>Aung Tha Nge’s poem – 16

>

ပို့လန်း (၃)
အောင်သာငယ်
မတ် ၁၁၊ ၂၀၁၁

သည်လောက်အေးတဲ့ ရာသီထဲမှာကို
အရူးလို လျှောက်ပြေးနေတဲ့
အင်္ကျီမပါတဲ့ အပြေးသမားတွေ
မွေးထားတာ ပို့လန်း …
မွေးဖွားတာ ပို့လန်း …

ဘယ်နေရာသွားသွား
ရှောင်ရှားလို့ကို မရဘူး …
ကျားနဲ့မ မဟုတ်တဲ့
ကျားကျား … မမ … တွေ အတွဲ …
ကဲလည်း ကဲနိုင်ကြပါတဲ့ မြို့ …

ရှေ့ကားက ဘယ်ကွေ့မယ်ဆို
နောက်ကားပေါ်က ကိုယ်တွေမှာ
ဘုရား နှစ်ဆူ ပွင့်စာလောက်
နောက်ကနေ စိတ်မရှည်စွာ စောင့်စားပေးနေရတဲ့
လမ်းကျဉ်းကျဉ်းလေးတွေကို
ပိုက်ကွန်ယက်သလို
ဥဒဟို
သူလိုသလို
တမင်တကာကို
ငါ သောက်မြင်ကပ်အောင်
ဟိုသည် လျှောက်ပက်ထားတဲ့မြို့ …

လမ်းထောင့်တိုင်းမှာ
နေရာတကာမှာ
အိမ်ခြေ ယာခြေမရှိ
အရက်သောက်ဖို့တော့
ပိုက်ပိုက်ရှိနေတဲ့ ဟုမ်းမလက်စ်များကို
အပြုံးမပျက်သွားဘဲ
အဟုတ် လက်ခံထားတဲ့မြို့…
ကျုပ် လက်လန်သွားတဲ့ မြို့…

ဆက်ပြောရင်
ဒေါသထွက်တယ် …
လောဘတက်သူများ နေတဲ့ မြို့…
မောဟ ဖက်သူများ နေတဲ့ မြို့…
စောဒကတက်သူ ငါနေတဲ့ မြို့…

အဲဒါ ပို့လန်း …
အဲဒါ ပို့လန်း ပေါ့ …