>Tu Maung Nyo – National Solution Necessary, Not Short-term Remedy

>

ဆေးမြီးတို မတိုးတော့သည့် မြန်မာပြည် (သို့မဟုတ်)
တမျိုးသားလုံးပါဝင်နိုင်ပြီး တမျိုးသားလုံးအကျိုးစီးပွားကို ရှေ့ရှုတဲ့ ဖြေရှင်းမှု လိုအပ်တယ်
တူမောင်ညို
ဇွန် ၂၁၊ ၂၀၁၁
ကချင်ပြည်နယ်မှာဖြစ်ပွားပေါ်ပေါက်နေတဲ့ လက်နက်ကိုင်ပဋိက္ခများနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ဗဟိုကော်မတီမှ၂၀၁၁ဇွန်လ(၁၆)ရက်နေ့စွဲဖြင့် “မျက်မှောက်မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်သည့်ကြေညာချက်” ထုတ်ပြန်ပါတယ်။
ဦးသိန်းစိန်အစိုးရကလည်း ၂၀၁၁ ဇွန်လ (၁၈) ရက်၊ နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ယင်းကြေညာချက်၊ သတင်းထုတ်ပြန်ချက်တွေနဲ့ လက်ရှိဖြစ်ပေါ်နေမှုများ အပေါ်ကျနော့်မိတ်ဆွေနဲ့ ကျနော်ထပ်မံဆွေးနွေးဖြစ်ခဲ့ပါ တယ်။
အဲဒီဆွေးနွေးချက်များကို မိတ်ဆွေတို့လည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် တင်ပြလိုက်ပါတယ်။
(ကျနော်) ကြေညာချက်တွေ၊သတင်းထုတ်ပြန်ချက်တွေပေါ်ထွက်လာပြီဆိုတော့ ကျနော်တို့အနေနဲ့ မနောမြေမှာ ဖြစ်ပွား ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ထပ်မံဆွေးနွေးကြအုံးစို့ဗျာ။ ခိုင်မာတဲ့ကောက်ချက်တစ်ခုတော့ ချလို့ရနိုင်ပြီလို့ထင်တယ်။ ဘယ်လိုသဘောရသလဲ။
(မိတ်ဆွေ) အခိုင်အမာကောက်ချက်တစ်ခု ချတယ်ဆိုတာထက် “ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟို ကော်မတီကြေညာချက်နဲ့ ဦးသိန်းစိန်အစိုးရရဲ့သတင်းထုတ်ပြန်ချက် ၂ ခုကို မူတည်ပြီး အခြားအချက်အလက်တွေပါ ဖြည့်စွက် ဆွေးနွေးကြတာပေါ့ဗျာ။

(ကျနော်) “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ က ဒီလိုကြေညာချက်ထုတ်ပြန်တာကတော့ ထူးဆန်းတယ်ဗျာ။ သူ့အနားမှာကပ်နေတဲ့ “ကိုးကန့်” နဲ့ တိုက်ပွဲဖြစ်တုန်းကတော့ တုံတိဘာဝေလုပ်နေခဲ့တာဗျ။ အခုတော့ ကရင်အမျိုးသား လက်နက်အဖွဲ့အစည်း (KNU)၊ ရှမ်းအမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း(SSA)၊ ကချင်အမျိုးသားလက်နက်ကိုင် အဖွဲ့ အစည်း(KIA) တွေနဲ့အစိုးရစစ်တပ်ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပေါ်မှာ သူတို့သဘောထားကို ပထမ ဦးဆုံးထုတ်ပြောတာပဲဗျ။ ခင်ဗျားဘယ်လိုထင်သလဲ။
(မိတ်ဆွေ) ဒီလိုအင်အားသုံးတိုက်ခိုက်ဖြေရှင်းတဲ့ပုံစံကို သူတို့သဘောမကျဘူး/ လက်မခံနိုင်ဘူးဆိုတဲ့အချက်နဲ့ တည်ရှိနေတဲ့ ပြဿနာတွေကို “ဒေသတည်ငြိမ်းအေးချမ်းရေး နှင့် ပြည်တွင်းငြိမ်းချမ်ရေး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အလေးထား၍ အတူတကွ ငြိမ်းချမ်းတန်းတူစွာဖြင့် ဆွေးနွေးဖြေရှင်းသွားကြရန်” ဆိုတဲ့အချက် ၂ ခုက သူတို့ကြေညာချက် ရဲ့ အဓိကအနှစ်သာရလို့ ယူဆတယ်။
သမ္မတဦးသိန်းစိန်ရဲ့ “စိတ်ဓါတ်နဲ့လုပ်ရပ်ကလည်း ဖီလာဆန့်ကျင်ဖြစ်နေတယ်” လို့လည်း ကြေညာချက်ထဲမှာ ထောက်ပြဝေဖန်ထားသေးတယ်နော်။
(ကျနော်) ဒါဆိုရင် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ပြောနေသလို တည်ရှိဖြစ်ပွားနေတဲ့ ပြဿနာ တွေကို “ငြိမ်းချမ်းတန်းတူစွာဆွေးနွေးဖြေရှင်း” နိုင်ပါ့မလား။ ဦးသိန်းစိန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ သူတို့အလုပ် သူတို့လုပ်တာ/ အနှောင့်အယှက်ပေးလို့ တိုက်ရတာလို့ တင်းတင်းမာမာပြောထားတယ်။ ဖြေရှင်းတဲ့ နည်းလမ်း ကလည်း (၂၀၀၈အခြေခံဥပဒေ) လက်ခံဖို့ပဲပြောထားတယ်လေ။ တိုင်းရင်းသားအရေးထက် “ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း” က ပိုပြီးအရေးကြီးနေပါလားဗျ။
(မိတ်ဆွေ) အခြားနည်းလမ်းမရှိဘူး “၂၀၀၈ အခြေခံဥပဒေဘောင်ထဲကဖြေရှင်း” ဆိုတဲ့ နည်းနဲ့ တစ်ဖက်သတ်ဖြေရှင်းမယ် ဆိုရင်တော့ ပြဿနတွေ ပြေလည်စရာလမ်းမရှိဘူးဗျ။ မပြေလည်နိုင်တဲ့အပြင် ပိုပြီးဆိုးဝါးကျယ်ပြန့်လာစရာအကြောင်း တွေရှိနေပါတယ်။ သတင်းထုတ်ပြန်ချက်ထဲမှာ “ရန်လိုဖိနှိပ်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်များမရှိကြောင်း” ဘယ်လိုပဲ ပြောနေပါစေ အခြားတစ်ဖက်မှာတော့ စစ်တပ်တွေပိုပြီး တိုးချထားတာတွေ/ ဝိုင်းပတ်ထားတာတွေက စိတ်ဓါတ်နဲ့ ဖီလာဖြစ် နေတဲ့ လုပ်ရပ်တွေပဲလေ။
ကိုးကန့်ပဋိပက္ခမှာ ဝင်ရောက်တပ်စွဲခဲ့တဲ့ အစိုးရတပ်တွေက ကိုးကန့်ပဋိပက္ခပြီးဆုံးသွားပေမယ့် ပြန်ရုပ် မသွား ဘူးလေ။ အဲဒီဒေသထဲမှာ ဆက်လက်တပ်စွဲ ခြေကုပ်ယူထားတယ်မဟုတ်လား။ အခုလည်း (KIA) ဆီက သိမ်းယူသွားတဲ့ “ဘွမ်ဆဲန် (Bum Sen) စခန်း”ကိုလည်းပြန်မပေးမှာမဟုတ်ဘူးဗျ။ “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကို ဝိုင်းပတ်ချထားတဲ့ အစိုးရတပ်အင်အားတွေ ဘယ်လောက်ရှိသလဲ။ ဘာကြောင့်ဒီလိုချထားသလဲဆိုတာ “ဝ” ခေါင်း ဆောင်တွေ ကောင်းကောင်း သဘောပေါက်ပါတယ်။
တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေကို ချုပ်ထိန်းပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အစိုးရနယ်မြေအတွင်းလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့လည်းပြောထားတယ်နော်။
(ကျနော်) (KIA) ဘက်က ဖြစ်ပေါ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီး လောလောဆယ် အပစ်အခတ်ရပ်စဲဖို့၊ ရေရှည်အာမခံချက်ရှိရှိ ဆွေးနွေးဖြေရှင်းနိုင်ဖို့ (တရုတ်ဖြစ်ဖြစ်/ကုလသမဂ္ဂပဲဖြစ်ဖြစ်) တတိယအင်အားစုတစ်ခုခုရှေ့မှာ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေနဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံဆွေးနွေး ဖြေရှင်းလိုတယ်လို့ ပြောနေတယ်လေ။ အဲဒီနည်းလမ်းက မဖြစ်နိုင်ဘူးလား။
(မိတ်ဆွေ) (နဝတ-နအဖ)စစ်အုပ်စုက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆိုတာကို တစ်လျှောက်လုံး လက်မခံခဲ့ဘူးဗျ။ လက်ရှိ အခြေအနေအတိုင်းဆိုရင်လည်း ဦးသိန်းစိန်အစိုးရက ဒီနည်းလမ်းကိုလက်ခံဖို့ အကြောင်းမမြင်ပါဘူး။
(ကျနော်) “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က “တူတာကိုရှာကြံ၊ မတူတာကို ခေတ္တချန်လပ်” ဆိုတဲ့ မူ နဲ့ ပြဿနာတွေ မပြေလည်နိုင်ဘူးလား။
(မိတ်ဆွေ) ဒါကအဓိကပြဿနာကို ကာလတစ်ခုမှာ ယာယီရွှေ့ဆိုင်းထားတဲ့နည်း/ ယာယီထိန်းသိမ်းထားတဲ့ ဖြေရှင်းနည်း တစ်ခုသာလျှင်ဖြစ်တယ်။ နေရာမရွေး၊ အချိန်အခါမရွေးသုံးနိုင်တဲ့ နည်းလမ်းမဟုတ်ဘူးဗျ။ အနာရောဂါကို ယာယီသက်သာစေတဲ့ ဆေးမြှီးတိုတစ်ခုပေါ့။ ပြီးပြတ်ပြေလည်စေတဲ့ ဖြေရှင်းနည်းမဟုတ်ဘူးဗျ။
ဒီနည်းလမ်းကို အာဏာရသူတွေအချင်းချင်းကြားမှာ၊ အင်အားချိန်ခွင်လျှာ ဆတူဖြစ်နေစဉ်မှာ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းမပြုသေးဘဲ။ ယာယီထွက်ပေါက်ရှာတဲ့ နည်းလမ်းဖြစ်တယ်။ ဒါမှမဟုတ် ပိုမိုအင်အားကြီးတဲ့ရန်သူ သို့မဟုတ် ပြဿနာနဲ့ ရင်ဆိုင်နေရစဉ်မှာ အခြားပြဿနာတွေကို ယာယီအားဖြင့်လွှတ်ပေးထားတဲ့နည်းဖြစ်တယ်။
(နဝတ-နအဖ) စစ်အစိုးရက မြို့ပေါ်ဒီမိုကရေစီအင်အားစုတွေကို အသေအလဲ ရင်ဆိုင်နေရချိန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်မပြုမီအချိန်ထိ ဒီနည်းလမ်းဟာတစ်စုံတစ်ရာအလုပ်ဖြစ်ခဲ့တယ်ဗျ။ ဒါပေမယ့် အခုတော့ အဲဒီကာလ တွေလွန်မြောက်ခဲ့ပြီဗျ။ ဒီနည်းလမ်းနဲ့ဘယ်လိုမှအလုပ်မဖြစ်နိုင်တော့ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်လာခဲ့ပြီဗျ။
အခုပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသလား/ လက်မခံဘူးလား ဆိုတာပဲ ဖြစ်တယ်။ ခေတ္တချန်လှပ် ထားလို့ရတဲ့ဘက် /ရွှေ့ဆိုင်းထားရမယ့်ဘက်မဟုတ်တော့ဘူး။
“မတူတာကို ခေတ္တချန်လပ်”ထားနိုင်တဲ့ အချိန်တွေဟာပြန်မလာစတမ်းကုန်ဆုံးခဲ့ပါပြီ။
ယခင်က ခေတ္တချန်လပ်ထားခဲ့တာတွေဟာ အခုတော့ ထိပ်တိုက်ရင်ဆိုင်ကြရတော့မယ့်၊ အဓိကရင်ဆိုင်ဖြေရှင်း ရတော့မယ့် အချိန်ရောက်လာခဲ့ပါပြီ။
ဒီပြဿနာတွေကို “လွှတ်တော်”ထဲမှာ “လွှတ်တော်ကိုယ်စားလှယ်တွေ” ဖြေရှင်းနိုင်ပါ့မလား။ အခုလိုထိုးစစ်ဆင်တိုက်ခိုက်နေတာကရော “လွှတ်တော်”က သဘောတူဆုံးဖြတ်ထားလို့လားဗျ။ ခင်ဗျားထင်မြင် ချက်ပြောပါဦး။
(ကျနော်) အဲဒါကဒီလိုရှိတယ်ဗျ။ တည်ရှိနေတဲ့ပြဿနာတွေကို “ပြည်ထောင်စုလွှတ်တော်”ထဲ ယူဆောင်လာနိုင်မှဖြစ်မှာ လေ။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးက ကျင်းပပြီးသွားပြီဗျ။ ဒါကိုတော့ထားလိုက်တော့။
နောက်တစ်ခုက (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၈၂)၊(၈၃) နဲ့ (၈၄)တို့မှာ ပြည်ထောင်စုလွှတ်တော် (အထူး/အရေးပေါ်) အစည်းအဝေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက၊ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းလူဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ခေါ်ယူနိုင်တယ်လို့ပါတယ်။
ပုဒ်မ(၈၂) နဲ့ (၈၃) အရဆိုရင် ဦးခင်အောင်မြင့်နဲ့ ဦးသိန်းစိန်တို့ကခေါ်မှရမှာလေ။ လုပ်ပိုင်ခွင့်အာဏာက သူတို့ လက်ထဲမှာမဟုတ်လား။
ပုဒ်မ(၈၄) ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ အနည်းဆုံးလေးပုံတစ်ပုံကရော ခေါ် နိုင်သလားဆိုတာ ကျနော်တွက်ကြည့်တယ်ဗျ။ ဒါလည်းမခေါ်နိုင်ပြန်ဘူး။
ဘာလို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းက(၆၅၉) ဦးရှိတယ်။ အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီ(USDP)ကိုယ်စားလှယ်က (၃၈၈) ဦးရှိပြီး၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကိုယ်စားလှယ်က (၁၆၆)ဦး ရှိတယ်။ သူတို့ ၂ စုပေါင်းလိုက်ရင် (၅၅၄) ဦးရှိနေပြီ။ ကျန်တဲ့ (၁၀၅) ဦးဟာ စောစောကပြောတဲ့ “အနည်းဆုံး လေးပုံတစ်ပုံ” မရှိဘူးလေဗျာ။ အဲဒီအထဲမှာ (တစည) နဲ့ ကြံ့ဖွံ့ပါတီ အဆွယ်အပွားတွေက ရှိသေးတယ်လေ။
ဒါကဖွဲ့စည်းပုံအခြေခံဥပဒေပါနည်းလမ်းနဲ့ပြည်ထောင်စုလွှတ်တော်ထဲမှာလက်တွေ့တည်ရှိနေတဲ့ ကိုယ်စားလှယ် အချိုးအစားဘက်ကနေ လက်တွေ့ကျကျ စဉ်းစားကြည့်တာလေ။
ဒီတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူးဗျ။ ဒါက ဥပဒေပြုရေး ဆိုတဲ့အပိုင်းဘက် က ဖြစ်တယ်။
အုပ်ချုပ်ရေးဘက်အပိုင်းကကြည့်မယ်ဆိုရင်လည်းလုပ်ပိုင်ခွင့်တွေအားလုံးက“နိုင်ငံတော်သမ္မတ”နဲ့ “အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ”လက်ထဲမှာပဲလေ။
အခန်း(၁၁)“အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ”ဆိုတဲ့လုပ်ပိုင်ခွင့်မှန်သမျှကလည်း “နိုင်ငံတော်သမ္မတ”၊ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” နဲ့ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” လက်ထဲမှာချည်းဖြစ်တယ်ဗျ။
အခန်း(၁၂) “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း” ပုဒ်မ (၄၃၅) မှာ ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် လက်ခံဆွေးနွေးရမယ်လို့ဆိုထားပေမယ့်။ ပုဒ်မ (၄၃၆) (က) နဲ့ (ခ) မှာတော့ လက်တွေ့ပြင်ဆင်လို့မရအောင်တင်းကြပ်စွာပိတ်ပင်ထားပြန်ပါတယ်။
ဒီတော့ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကနေဖြေရှင်းလို့မရဘူးဆိုတဲ့ အချက် ထင်ရှားလာ ပါ တယ်။ ဒါကြောင့် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်ဘူး၊ ဖျက်သိမ်းပစ်ရမယ်လို့ ကျနော်ဆွေးနွေးတာပါ။
(မိတ်ဆွေ) ခင်ဗျားဆွေးနွေးတာတွေကို ကျနော်သဘောတူပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ ကွက်ပြီးဖြေရှင်းလို့မရဘူးဗျ။ (KIA) နဲ့ ပြေလည်ရုံ၊ (KNU) ပြေလည်ရုံနဲ့လည်းမရဘူးဗျ။
အရင်းခံကျပြီး နိုင်ငံရေးပြဿနာတွေဖြစ်တဲ့ ဒီမိုကရေစီရေးပြဿနာနဲ့ အမျိုးသားတန်းတူရေးပြဿနာတွေ ကို အခြေခံကျကျ ဖြေရှင်းရမယ်။ ဒီလိုဖြေရှင်းနိုင်မှသာလျှင် အာမံချက်ရှိတဲ့ ရေရှည်တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနဲ့ ဖွံ့ဖြိုးမှု လမ်းကြောင်းကိုလျှောက်လှမ်းနိုင်မှာဖြစ်တယ်။
ဒါမှလည်း ဒေသတွင်းတည်ငြိမ်မှုကို ရေရှည်အာမခံချက်ပေးနိုင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အတွက်လည်း စိတ်လက်ချမ်းသာမှု ရရှိစေနိုင်လိမ့်မယ် မဟုတ်လားဗျ။
(ကျနော်) ဟုတ်ပါတယ်။
တစ်မျိုးသားလုံးပါဝင်နိုင်ပြီး တစ်မျိုးသားလုံးအကျိုးစီးပွားကို ရှေ့ရှုတဲ့ဖြေရှင်းမှု လိုအပ်တယ်။ ဒါမှလည်း ရေရှည် အာမခံချက်ရှိပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိစေနိုင်လိမ့်မယ်။