>
ပြည်ပက ကြံ့ဖွံ့သံရုံးများ ပွဲစားခကောက်ပြီး တရားမ၀င်ငွေရှာ
မိုးမခအထောက်တော် စင်္ကာပူ
ဇွန်၊ ၉၊ ၂၀၁၁
ယမန်နေ့က လက်ခံရရှိသော စာဖတ်သူတဦး၏ ပေးစာအရ စင်္ကာပူရှိ မြန်မာသံရုံးသည် မြန်မာကြားပွဲစားများကတဆင့် ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ ၀င်ငွေခွန်ဆောင်ခြင်းတို့ကို လုပ်ကိုင်ပြီး တရားမ၀င် ငွေရှာနေကြောင်း သိရသည်။
မိုးမခက စုံစမ်းကြည့်ရာတွင် စင်္ကာပူမြို့လည်ခေါင်၊ မြေအောက်ဘူတာအနီး၊ ပင်နီဆူလာဈေးဝယ်ကုန်တိုက်ကြီးတွင် ဖွင့်လှစ်ထားသော မြန်မာပြည်စစ်အုပ်စုနှင့် ဆက်သွယ်ရေးကောင်းသူများ၏ ဈေးဆိုင်အချို့က အဆိုပါ ၀န်ဆောင်မှု (သံရုံးပွဲစားလုပ်ငန်း)ကို လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
၎င်းတို့က မြန်မာနိုင်ငံသားများထံက စင်္ကာပူဒေါ်လာ ၈၀၊ ၅၀၊ ၃၀ စသည့် နှုန်းထားအမျိုးမျိုးဖြင့် လက်ခံပြီး သံရုံးနှင့် ပတ်သက်သည့် အလုပ်များကို ဆောင်ရွက်ပေးသည်ဟု ဆိုသည်။ သံရုံးတွင် ကိုယ်တိုင်သွားပြီး အခွန်အခပေးဆောင်သူ မြန်မာများမှာ သံရုံးဝန်ထမ်းများ၏ မလိုအပ်ဘဲ ကြန့်ကြာမှုများ၊ စာရွက်စာတမ်း မှားယွင်းခြင်း၊ အချက်အလက်များ လွဲခြင်း၊ မချေမငံဆက်ဆံခြင်းတို့ကြောင့် အဆိုပါ ပွဲစားများကတဆင့် သံရုံးကိစ္စများကို ဆောင်ရွက်နေကြရသည်ဟု ဆိုသည်။
“စင်္ကာပူမှာ မြန်မာတွေက အလုပ်သမားတွေအများစု ဖြစ်တယ်။ တပတ်ကို ၆ရက် ၇ ရက် လုပ်ကြရတယ်။ အလုပ်ရှင်တွေဆီက ခွင့်ယူပြီး မြန်မာသံရုံးကို သွားတန်းစီရတာ။ ဒီနေ့တိုကင်မရရင် နောက်တိုကင်က နက်ဖြန် သဘက် ဖြစ်သွားမယ်။ သံရုံးမှာ ထိုင်စောင့်ပြီး လုပ်ဖို့ဆိုတာက နေ့ကူးသွားတာမျိုးရှိတယ်။ အိမ်ဖော်တွေ ကွန်တိန်နာထဲမှာ နေရတဲ့ အလုပ်သမားတွေဆိုတာ ဘယ်လိုမှ အချိန်မရှိဘူး။ တချို့ အလုပ်သမားတွေဆိုတာ အလုပ်ရှင်သိမ်းထားတဲ့ ပတ်စ်ပို့ကို ပြန်တောင်းပြီးတော့ အခွန်ဆောင်တာ၊ သက်တမ်းတိုးတာ လုပ်ရတယ်။ ပတ်စ်ပို့ တခုခု ဖြစ်သွား ပျောက်သွားရင် စင်္ကာပူလို နိုင်ငံခြားအလုပ်သမားတွေအပေါ် တင်းကြပ်တဲ့ သဘောထားရှိတဲ့နိုင်ငံမှာ ဘ၀ပျက်သလိုပဲ။”
ဟု စင်္ကာပူရောက် အိမ်တွင်းမှုအလုပ်သမအဖြစ် ဆောင်ရွက်နေသူတဦက ပြောပြသည်။
ထိုပေးစာတွင် ဖော်ပြထားချက်အရ S-pass နှင့် နေထိုင်သူ အမျိုးသမီးတဦးက ပင်နီဆူလာကုန်တိုက်တွင် ဖွင့်ထားသော သံရုံးဝန်ဆောင်မှုလုပ်ငန်းတခုသို့ အလုပ်အပ်ခဲ့ရာ၊ ကိစ္စများပြီးစီး၍ ပတ်စ်ပို့သွားပြန်ထုတ်ချိန်၌ ပွဲစားခကို ပိုပြီး တောင်းကြောင်း၊ မပေးနိုင်ဘူးဟု ပြောရာ ပွဲစားက မချေမငံပြောကြောင်း၊ တရားမ၀င်ပွဲစားလုပ်ငန်းဖြစ်သဖြင့် မည်သို့မျှ တိုင်ကြားခြင်း မိမိတို့ မလုပ်နိုင်ကြောင်း ရေးသားထားသည်။
အခြားနိုင်ငံများရှိ မြန်မာသံရုံးများတွင်လည်း နီးစပ်ရာ မြန်မာမိသားစု အဆက်အသွယ်များနှင့် သံရုံးပွဲစားလုပ်ငန်းများ ရှိသည်ဟု အမေရိကန် ၀ါရှင်တန်ဒီစီရောက် မြန်မာတဦးက မိုးမခသို့ ပြောကြားသည်။
“မြန်မာသံရုံးမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေက အခွန်ဘယ်လောက် ဆောင်ရမလဲ၊ သက်တမ်းတိုးတာ ဘယ်လိုပေးရမလဲ ဆိုတဲ့ လမ်းကြောင်းတွေ ရှိတယ်။ ပြီးတော့ အမေရိကန်နိုင်ငံသားဖြစ်သွားတဲ့ မြန်မာတွေအတွက် ပြည်တော်ပြန်လည်ဖို့ ဗီဇာတွေ၊ ဘာတွေအတွက် ၀န်ဆောင်မှု ပေးတဲ့ အဆက်အသွယ်တွေရှိတယ်။ သံရုံးနဲ့ ၀င်ထွက်နေတဲ့ ပွဲစားတွေ ရှိတယ်။ သူတို့နဲ့ပဲ လုပ်ကြရတာပဲ။ မြန်မာပြည်က အစိုးရ၀န်ထမ်းတွေအားလုံးမှာ ပါးစပ်ပေါက်တွေ ပါတော့ သူတို့ကို အရင်ဆို့ရတာ ပြည်တွင်းကော ပြည်ပမှာပါ ထုံးစံပါ။”
ဟု ၎င်းက သူ့အတွေ့အကြုံကို ပြောပြသည်။
