>New Rangoon’s Mayor probes Corruptions in Citiy Operations

>

ရန်ကုန်မြို့တော်ဝန်သစ် ပြောင်းလဲပြီး ယခင် ဥပဒေနှင့်မညီသည့် ကိစ္စများ စစ်ဆေးနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၂၊ ၂၀၁၁

အစိုးရသစ် အာဏာလွှဲပြောင်းယူပြီးနောက် အသစ်တက်လာသည့် ရန်ကုန်မြို့တော်ဝန် လက်ထက်တွင် ယခင် မြို့တော်ဝန် လက်ထက်တွင် လုပ်ထုံးလုပ်နည်းနှင့် မညီ လုပ်ဆောင်ခဲ့သည့် အမှုကိစ္စများ၊ အလွဲသုံးစားမှုများ၊ ကိုယ်ကျိုးရှာ သုံးစွဲထားသည်များကို စစ်ဆေးဖော်ထုတ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာမှ အရာရှိဝန်ထမ်း တစ်ဦးကပြောသည်။

မြို့တော်ဝန်သစ် အဖြစ်တာဝန်ယူသူ ဦးလှမြင့် ( အငြိမ်းစား ဗိုလ်မှူးချုပ်)သည် လွန်ခဲ့သည့် ဧပြီလမှ စတင်တာဝန်ယူပြီး မကြာမီမှာပင် ယခင် မြို့တော်ဝန်လက်ထက်က လုပ်ဆောင်ထားသည့် ငွေကြေး ကွာဟမှုများ၊ ဌာနမှူးများ၊ စည်ပင်အရာရှိများ၏ ကိုယ်ကျိုးရှာမှုများအား စစ်ဆေး အရေးယူလျက်ရှိသည်ဟု စည်ပင်ဝန်ထမ်းများက ပြောသည်။ ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်တွင် လုပ်ပိုင်ခွင့်ရှိသည့် ဌာနမှူးများအား နေရာပြောင်းလဲခဲ့သည်။ ဥပမာအားဖြင့် အင်ဂျင်နီယာနှင့် အဆောက်အဦဌာနမှူးအား မော်တော်ယာဉ်ဌာနသို့ ပြောင်းရွှေ့ခြင်းမျိုး ဖြစ်သည်။

ယခု ကြံ့ဖွံ့ပါတီ တောင်ဥက္ကလာ ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း အနေဖြင့် တာဝန်ယူစဉ်ကာလက လမ်းခင်းသည့် လုပ်အားခငွေများ သိန်း ၇ ထောင်ကျော်ကို အမှန်တကယ် သုံးစွဲခြင်းမပြုပဲ ထုတ်ယူထားသည့် အဖြစ်အပျက်ကိုလည်း စစ်ဆေးလျက်ရှိသည်ဟု အမည်မဖေါ်လိုသူ စည်ပင်အရာရှိ တစ်ဦးကပြောသည်။

ထိုအရာရှိက ပြောဆိုရာတွင် မြို့တော်ဝန်သစ် တက်လာပြီးမကြာမီ အစည်းအဝေး တစ်ခုတွင် မမှန်မကန်လုပ်ထားသူများ အနေဖြင့် မိမိအပြစ်ကို ကိုယ်တိုင်ဝန်ခံနိုင်သည်ဟု ပြောဆိုခဲ့သည်ဟုလည်း ပြောသည်။

စည်ပင်မှ သိမ်းဆည်းထားသည့် မြေတွင်လူနေအိမ် တိုက်ခန်းဆောက်လုပ်သည့် အခါ ဆောက်လုပ်ရေး ကန်ထရိုက်များမှ စည်ပင်အရာရှိများ၊ ဌာနမှူးများအား တံစိုးလက်ဆောင် အဖြစ်ပေးထားသည့် တိုက်ခန်းများအားလည်း ယခုအခါ ဖော်ထုတ်ပြီး ပြန်အပ်ရန် စေခိုင်းသဖြင့် တိုက်ခန်းပြန်အပ်နေရသည့် အဖြစ်များလည်း ရှိသည်ဟု စည်ပင် အရာရှိကပြောသည်။

ယခင် မြို့တော်ဟောင်း ရန်ကုန်မြို့သည် စီးပွားရေး အရအချက်အချာ အကျဆုံး ဖြစ်နေဆဲ ဖြစ်၍ ရန်ကုန်မြို့ မြေနှင့် တိုက်ခန်းများ တန်ဖိုးမှာ မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်နေသည်။ ရန်ကုန်မြို့မှ အရင်ခေတ်က အိန္ဒိယပြန်သွားသည့် နိုင်ငံခြားသားပိုင် မြေနှင့် တိုက်များအား လွန်ခဲ့သည့်နှစ်များအတွင်း စည်ပင်မှ သိမ်းဆည်းပြီး ကန်ထရိုက်နှင့် အကျိုးတူ လူနေအိမ်ဆောက်လုပ်သည့် အခါ ကန်ထရိုက်က စည်ပင်သာယာ အတွက်ခွဲတန်း အဖြစ် တိုက်ခန်းများ ပေးအပ်ရလေ့ရှိသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မီတီ (၀ိုင်စီဒီစီ) သည် လမ်းဘေးဈေးသည်၊ လမ်းပေါ် အဖီချပြီးဈေးဆိုင်ဖွင့်လှစ်ခြင်း၊ စီးပွားရေး လုပ်ငန်း ကြီး၊ လတ်၊ သေးအထိ လုပ်ငန်းလိုင်စင် ပေးဆောင်စေခြင်း၊ ဆိုင်းဘုတ် အခွန်အခ၊ လူနေအိမ် ဆောက်လုပ်ခွင့်၊ ပြင်ဆင်ခွင့် လျှောက်ထားခြင်း ၊ တိုက်ခန်းသစ်များ ဆောက်လုပ်ပြီးနောက် လူနေခွင့်ပြုချက် အစရှိသည့် ခေါင်းစဉ်တိုင်းတွင် လာဘ်စားမှု၊ ခြစားမှု ရှိနေသဖြင့် ၀င်ငွေကောင်းသည့် ဌာနကြီးတစ်ခု အဖြစ်အများက ရှုမြင်ကြသည်။

သိန်းထောင်နှင့်ချီသည့် ငွေများ အလွဲသုံးစားလုပ်ဆောင်မှုကြောင့် မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း အရေးယူခံရနိုင်သည်ဟု ယူဆမှုများ ရှိနေသကဲ့သို့၊ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ စည်းရုံးရေး ကိစ္စများ အတွက် စည်ပင်သာယာ ကော်မီတီ၏ အကြီးအကဲ တဦးအနေဖြင့် စည်ပင်အသုံးစရိတ်များအား သုံးစွဲပေးခဲ့သည့် အဖြစ်ကြောင့်လည်း သူ့အား အရေးယူရန် မဖြစ်နိုင်ဟု ယူဆနေသူများလည်း ရှိသည်ဟု စည်ပင်ဝန်ထမ်းများက ထင်မြင်ချက်ပေးကြသည်။