>Maung Maung One – Recognize

>

အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ်
မောင်မောင်ဝမ်း
ဇွန် ၈၊ ၂၀၁၁

အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ် …
(ဆရာတော် ဦးဇောတိက)

ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရ တက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတရပ်အဖြစ် ရှုမြင်တယ်ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပဲ (ပြည်သူတွေက မဲပေးလိုက်တာကိုး) ဒါကို ဒေါ်စု သဘောပေါက်တယ်၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ … အစိုးရတရပ်တော့ ဖြစ်လာပြီ။ ဒေါ်စုဘက်က ရိုးသားတယ်၊ အရှိတရားကို အရှိတရားအဖြစ် မြင်လိုက်တယ် … ဒါဟာ စိတ်သတ္တိတမျိုးပါ။

ဂျွန်မက်ကိန်း မြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတယောက်လို သဘောထားပါတယ်တဲ့၊ သဘောကတော့ သူလို ကိုယ်လိုပါပဲ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်။ သူတို့အနေနဲ့ ထူးထူးခြားခြား လူထုခေါင်းဆောင်တို့၊ ဒီမိုကရေစီခေါင်းဆောင်တို့ သတ်မှတ်ဖို့ အသိအမှတ်မပြုပါဘူးပေါ့ … ဒါဟာ အရှိတရားကို မျက်ကွယ်ပြုလိုက်ခြင်းပါ။
ကျနော် အရင်က အသိအမှတ်ပြုခြင်းရဲ့ အနှစ်သာရနဲ့ စိတ်ခွန်အားသတ္တိကို သိပ် သဘောပေါက်ခဲ့ပါဘူး။ ဆရာတော် ဦးဇောတိကရဲ့ တရားတော်တွေကို စာအုပ်စာပေတွေကနေ ဖတ်ရှုရတဲ့ အခါရောက်မှ ကောင်းကောင်းသဘောပေါက်လာတယ်။ တကယ်တော့ အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ် တဲ့၊ သိပ်မှန်လိုက်တဲ့စကားဗျာ။ ကျနော့်ဘဝမှာ ဒီအယူအဆလေးက အတော်ကိုလွှမ်းမိုးသွားခဲ့တယ်။ အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အတော် ရှက်စရာကောင်းတဲ့လုပ်ရပ်တွေနဲ့ စိတ်အစဉ်တွေကို ပြေးမြင်မိတယ်။ 
လူတော်တော်များများဟာ မကောင်းတာများကိုသာ အသိအမှတ်ပြုဖို့ ဝန်မလေးတတ်ကြပေမယ့်လို့ ကောင်းကွက်တွေကို အသိအမှတ်ပြုဖို့ကြ အတော်ဝန်လေးတတ်ကြတာ မဟုတ်လား။ ဒါဟာ သာမန်စိတ်ပါ၊ လူတယောက်ယောက်ရဲ့ ကောင်းကွက် တော်ကွက်တွေကို အသိမှတ်အပြုဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်။ ဆရာတော်ပြောသလို စိတ်ခွန်အားစိတ်သတ္တိတွေ လိုတယ်။ ကျနော် ဒီအမှန်တရားကို လက်တွေ့ကျင့်သုံးကြည့်တယ်။ ကျနော် အင်္ဂလိပ်စာ ကျူရှင်ဆရာတယောက် အဖြစ်ရပ်တည်တော့ စာတော်တဲ့ ကျောင်းသားတွေကို အရှိကိုအရှိအတိုင်း အပိုအလိုမရှိ အသိအမှတ် ပြုကြည့်တယ်။ အဲဒီတော့ ဒီကျောင်းသားတွေဟာ ပိုပိုပြီးတော်လာတာကို တွေ့ရတယ်။ လိုအပ်ချက်တွေကိုလည်း စေတနာရှေ့ထား ထောက်ပြတယ်။ ကျောင်းသားတွေဟာ လိုလိုလားလား ခံယူပြီး ကြိုးစားလာတာကိုတွေ့ရတာ အမှန်ပါ။ ဒါကို အသိအမှတ်ပြုခြင်းရဲ့ အကျိုးရလာဒ်လို့ ခံယူမိတယ်။ အပြင်လောက လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ကျင့်သုံးကြည့်တယ်။ အဲဒီလို အသိအမှတ်ပြုခံရတဲ့သူတွေဟာ ကိုယ့်ကို ခင်မင်လေးစားလာတာ လက်တွေ့ပါ။
အသိအမှတ်ပြုတယ်ဆိုတာ အပိုအလိုမရှိ ကျင့်သုံးရတဲ့ကိစ္စပါ။ ပိုသွားတယ်ဆို မြှောက်ပြောတာ၊ ဘုန်းတော်ဘွဲ့တွေ ချီးကျူးတာဖြစ်သွားမယ်။ လိုပြောတယ်ဆိုရင်တော့ အသိအမှတ် မပြုရဲတာနဲ့ အတူတူပါပဲ။ အသိအမှတ်မပြုရဲတာဟာ မုန်းတီးခြင်းတွေ၊ မနာလိုခြင်းတွေ ယှဉ်တွဲရာက ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်တွေပါ။
ဒါပေမယ့်လို့ အယူအဆတခု၊ လုပ်ရပ်တခုအပေါ်မှာတော့ ရှုထောင့်ဆိုတာ ရှိပါတယ်။ ဘယ် ရှုထောင့်က ရပ်တည်ပြောတာလည်းဆိုတဲ့ အပေါ်တည်မှီပြီး အသိအမှတ်ပြုခြင်းတွေ၊ မပြုခြင်းတွေဆိုတာ ကွဲပြားနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့ခေါင်းဆောင် ဖြစ်တယ်၊ တပ်မတော်ရဲ့ ဖခင် ဖြစ်တယ်။ ဒါဟာ အသိအမှတ် ပြုကိုပြုရမယ့်အရာပါ။ ပကတိ တည်ရှိခဲ့တဲ့အရာတွေ မဟုတ်လား။ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ သူ ပြုမူဆောင်ရွက်ခဲ့တဲ့ အရာတွေအပေါ်မှာတော့ ရှုထောင့်အပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်ဗျာ၊ ရှင်းပါတယ်။ ဒါတွေဟာ လက်တွေ့ ပကတိအရှိတရားတွေပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အသိမှတ်ပြုမယ် မပြုဘူးဆိုတာ ဒါက ရပ်တည်ချက် ရှုထောင့်နဲ့ ဆိုင်သွားပြီ (ဒါ သူတို့သဘော)။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်ကလည်း ဗိုလ်ချုပ်မှူးကြီး စောမောင်လို့ပဲ သုံးတယ်။ ဦးစောမောင်လို့တောင် မသုံးဘူး။ ထိုနည်းတူစွာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မောင်အေး စသည်ဖြင့်ပေါ့၊ ဗိုလ်ချုပ်မှူးကြီးလို့ပဲ ခေါ်ဝေါ်တယ်၊ ဒါဟာ အသိအမှတ်ပြုရဲတဲ့ စိတ်သတ္တိကို ဖော်ညွှန်းနေတာပဲ။ စစ်အာဏာရှင်များဘက်ကကျ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဝေါ်ဖို့သတ္တိတွေ မွေးနိုင်ပါပြီလား။ အသိအမှတ်ပြုရဲပါပြီလား။ သာမန်ကြည့်မယ်ဆို ဘာမှမဟုတ်သလို ထင်ရပေမယ့် သိပ်အရေးကြီးတဲ့ကိစ္စပါ။ မြန်မာ ဆိုတာကို မပြောင်းလဲဘဲနဲ့ ဗမာလို့ ဆက်သုံးစွဲနေတဲ့ နိုင်ငံတကာနဲ့ အတိုက်အခံများကို ရှုတ်ချလိုက်တဲ့ အာဏာရှင်ကြီးများကရော အထက်ဖော်ပြပါ ကိစ္စများကို ပြောင်းလဲဖို့ အသိအမှတ်ပြုရဲဖို့ စိတ်ခွန်အားတွေရှိပါရဲ့လား။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုသမ္မတကြီး ဦးတင်အောင်မြင့်ဦး ပြောသလို သာမန်အရပ်သား တယောက်ပါဆိုရင် ဘာ့ကြောင့် စူပါပါဝါနိုင်ငံကြီးက ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်က ရေးကြီးခွင်ကျယ်ပြောဆိုပြီး သမ္မတကြီးကရော ဘာလို့ ရေးကြီးခွင်ကျယ် စကားထဲထည့်ပြောနေရတာလဲ၊ ဒါဟာ အာဃာတတွေ၊ အငြိုးတွေ၊ အမုန်းတွေကြီးနေဆဲဆိုတာကို ဖော်ကျူးလိုက်ခြင်းရဲ့ သင်္ကေတ စကားရိပ်တွေပါ။
ကျနော် အကျဉ်းထောင်တွင်းမှာရှိနေတုန်းအခါတုန်းက ထောင်ကျလာတဲ့ တပ်ရင်းမှူးတယောက် နဲ့ဆုံခဲ့တယ်။ ကျနော်က သူ့ကို တပ်ရင်းမှူးကြီးလို့ပဲ ခေါ်တယ်။ (ဒီအခေါ်အဝေါ်ကို သူ မငြင်းပယ်ခဲ့ပါဘူး – အဲဒီအချိန်မှာ သူဟာ ထောင်ကျလာတဲ့ ထောင်သားတယောက်ပါ) ဒါပေမယ့်လို့ ကျနော်က ထောင်ရဲ့ အကြီးဆုံး အုပ်ချုပ်ရေးအရာရှိကို ထောင်ပိုင်ကြီး ထောင်ပိုင်ကြီးလို့ ခေါ်ဝေါ်တဲ့ကိစ္စကိုကျ သူက တားမြစ်ခဲ့တယ်၊ နာမည်တပ်ခေါ်ပါတဲ့။ ကျနော် သူ့ရဲ့ စိတ်သတ္တိနဲ့ စိတ်ခွန်အားကို သဘောပေါက်လိုက်ပါတယ်။ သူ့မှာ လူတွေကို အသိအမှတ်မပြုရဲတဲ့ရောဂါ ဖြစ်နေတာကိုး၊ (သူ့ကို အသိအမှတ်ပြုတာကိုတော့ ခံချင်ပြီး သူကကျ အသိအမှတ်ပြုဖို့ ဝန်လေးတတ်တဲ့အမျိုးစားပါ)
နောက်တခါ နိုင်ငံရေးအကျဉ်းသားကိစ္စ။ နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့် ထောင်သွင်း အကျဉ်းချခံရတယ်ဆို နိုင်ငံရေးအကျဉ်းသားပေါ့။ ဒါ ရှင်းပါတယ်။ ဒါကို ငြင်းပယ်တဲ့ကိစ္စဟာ အမှန်ကို မျက်ကွယ်ပြုလိုက်ခြင်းပါ၊ အသိအမှတ်မပြုရဲခြင်းပါ။ နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့် အကျဉ်းချခံရသူဟာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်။ ယုံကြည်ချက်အကျဉ်းသားတို့ ဘာတို့ဆိုတာ စကားလုံးတွေနဲ့ ရှုတ်ထွေးသွားနိုင်တဲ့ကိစ္စ။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါလို့ပြောတာ – နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့် ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ချထားသောသူများကို ဆိုလိုတာ။ ဒါကို ဝေ့လည်ကြောင်ပတ်နဲ့ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးဆိုတာ အသိအမှတ်ပြုဖို့ စိတ်ခွန်အားနည်းနေတဲ့အရာလို့ပဲ စွပ်စွဲချင်တယ်။ အသိအမှတ်ပြုဖို့ကိုတောင်မှ ဝန်လေးနေတယ်ဆိုရင် ရှေ့ဆက်သွားမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို ဘယ်လိုလှမ်းကြမလဲ။ 
စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ စည်းစိမ် အာဏာတည်မြဲရေး အတွက် တပ်မတော်ကို အသုံးချသွားကြတယ်။ ကျနော်တို့ အတိုက်အခံများဟာ တပ်မတော်နဲ့ စစ်အာဏာရှင်တစုကို ခွဲမြင်ဖို့တော့လိုတယ်။
နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံရေးသိပ္ပံ အသုံးအနှုန်းနဲ့ပြောရရင် (State)ပဲ၊ နိုင်ငံရဲ့ သယံဇာတတွေ၊ အရင်းအမြစ်တွေ၊ လေထု၊ မြေထု၊ ရေထု စသဖြင့်ပေါ့၊ ဒါတွေဟာ တိုက်ရတဲ့ အမျိုးမဟုတ်ဘူး၊ ကျနော်တို့တိုက်ရမှာ အစိုးရ (Government)၊ State ဆိုတာ ဘယ်အစိုးရ တက်လာလာ သူက ရှိနေမှာပဲ တပ်မတော်ဟာ နိုင်ငံ့ဝန်ထမ်းဖြစ်တယ်၊ သူက ဘယ်အစိုးရတက်လာလာ တပ်မတော်ဆိုတာ ရှိနေမှာပဲ၊ ဒါကို အသိအမှတ်ပြုရမယ်။ အသိအမှတ်လည်း ပြုရဲရမယ်။
စစ်အာဏာရှင်ကြိုးကိုင်ခံ အစိုးရလို့ပဲပြောပြော၊ ကြံ့ဖွတ်အစိုးရလို့ပဲခေါ်ခေါ် သူတို့ကို တခု မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူထုအများစုဟာ ဆင်းရဲတွင်းနက်နေပါတယ်ဆိုတာကို အသိအမှတ် ပြုရဲပါသလား၊ လူထုကြီး အမှန်တကယ် ဆင်းရဲတွင်းနက်တယ်၊ မနက်ဘူးဆိုတာကို စာဖတ်သူများပဲ သုံးသပ်ပြီး အဖြေမှန်ထုတ်ပေးပါ။ အမှန်တကယ် အဘက်ဘက်က ယိုယွင်းပျက်စီးပြီး နိမ့်ကျနေတာကို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ အသိအမှတ် မပြုနိုင်သမျှကာလပတ်လုံး အတိုက်အခံများနဲ့ တွေ့ဆုံ ဆွေးနွေးရေးတို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဆိုတာတွေဟာ အလှမ်းဝေးနေဦးမှာပါ။
တခုတော့ ပြောချင်ပါတယ် … ဂျွန်မက်ကိန်းက ပြောတယ် … … ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘူးဆိုရင် အာရပ်ကမ္ဘာလို လူထုတော်လှန်ရေးတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ ပြောဆိုချက်ဟာ … တန်ခိုးရှင်မို့ ဖောက်ထွင်းမြင်နိုင်လို့ ပြောသွားတာမဟုတ်ဘူး၊ ရမ်းတုတ်ပြီး ပြောသွားတာလည်း မဟုတ်ဘူး … … သူဟာ နိုင်ငံရေးကျွမ်းကျင်သူဖြစ်တယ် … ရှေ့ကို ကြိုမြင်နေတယ် … … … အတွေ့အကြုံနဲ့ သင်ခန်းစာတွေက ပေးလိုက်တဲ့ ပြဌာန်းချက်ပဲ။
အသိအမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ် … …။
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း