>2 Political Prisoners in the group of release yet so far

>

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား လွှတ်ပေးသည့်အနက်
 နိုင်ငံရေး အကျဉ်းသား ၂ ဦးသာ ပါဝင်
မိုးမခ အထောက်တော်၊ ရန်ကုန်
မွန်းလွဲ ၂ နာရီ ၊ မေ ၁၇၊ ၂၀၁၁
ယမန်နေ့ညက ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ ယနေ့ လွှတ်ပေးသူများအထဲတွင် ယခုအချိန်ထိ နိုင်ငံရေး အကျဉ်းသား ၂ ဦးသာ ပါဝင်သေးသည်ကိုတွေ့ရသည်။ အဆိုပါ ၂ဦးမှာ အမျိုးသမီးထဲမှ မမီးမီးလေး နှင့် အမျိုးသားထဲမှ ကိုညီညီအောင် (ဒေါပုံ) အန်အယ်ဒီ အဖွဲ့ဝင်တို့ဖြစ်သည်။ 
(ထောင်တွင်းမှ အကျဉ်းသားများကို ခေါ်ထုတ်လာစဉ်)
ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက် အရ အကျုံးဝင်ပြီးလွတ်မြောက်သူ တနိုင်ငံလုံးတွင် ၁၄၆၀၀ ကျော်ရှိပြီး ရန်ကုန်အင်းစိန်ထောင် တထောင်ထဲမှ ၂၅၀၀ ကျော်လွှတ်ပေးမည်ဟု သတင်းမီဒီယာများအား ဖိတ်ကြားသည့် လွတ်မြောက်သူများအား သြ၀ါဒပေးပွဲတွင် အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်းကပြောသည်။
(အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း)
ယနေ့နံနက် ၉နာရီခွဲဝန်းကျင်တွင် အင်းစိန်ထောင်ဝင်းအတွင်းရှိ ခန်းမတွင် လွတ်လူ ကျား ၂၀၀၊ မ ၂၀၀ ကိုခေါ်ယူပြီး အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်းက သြ၀ါဒ ပေးပြီးနောက် ပထမဆုံး အသုတ်အဖြင့် လွှတ်ပေးခဲ့သည်။ ထိုအခန်းအနားသို့ ပြည်တွင်းနှင့် ပြည်ပသတင်းဌာနကိုယ်စားလှယ်များလည်း တက်ရောက်ခွင့်ရခဲ့သည်။ 
 
(နိုင်ငံရေး အကျဉ်းသား ကိုညီညီအောင်)
ယနေ့ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ကိုညီညီအောင်က “သမ္မတ အသစ်တက်လာတော့ အားလုံးက လွတ်ငြိမ်းချမ်းသာခွင့်လာမယ်ဆိုပြီး မျှော်လင့်နေကြတာ၊ မနေ့ညက တီဗီမှာ ကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်လည်း ကြားရရော တနှစ်ထဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး စိတ်ပျက်ကုန်ကြတယ်” ဟုပြောသည်။ ကိုညီညီအောင်ကို ၂၀၁၀ ခု ဇူလိုင်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၁ နှစ်ခွဲပြစ်ဒဏ်ချမှတ်ကာ ၁၀ လကျော်အကြာတွင် လွတ်မြောက်လာခြင်းဖြစ်သည်။ 
(လွတ်မြောက်လာသူများ၊ ကြိုဆိုသူမိသားစုများ၊ ထောင်ဝင်းဝ မြင်ကွင်း)
အန်အယ်ဒီအဖွဲ့ဝင်များထဲမှ နယ်ထောင်များတွင် လွတ်မြောက်မည့်သူ အချို့ရှိပြီး အရေအတွက် အတိအကျကိုမူ ယခုချိန်ထိ မသိရသေးသော်လည်း အနည်းဆုံး  ၆ဦးခန့်ရှိမည်ဟု အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းလျက်ရှိသည့် အန်အယ်ဒီပါတီဝင် တချို့ကပြောပြသည်။ 
 (အထွေထွေရာဇ၀တ်မှုအသီးသီးနှင့် အကျဉ်းကျနေသူ အမျိုးသမီးများ)

 (အကျဉ်းမှ မလွှတ်မီ ခန်းမတွင် အကျဉ်းသားများကို စုဝေးထားစဉ်)
( အင်းစိန်ထောင်ရှေ့က မြင်ကွင်း ဓာတ်ပုံများ၊ ဓာတ်ပုံ – မိုးမခ)