>
နွေဦးရာသီကိုရောက်ပြီဆိုမှဖြင့် ကျနော့်မွေးဌာနီ အညာအရပ်ဆီက ပတ်ဝန်းကျင်တခုလုံးမှာ မှိုင်းဝေနေတဲ့ မြူခိုးတွေနဲ့ ဆိုင်းနေတတ်တယ်။ ‘မြူတွေ ထတယ်’ လို့ပြောလေ့ရှိကြတယ်။
မနက်ခင်းနဲ့ညနေခင်းတွေမှာ မြူတွေ ပိုပြီးထတတ်တော့ နေလုံးကြီးကိုတောင်မှ ခပ်မှိန်မှိန်ပဲ မြင်ရတယ်။ အဲဒီ မြူတွေထဲက မလင်းတလင်း နေရောင်အောက်မှာ တမျှော်တခေါ် မြင်ရတဲ့ ထန်းတောကြီးတွေထဲမှာလည်း ‘ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ’ ဆိုတဲ့အတိုင်း ထန်းသမားကြီးတွေက ထန်းဖိုပင်တွေကို ထန်းရည်နင်းလို့ ထန်းတက်တဲ့အချိန်ပေါ့။ ထန်းမလှီးခင်မှာ ထန်းလက်တွေကို ခြေနဲ့နင်းနင်းပြီး ဖိချရတာကြောင့် ထန်းရည်နင်းတယ် လို့ ခေါ်ပါသတဲ့။
ထန်းပင်တွေမှာ အောက်ခြေကကပ်ပြီး ထောင်ထားတဲ့ ‘ရင်းထောင်’ တွေနဲ့ ထန်းပင်ပေါ်က တွဲလဲဆွဲထားတဲ့ ‘ရင်းဆွဲ’ တွေကို အစီအရီ တွေ့ကြရမယ်။ ‘ရင်းထောင်’ နဲ့ ‘ရင်းဆွဲ’ ဆိုတာ ဝါးလုံးနှစ်လုံးကို သစ်သားအထစ်တွေနဲ့ ပူးတွဲပြီးချည်နှောင်ထားတဲ့ ဝါးလှေကားအရှည်ကြီးတွေပါ။ ‘ရင်းဆွဲ’ တွေကို ထန်းပင် ထိပ်ပိုင်းမှာ အသေဆွဲချည်ထားပြီး ထန်းပင်အခြေက ‘ရင်းထောင်’ တွေကိုတော့ လိုအပ်သလို ရွေ့ပြောင်းနိုင်တယ်။ ‘ရင်းထောင်’ နဲ့ ‘ရင်းဆွဲ’ကို ဆက်ထားလိုက်ပြီး ထန်းပင်ထိပ်ဖျားအထိ တက်သွားနိုင်တယ်။
ထန်းတက်တဲ့အခါမှာ ထန်းလှီးဖို့ ‘ဓားနှီး’ လို့ခေါ်တဲ့ ထန်းလှီးဓားထက်ထက်ကို ဓားအိမ်နဲ့ထည့်ပြီး ထန်းသမားကြီးတွေရဲ့ ခါးမှာချပ်ထားကြတယ်။ လွယ်ကြိုးတွေနဲ့ဆွဲထားတဲ့ ထန်းရည်အိုးတွေကိုလည်း ခါးမှာချိတ်ထားပါသေးတယ်။
နွေရာသီမှာ ထန်းဖိုပင်တွေကို ထန်းတက်ရပါတယ်။ မိုးရာသီမှာတော့ ‘ထန်းသီးအုန်းအုန်း၊ မိုးအုန်းအုန်း’ ဆိုတဲ့အတိုင်း ထန်းမပင်တွေက ထန်းသီးတွေ သီးကြ ကြွေကြတယ်။ အဲဒီ ထန်းသီးခိုင်တွေ မရင့်မမှည့်ခင် အသီးနုတွေထွက်ခါစအချိန်မှာ ထန်းမပင်တွေကို ထန်းတက်ရပါတယ်။
ထန်းတက်ပြီး ထန်းလှီးတယ်ဆိုတာက ထန်းမပင်ဆိုရင် အသီးခိုင်နုနုတွေကိုလှီးရပြီး၊ ထန်းဖို ထန်းပင်မှာတော့ ထန်းပွင့်ထန်းခိုင်တွေက ထွက်လာတဲ့ ထန်းနို့လက်တံတွေကို လှီးရပါတယ်။ ထန်း မလှီးခင်မှာ အသီးခိုင်တွေ၊ ထန်းနို့လက်တံတွေကို ထန်းလျှော်နဲ့စုစည်းပြီး နည်းနည်း ထုပေးရသေးတယ်။ ပြီးတော့မှ ထိပ်ဖျားတွေကို ထန်းလှီးဓားနဲ့ ပါးပါးလှီးတယ်။ အဲဒီလို လှီးထားတဲ့နေရာက ထန်းရည်တွေထွက်ကျလာပါတယ်။ ‘တစက်ကျများ၊ ပြည့်သောလား’ ဆိုတဲ့ စာဆိုအတိုင်းပါပဲ။ တစက်ချင်း ကျလာတဲ့ ထန်းရည်တွေကို ထန်းရည်အိုးနဲ့ခံယူရတယ်။
ထန်းရည်မခံခင်မှာ ထန်းရည်အိုးတွေကို တလုံးနဲ့တလုံး နှုတ်ခမ်းချင်းတေ့ဆိုင်လို့ မှောက်လျက် တန်းစီပြီး အောက်က ထန်းပလပ်ပြားမီးနဲ့မြိုက်ရတယ်။ ထန်းဖုတ်တယ်လို့ ခေါ်ပါတယ်။ အဲဒီ ထန်းဖုတ်ထားတဲ့ ထန်းရည်အိုးတွေနဲ့မှ ထန်းရည်တွေကိုခံပြီး စုဆောင်းယူရပါတယ်။ တနေ့မှာ မနက်တကြိမ် ညနေတကြိမ်၊ အနည်းဆုံး နှစ်ကြိမ်လောက် ထန်းပင်တွေမှာဆွဲထားတဲ့ ထန်းရည်အိုးတွေက ထန်းရည်တွေကို လိုက်သိမ်းရတယ်။
ထန်းလက်တွေကို ခြေနဲ့နင်းပြီး ဖိချတဲ့အခါသုံးဖို့နဲ့ တခါတလေ ထန်းလှီးနေချိန်အတွင်း ထိုင်နေစရာအတွက်၊ ထန်းလက်တွေအပေါ်မှာ ကန့်လန့်တင်ထားဖို့ ‘ကလိုင်’ လို့ ခေါ်တဲ့ ဝါးလုံးရှည် တလုံးကို စလွယ်သိုင်းလွယ်ပြီး ထန်းတက်နေတာတွေမြင်ကြရပေမယ်။
မြူတွေထပြီဆိုရင်ပဲ နွေဦးရာသီကိုရောက်ပြီလို့ ရင်ထဲကအသိနဲ့ ခံစားနေရပြီ။ နွေဦးမှွာေတဲ့ မြူခိုးတွေကို စာတွေ ကဗျာတွေထဲမှာ ‘မင်းလွင်’ လို့လည်း ရေးတတ်ပါတယ်။ မြူနဲ့ မင်းလွင်ကို တွဲဖက်ပြီး ခေါ်တတ်ပါသေးတယ်။
နွေဦးရာသီရောက်လာပြီဆိုတာကို ကျေးငှက်တွေနဲ့အတူ ရော်ရွက်ကြွေတွေကလည်း သတင်းပေးကြလေတယ်။ အရွက်တွေကြွေပြီးခါစအပင်တွေမှာ ရွက်နုသစ်ဦး ပုရစ်ဖူးကလေးတွေကလည်း ဝေဝေစီစီ ထွက်လာကြတော့တယ်။ ဒီအချိန်များမှာဆိုရင် ဘယ်ဆီကိုမျှော်မှန်းလို့ လွမ်းရမှန်းလည်း မသိတတ်နိုင်တော့ပြီ။
နွေဦးရဲ့သရုပ်သဘောကိုပြောရရင်တော့ ရော်ရွက်ကြွေနဲ့ ပုရစ်ဖူးတို့အပြင် လေရူးလည်း ပါသေးတယ်လေ။ လေရူး ဆိုတဲ့အတိုင်း အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာမရွေးပဲ တိုက်ချင်တဲ့အရပ်ဆီက တိုက်ခတ်လာတတ်တယ်။ တခါတလေလည်း လေဝဲကတော့တွေ ဖြစ်သွားလိုက်ချေသေးတယ်။
မြေပေါ်က သစ်ရွက်ကြွေတွေနဲ့ သစ်ပင်တွေပေါ်မှာတွဲခိုနေဆဲ ကြွေလုလု သစ်ရွက် ဝါကြင်ကြင်တွေကို လေရူးက ဝှေ့သွားချိန်မှာတော့ ဆရာကြီးမင်းသုဝဏ် စာဖွဲ့ခဲ့သလိုပဲ သစ်ရွက်ကြွေတွေက လေဝဲကတော့ထဲမှာ ဝိုင်းကြီးပတ်ပတ်လည်လို့ နေရစ်တယ်။
ဆရာကြီးမင်းသုဝဏ် ဖွဲ့ဆိုခဲ့သလို တောတောင်တွေက ‘မြအသွေး ရွှေရေးလုလို့’ ပါပဲ။ ရတုဆရာအမော် ရှင်ဥတ္တမကျော်ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နွေဦးရာသီရဲ့ အလှအပကို ဖွဲ့ဆိုခဲ့ပြီပဲ။
သစ်ပင်တွေမှာ တချို့က စိမ်းဖန့်ဖန့်၊ တချို့က ဝါရွှေရွှေ၊ သစ်ရွက်တွေနဲ့ တန်ဆာဆင်ထားလို့ ဆေးရောင်တွေစုံနေကြလေရဲ့။ အဲဒီလို ဆေးရောင်စုံခြယ်ထားတဲ့ နွေဦးရာသီအချိန်၊ စုံတောမြိုင်ခြေ ဝနာဗွေမှာ နွေတေးရှင် ဥသြငှက်ရဲ့ နွေအကြိုတေးသံကို လွမ်းမောစရာ ကြားကြရပေလိမ့်မယ်။
နှစ်စဉ်နှစ်တိုင်း ဒီအချိန်ကိုရောက်ပြီဆိုမှဖြင့် ဘယ်တော့များ ဥသြသံ ချိုနွဲ့နွဲ့ကို စပြီး ကြားရလိမ့်မလဲလို့ တမ်းတမ်းတတ မျှော်ခဲ့ရဖူးတယ်။ ဥသြတွန်သံ ဘယ်အရပ်ဆီက လာလေသလဲ ဆိုတာကိုလည်း မှန်းဆလို့ မသိတတ်နိုင်ခဲ့ပြီ။
ညနေဆည်းဆာအချိန်ကလေးမှာ လေရူးကလေးတွေနဲ့အတူ လွင့်မျောပြီးပါလာတဲ့ ဥသြတွန်သံသာ ချိုချိုအေးကို ကြားလိုက်ရလေတိုင်း မရိုးနိုင်သလို ဘယ်သောအခါမှလည်း မမေ့နိုင်တော့ပြီလေ။
နွေတေးရှင် ဥသြငှက်ကလေးက ကြင်ဖော်ကွဲလွမ်းချင်းကို လေးလေးတွဲ့တွဲ့နဲ့ ရေးဖွဲ့ပြီး သီဆိုနေလို့ ကြားလိုက်ရတဲ့အခါတိုင်း လွမ်းသံနှောနေတာချည်းပါပဲလေ။ အရင်ကတည်းက လွမ်းနေနှင့်တဲ့သူတွေနဲ့ ငိုချင်လျက်လက်တို့ ဆိုသလို လွမ်းချင်ချင်ဖြစ်နေသူတွေအဖို့မှာတော့ ကိုယ့်အတွက်ပဲ တမင်သက်သက် ရည်ရွယ်ညွှန်းပြီး အငြိုးနဲ့များ လွမ်းအောင်ဖန်နေလေရော့သလားလို့ ထင်မိယောင်ယောင်ပေါ့။
လေရူးနဲ့အတူ တောင်ပြန်လေကလေးကလည်း ကသုတ်ကယက် တိုက်ခတ်လို့လာတတ်သေးတယ်။ ဆောင်းရာသီကုန်ခါစ နွေရာသီရောက်လုလုအချိန်ဆိုတော့ တခါတလေလည်း နှင်းဖွဲလေလား မြူခိုးလေလား မခွဲခြားနိုင်စရာ မထင်မရှားနဲ့ မှိုင်းမှုန်ရီဝေလို့နေတတ်လေသေးတယ်။ အဲဒီလို ရာသီအချိန်မှာ လဲပင်လို့ခေါ်တဲ့ လက်ပံပင်တွေ နဲ့ ပေါက်ပင်တွေက နီနီရဲရဲနဲ့ အပြိုင်အဆိုင် ပွင့်နေကြလို့ တတောလုံးမှာ ဝင်းမှည့်နေတာပါပဲ။
လယ်ယာလုပ်ငန်းတွေ သိမ်းပြီးကြတဲ့အချိန်ဆိုတော့ လှည်းလမ်းခရီးတွေပွင့်လင်းလာလို့ ခရီးယာယီတွေ သွားလာနေကြပြီ။ ဘုရားပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေက ဗလာဆိုင်း၊ အငြိမ့် နဲ့ ဇာတ်သဘင်ပွဲတွေရှိတဲ့ ရွာနီးချုပ်စပ်က အရပ်တွေဆီကို ပွဲကြည့်ဖို့ လှည်းတွေမောင်းသွားကြရင်း လေပွေ လေရူးတွေတိုက်လိုက်တဲ့အခါ လှည်းတွေရဲ့နောက်မှာ လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာကို မြင်ယောင်နေသေးတော့တယ်။
ရင်ထဲ အသည်းထဲမှာ စွဲမြဲနေတဲ့ ကိုယ့်ရိုးရာတွေ၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့တွေအပြည့်နဲ့ ဇာတိမြေကို မျှော်လေတိုင်း ဝေးခဲ့ရသူတွေအဖို့မှာတော့ အခုလို လေရူးတွေပွေခါစအချိန် မြူတွေထတဲ့ နွေဦးရာသီကာလမှာ မလွမ်းဘယ်သူရှိလိမ့်မလဲလေ။
(၁) မဟာကဗျာကျမ်း၊ မြန်မာသြဘာစာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂) ရှင်ဥတ္တမကျော်တောလား၊ ရှင်ဥတ္တမကျော်၊ မန္တလေးတက္ကသိုလ်သုတေသနအဖွဲ့၊ တတိယအကြိမ်၊ ဧပြီလ၊ ၁၉၆၁
(၃) နတ်သျှင်နောင်ရတုပေါင်းချုပ်၊ နတ်သျှင်နောင်၊ ဟံသာဝတီပုံနှိပ်တိုက်၊ တတိယအကြိမ်ပုံနှိပ်၊ ၁၉၈၈
(၄) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဒီးဒုတ်စာပေတိုက်၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
(၅) စာဆိုတော်များအတ္ထုပ္ပတ္ထိ၊ ဗိုလ်မှူးဘသောင်း၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ်၊ သြဂုတ်လ၊ ၂ဝဝ၂
(၆) သဘာဝပြက္ခဒိန်နှင့် အခြားစာများ၊ မင်းသုဝဏ်၊ စိန်ပန်းမြိုင်စာပေတိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ၁၉၆၆
(၇) နှလုံးသားထဲက မြတ်နိုးရာရာ တေးပေါင်းစုများ
(၈) ဓာတ်ပုံ၊ အညာအရပ်က နေဝင်ဆည်းဆာ (ရွှေဘို-မန္တလေး ကားလမ်းဘေးတနေရာ)၊ ရန်ဝင်း (တောင်တံခါး)
(၉) ဓာတ်ပုံ၊ လက်ပံပင် (စစ်ကိုင်းတံတားအနီး-အမရပူရမြို့အဝင် ကားလမ်းဘေးတနေရာ)၊ ရန်ဝင်း (တောင်တံခါး)
(၁ဝ) ဓာတ်ပုံ၊ နွားလှည်းများ (ပုဂံမြို့ဟောင်းတနေရာ)၊ အောင်မြင့်နိုင်
(၁၁) ဓာတ်ပုံ၊ ထန်းတက်သမား၊ www.seasite.niu.edu
(၁၂) ဓာတ်ပုံ၊ ဥသြငှက်၊ www.digital-nature-photography.com




