်ရပြန်သည်၊ မန္တလေး၏ ရှေးခေတ်ဟောင်း အောက်မေ့ဘွယ်တွေပြောဖြစ်ကြသည်။ ရှေးမင်းများလက် ထက်ကတည်းကရှိခဲ့သော ဆွမ်းတော်ကြီးအသင်းများအကြောင်း သင်္ကြန်အကြောင်းစသည်စသည်။ သူ့ဖခင်သည် အုပ်ကလေးအသင်း ခေါင်းဆောင်ဖြစ်၍ ၀ါတွင်းကာလ မန္တလေးဘုရားစဉ်ကို ဆွမ်းတော်အလှည့်ကျ ကပ်ကြကြောင်း၊ မဟာမြတ်မုနိ၊ အိမ်တော်ရာ၊ မန္တလေး တောင်ခြေ ကုသိုလ်တော် ကျောက်တော်ကြီးမကျန် လှည့်လည်ဆွမ်းတော်ကပ်ကြရာ သူတို့ကလေးတစ်သိုက်အနေဖြင့်လည်း အမွေဆက် ခံတတ်အောင် လူကြီးများက လိုက်ပါတတ်စေကြောင်း၊ အခုတော့ ထိုအလေ့အထကောင်းလေးများသည် ပျောက်ကွယ်သွားပြီထင်ကြောင်း အောက်မေ့စွာ ပြောပြတတ်သည်။ ကိုယ်တိုင်ကလည်း မန္တလေးမှာအနေကြာသူမို့ ထပ်တူအောက်မေ့တတ်ခဲ့သည်။

သည်နောက်များမှာတော့ အွန်လိုင်းပေါ်က ကိုယ့်ဟောတရားတွေ၊ ကိုယ့်စာပေတွေထဲက စကားငွေ့ စကားရိပ်ကို ဖမ်းမိလို့ထင့် လိုအပ်ရာ လေးတွေကို မကြာခဏ ပို့လှူလာတတ်သည်။ မဟာဗုဒ္ဓ၀င်ကျမ်းကြီး၊ ကက်ဆက်ပလေရာနှင့် စီဒီများအစ စာအုပ်ဘောပင်အဆုံး၊ သံဃာ သုံး၊ ကျောင်းသားသုံး၊ အသုံးအဆောင် မျိုးစုံပင်၊ တစ်ခါကပို့လိုက်သော လှူဖွယ်တစ်ခုဆိုလျှင် ရယ်မောအံသြဖွယ်ပင်ကောင်းသေးတော့၊ တစ်နေ့မှာ ကိုယ့်ထံသို့ပါဆယ်ထုပ်လေးတွေရောက်လာသည်။ အရွယ်စုံ သုံးလေးမျိုး၊ ဒကာလေးတစ်ယောက်က သူအွန်လိုင်းကနေ ကင်မရာမှာထားကြောင်း၊ သူအလုပ်သွားနေစဉ်လွဲမှာစိုး၍ ကျောင်းလိပ်စာပေးထားကြောင်း၊ လက်ခံထားပေးဖို့ လျှောက်ထားလေတော့ လာသမျှ အထုပ်ကြီးငယ်ကို ထိုဒကာလေးထံပေးလိုက်ခဲ့သည်။ နောက်နေ့မှာတော့ ထိုမောင်နှံရောက်ရှိလာကာ အထုပ်ငယ်တစ်ခုကို သူတို့ ပစ္စည်းမဟုတ်ကြောင်းပြန်ပို့လာ၍ လိပ်စာကိုဖတ်မိရာ “Denise,၊ Kyu ၊ Rachel” တဲ့။ ကိုယ့်နှင့်စိမ်းသည့် နာမည်များ၊ ပါဆယ်ကို ဖွင့်ကြည့်မိတော့ လား ……. လား …….. ကိုယ်ဘယ်လိုမှ မျှော်လင့်မထားသည့် မုန့်ဆီကြော်တွေ၊ ကိုယ်အံသြ၀မ်းသာသွားမိသည်။ နှစ် အတော်ကြာပင်ဝေးကွာသွားခဲ့သော ငယ်စွဲမုန့်တွေလေ၊ မုန့်ကြော်နှံ့ တလှိုင်လှိုင်နှင့် ကျင်းပလေ့ရှိသည့် ရွာကပေါ်တော်မူဘုရားပွဲဆီ စိတ် ရောက်သွားတော့သည်။ ဇာတိအလွမ်းပြေမို့ တခုတ်တရပေးလှူသူတွေကိုလည်း ကျေးဇူးတင်သာဓုခေါ်လိုက်မိသည်။ နောင်မှ သိရသည်က ထိုအလှူရှင်မှာ သူနှင့်သူ့သူငယ်ချင်းများ၊ သေးငယ်သောလှူဖွယ်နှင့် မသေးငယ်သော စေတနာဟု ကိုယ်ခံယူလိုက်မိသည်။

ဒါတင်မက ကိုယ်ရေးသားသောစာပေများကိုလည်း ရှင်ငယ် ရဟန်းငယ်လေးတွေ၏လက်ရောက်စေလိုသောဆန္ဒဖြင့် သူထုတ်ဝေဓမ္မဒါန ပြုခဲ့သေးသည်။ ပေးလှူတတ်သူနှင့် အလှူခံပုဂ္ဂိုလ်အဖြစ် တစ်ဆင့်တတ်ခဲ့ပြန်သည်။ ဆရာနှင့်ဒကာပေါ့။ သူစိတ်ကူးမိသလို ပေးလှူလိုက် သော လှူဖွယ်ဝတ္ထုလေးများသည် ကိုယ့်အတွက် လိုအပ်ရာလေးများဖြစ်နေတတ်သည်မို့ ဘုရားလက်ထက်တော်က “ဥတ္တရမာတာ”ကို အမှတ်ရကာ ကိုယ်တည်းပြုံးနေမိသေးသည်။

“ ဥတ္တရမာတာ” တို့ရွာကို ရဟန်းတော်တစ်ပါးရောက်လာသတဲ့။ ကျောင်းသစ်ကန်သစ်ဖြစ်၍ အစစ မပြည့်စုံ။ ရောက်သစ်စ ရဟန်းတော် အတွက် လိုအပ်ချက်တွေကအများသား။ သို့ပေသည့် အံဘွယ်ကောင်းသည်က ထိုရဟန်း ကြံရွယ်စိတ်ကူးလိုက်သမျှအရာတို့သည် နောက် နေ့မှာ ရောက်လာတတ်ခြင်းပင်။ “ ဒါလေးက အရှင်ဘုရားအသုံးပြုဖို့အတွက်ဘုရား”ဆိုသည့် စကားနှင့် ပြုံးကြည်နေသော ဥတ္တရမာတာကို တွေ့ရမြဲ။ ထိုအရာသည် ညက သူတောင်းတစိတ်ကူးခဲ့သည် အရာဖြစ်နေတတ်မြဲ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် တောင်းတသမျှ ရောက်လာသည်က အကြိမ်ကြိမ်။ တိုက်ဆိုင်မှုလည်း မဟုတ်နိုင်။ “တန်တော့” ဒီဒါယိကာမကြီးဟာ ငါ့စိတ်ကူးအကြံကိုသိလို့သာ လှူနေ တာဖြစ်မယ်။ တကယ်လို့ မတော်မလျော်တွေများ ကြံမိလျှင် ဘုရား ဘုရား …… ….. ခက်ရချည်းသေးရဲ့” ဆိုပြီး ပြန်ပြေးသွားပါရောတဲ့။ ဒီလိုနဲ့ တစ်ပါးမဟုတ် နှစ်ပါးမဟုတ်ဆိုတော့ ဥတ္တရမာတာတို့ ကျောင်းမှာ ကျောင်းထိုင်မမြဲ။

သည်အကြောင်း ဘုရားရှင်သိတော်မူမှ ပြန်ပြေးဖွယ်မလိုကြောင်း၊ ကိုးကွယ်သူတို့၏ သဒ္ဓါနှင့်လျော်အောင် ကိုးကွယ်ခံသူက ကျင့်ရမည်ဖြစ် ကြောင်း၊ စိတ်ကိုဆုံးမခြင်းဖြင့် ချမ်းသာကိုဆောင်နိုင်ကြောင်း ဟောပြောဆုံးမမှ ရဟန်းတော်တွေပြန်လည် သီတင်းသုံးကား ကျင့်ကြံကြ၍ ဆရာရော ဒကာပါ အကျိုးကြီးခဲ့ကြသည်လေ။

ခုလည်း နည်းတူပင်၊ ကိုယ့်စိတ်အကြံကို သူသိနေရော့သလားမသိ၊ ကိုယ်အမိမြေကိုဖုန်းဆက် ချင်နေသည်။ မတွေ့တာကြာနေပြီဖြစ်သည့် ညီအစ်ကိုမောင်နှမတွေနှင့် ရဟန်းအမကြီးတို့ကို သာကြောင်း မာကြောင်းလေး ပြောပြချင်သည်။ ခက်တာက ကိုယ်တို့မြေကို ဖုန်းဆက်တိုင်း တစ်ကြိမ်နှစ်ကြိမ်နှင့် မရချင်၊ ရပြန်တော့လည်း လူကြီးမင်းခေါ်ဆိုသည့်ဖုန်းက ဧရိယာပြင်ပသို့ရောက်နေသည်တို့ ဘာတို့ ညာတို့နဲ့ တိုးရမြဲ။ ဘယ့်နှယ် ကြိုးဖုန်းက ဧရိယာပြင်ပရောက်ပြန်ရပါလိမ့်ဟု တွေးဆဲ၊ ဖုန်းကဒ်လေးစားသွားတာ ခံရပြန်သည်။

အဲ …… အဆက်အသွယ်ရပြန်တော့လည်း သူပြောတာကိုယ်မကြား၊ ကိုယ်ပြောတာ သူမကြားနှင့် မိနစ်တွေသာ စေ့သွားတော့သည်။ ကြာ တော့ စကားပြောရသည်ထက် မောရသည်ကပို၍ ဖုန်းမဆက်ဖြစ်တော့။ ထူးထူးခြားခြား ဒီနေ့မှာတော့ ဖုန်းဆက်ချင်မိသည်၊ ဖုန်းခေါ်ဦး မှပါလေဟု ကြံစည်မိယုံရှိသေး “ဘုန်းဘုန်းဘုရား နေကောင်းရဲ့လား၊ မနက်ဖြန် တပည့်တော်မမွေးနေ့လေ အဲဒါဘာလှူရမလည်းလို့ စဉ်းစားရင်း ဘုန်းဘုန်းအသုံးတည်မယ်ထင်တာလေး စိတ်ကူးရမိတယ်။ ဘုန်းဘုန်းလိုပဲ တပည့်တော်မရောက်စက တစ်ယောက်ထဲဆိုတော့ မြန်မာပြည်နဲ့ သိပ်စကားပြောချင်တာ ဘုန်းဘုန်းလည်း အဲလိုနေမှာပဲဆိုပြီး တပည့်တော်မ သက်စေ့ဖုန်းကဒ်ထဲမှာ ဝတ္တုထည့်ပေးထားတယ်။ အဲဒါ တပည့်တော်မ မွေးနေ့အလှူဘုရာ့” တဲ့။

ကိုယ်ဘယ်လောက် ၀မ်းသာသွားမယ်ဆိုတာ မှန်းကြည့်ပေါ့။ အဲ … …. သူ့မွေးနေ့ဟာလည်း နှစ်တစ်ရာ မြာက်ဖြစ်ရင် ဘယ်လောက်ကောင်း မလည်းလို့ မကြံလိုက်မိရိုးအမှန်ပါ။ တော်ကြာ ကိုယ့်အကြံ သူသိသွားရင် ဘုရား ဘုရား …… …။ အလိုကြည့်စမ်း၊ လှူဒါန်းသူတွေရဲ့ သဒ္ဓါ တရားဟာ ကိုယ်တို့လို အလှူခံပုဂ္ဂိုလ်တွေအတွက် အထိန်းအကြောင်းကြီးဖြစ်နေပါပေါ့လား။ သဒ္ဓါတရားကဖြူစင်လေ အကျင့်သီလ စင်ကြယ်အောင် ကျိုးစားရလေ၊ လှူသူက သဒ္ဓါသန်လေ၊ ယူသူက အလှူခံထိုက်အောင် ကျိုးစားရလေ၊ ဒါမှလည်း “ဣဏပရိဘောဂ” မှ ကင်းပြီး အကျိုးရှိသောသုံးဆောင်ခြင်း ဖြစ်မည်မဟုတ်လား။

တစ်နည်းအားဖြင့် လှူသူက သဒ္ဓါအားကောင်းလေ၊ ယူသူက ပညာရှာလို့ကောင်းလေ၊ သဒ္ဓါမြင့်လေ ပညာတင့်လေ၊ တဖန်ထိုဆည်း ပူးထားသော ပညာတို့ဖြင့် သဒ္ဓါရှင်တို့ကို မကောင်းမြစ်တား၊ ကောင်းရာညွှန်လှစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ ပြုကြပြန်တော့၊ ပညာ ဆင့်လေ၊ သဒ္ဓါမြင့်လေ။ အညောညဥပနိဿိတ အလှပင်။

မွေးနေ့ရှင်လိုပင် ဗုဒ္ဓဘာသာဝင်တိုင်း သာသနာ့ဝန်ထမ်း ရဟန်းတော်တို့ကို “ပလိဗောဓ – ကြောင့်ကြငြိမ်းပြီး ပရိယတ် ပရိပတ်တွေ သင်နိုင် ကျင့်နိုင်အောင် ပစ္စည်းလေးပါး တစ်ပါးမဟုတ် တစ်ပါးဖြင့် ထောက်ပံ့ပေးလှူလာကြသည်မှာ လွန်ခဲ့သည့် နှစ် နှစ်ထောင်ကျော်ကပင်။

မျက်မှောက်ခေတ်တွင်လည်း မယုတ်လျော့၊ ကောက်ကာငင်ကာ သာဓကပြုရလျှင် ခါးနာမှုသက်သာအောင် မြန်မာသင်းဖြူးလေးနှင့် အပူဒဏ်ခံနိုင်အောင် လေအေးစက်လေးပေးလှူလိုက်သည့် ချီကာဂိုမှ မြန်မာစာပါမောက္ခဦးစောထွန်း + ဒေါ်စန္ဒာဝင်း မိသားစု၊ စာရေးသူ ဆိုတာ ရောက်လေရာမှာ မှတ်တမ်းတင်သင့်သည်ဆိုသည့်မှတ်ချက်နှင့် ကင်မရာနှင့်လိုအပ်ရာလေးတွေကို ပေးလှူတတ်သည့် အယ်လ်အေ က အစ်မတစ်ယောက်။ နောက် အမေရိကန်စကားပြောလေ့လာရန် စာအုပ်စာတမ်းတွေပေးပို့ကြသည့် ကိုမျိုး + ပပ တို့မောင် နှံနှင့် ဒေါက်တာအေးအေးသန်း၊ ဆံချရသည့် ဒုက္ခငြိမ်းအောင် ခေါင်းရိပ်စက်နှင့် ဆေးဝါးစားဖွယ် ပရိက္ခရာအမယ်မယ်ကို မကြာခဏ ပေးလှူတတ်သည့် ဟာ့မွန်းဘေးက ကိုငြိမ်းချမ်းလက်နှင့် မိခင်ဒေါ်နီနီနွယ် စသည် စသည် နီးဝေးနေ အားလုံးတို့ဟာလည်း သူတို့သဒ္ဓါနှင့် ကိုယ့်ပညာကိုထောက်ကူနေကြသူများဟု နှစ်လိုစွာ ခံယူလိုက်မိသည်။

မဂ်ပညာ ဖိုလ်ပညာကို မရသေးသည့်တိုင်၊ အဖမြတ်စွာ ဟောကြားသည့် ပိဋကတ်တော်တွေထဲက ယူနိုင်သမျှကို ရအောင်ကျိုးကုတ်ရ ဦးမည်။ တဖန်သူတို့ကိုလည်း ကျေးဇူးမေတ္တာ အတုံ့ပြုရဦးမည်။

တစ်ခုတော့ကွာသည်။ ထိုသဒ္ဓါရှင်များနှင့် ဆုံဖူးတွေ့ဖူး ရင်းနှီးဖူးသည့်တိုင် ယခုမွေးနေ့ရှင်ကိုမူ ကိုယ်တခါမျှ မမြင်ဖူး။ သူ၏ သဒ္ဓါကိုမူ အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ။ ထို့ကြောင့် သူ့သဒ္ဓါ၏ထိန်းကြောင်းအားကို ကြည်ကြည်နူးနူးခံယူရင်း မွေးနေ့အတွက် သူတောင်းသော ဆုကိုပေး ရန်ပြင်မိသည်။

သူအသက်ထက်ဆုံး အောက်မေ့ပူဇော်နိုင်ရန် အခြားအခြားဆရာတော်ကြီးများကဲ့သို့ ဗုဒ္ဓါနုဿတိ၊ ဒါမှမဟုတ် ဘုန်းဘုန်းရှိခိုးသည့် ဘုရား ရှိခိုးတစ်မျိုးမျိုးကို ချီးမြှင့်ပါရန်တဲ့။ ခေမာထေရီ၏ ဘုရားရှိခိုးကို ပေးရမလား၊ ယသော်ဓရာထေရီရဲ့ ဘုရားရှိခိုးကိုပေးရမလား လို့စဉ်းစားရင်း နောက်ဆုံးတော့ သူ Apply ပြုနိုင်ရန် မြောင်းမြဆရာတော် အရှင်ဉာဏိက၏ သစ္စာလေးပါးဘုရားရှိခိုးလေးအား မွေးနေ့လက်ဆောင် အဖြစ်ပေးရန် ဆုံးဖြတ်လိုက်မိသည်။ ဒါကြောင့် …

နမော ဗုဒ္ဓဿ ဒုက္ခသစ္စံ ပရိဇာနန္တဿ။
နမော ဗုဒ္ဓဿ သမုဒယသစ္စံ ပဇဟန္တဿ။
နမော ဗုဒ္ဓဿ နိရောဓသစ္စံ သစ္ဆိကရောန္တဿ။
နမော ဗုဒ္ဓဿ မဂ္ဂသစ္စံ ဘာဝေန္တဿ။
ဆင်းရဲခြင်း အမှန်တရားကို ပိုင်းခြားစိပ်ဖြာသိမြင်တော်မူသော၊
ဆင်းရဲကြောင်း အမှန်တရားကို ပယ်ခွာတော်မူသော၊
ဆင်းရဲငြိမ်းရာ အမှန်တရားကို သိရှိခံစားတော်မူသော၊
ထိုငြိမ်းရာကို ရောက်စေတတ်သည့် ကျင့်စဉ်မှန်ကို ပွားများတော်မူတတ်သော မြတ်စွာဘုရားကို ရှိခိုးပါ၏။

မွေးနေ့ရှင်အနေဖြင့်လည်း သိပယ်ဆိုက်ပွား ဤသစ္စာလေးလီ ခိုင်နှင်းဆီကိုပန်ဆင်ရင်း သံသရာပွဲလယ် တင့်ပါစေဟု ဆုတောင်းလျက် …… ….. …။

စက်တင်ဘာ (၁၃) ရက်နေ့တွင်ကျရောက်သော ဆန်ဖရန်မှ မွေးနေရှင် ဒေါ်မြင့်မြင့်သိန်း(ခ) ဒေါ်တူးသို့