>Shwe Pyi Soe – More Tougher Sanction for Burmese Regime …

>

စစ်အစိုးရ တပြုံတမလုံးအတွက် ဆို … အခု ဆန်ရှင်က နည်းတောင် နည်းနေသေးတယ်
ရွှေပြည်စိုး
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
                    လက်ရှိအခြေအနေအရ  နအဖ အပေါ် ချမှတ်ထားတဲ့ Sanction ကို မရုပ်သိမ်းဖို့ ထောက်ခံပါတယ်။
                    ပိုမိုထိရောက် ပြင်းထန် ပြတ်သားတဲ့  Sanction ကို ထပ်မံတိုးမြှင့်ဖို့ တောင်းဆိုပါတယ်။  ဒီလို  ထောက်ခံ တောင်းဆိုရခြင်း  အကြောင်းများမှာ –
၁။    စစ်အစိုးရမတိုင်မီ အခြေအနေ
စစ်အစိုးရများ မတိုင်မီက  ဖ.ဆ.ပ.လ နဲ့  ပ.ထ.စ အရပ်သားအစိုးရများ လက်ထက်များမှာ  ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်တာမရှိခဲ့ပါ။  အလားတူအိမ်နီးချင်း ထိုင်းနိုင်ငံ၊ အိန္ဒိယ စတဲ့နိုင်ငံတွေကိုလည်း Sanction လုပ်တာမရှိခဲ့ပါ။ ဘာကြောင့်လဲဆိုတော့  ဥပဒေစိုးမိုးမှုရှိပြီး၊ အစိုးရက ပြည်သူလူထုကို ဥပဒေမဲ့  နိုင့်ထက်စီးနင်း လုပ်တာမျိုးမရှိလို့  ဖြစ်ပါတယ်။
အာရှနိုင်ငံများအနက်  မြန်မာနိုင်ငံဟာ  စံတင်လောက်အောင် ဘက်စုံတိုးတက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် အာရှစပါးကျီ လို့တောင် အမွှမ်းတင်ခြင်းခံရပါတယ်။  ဆန်စပါးအထွက်များသလို ပြည်ပတင်ပို့ ရောင်းချမှုလည်း အများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။  ဒါကြောင့်  ကမ္ဘာမှာ မြန်မာရယ်လို့  လက်မထောင် ၀င့်ကြွားနိုင်ခဲ့ပါတယ်။
                    ဒါပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်း တက်လာတဲ့အခါ  ပြည်သူပိုင် အကြိမ်ကြိမ်သိမ်းခဲ့တဲ့အတွက်ကြောင့် အဘက်ဘက်က  စတင်ဆုတ်ယုတ်လာပြီး  တရုတ်၊ ထိုင်း၊ အိန္ဒိယ စတဲ့အိမ်နီးချင်းနိုင်ငံတွေကိုတောင် မှီခိုရတဲ့အခြေအနေ ဆိုက်ရောက်ခဲ့ရပါတယ်။
၂။    ဗိုလ်ချုပ်နေ၀င်း လက်ထက်
                    ဗိုလ်ချုပ်နေ၀င်း လက်ထက်မှာ ကမ္ဘာ့ဘဏ်ကိုပေးဆပ်ဖို့ အကြွေးဟောင်း အမေရိကန်ဒေါ်လာသန်း(၃၀၀)ကို မပေးဆပ်လို့ ကြွေးသစ်မပေးတော့ပဲ၊ ၁၉၈၇ က စပြီး ကမ္ဘာ့ဘဏ်က အကူအညီတွေ ရပ်စဲခဲ့ပါတယ်။ (ဒီဗွီဘီ၊ ၃၁-ဇန်နဝါရီ ၂၀၁၀)  အဲဒီနောက်ပိုင်းမှာ  အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) .. စတဲ့  ငွေကြေးအဖွဲ့ အစည်းတွေကပါ  မြန်မာနိုင်ငံကို ငွေကြေးအကူအညီတွေ ရပ်စဲခဲ့ကြပါတယ်။
                    ဗိုလ်ချုပ်နေ၀င်း လက်ထက်မှာ နိုင်ငံတကာဘဏ်တွေဆီက ငွေကြေးထောက်ပံ့မှုမရတာနဲ့  ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက် နေ့မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာကလွဲလို့ တခြား ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပါ။
၃။    န၀တ၊ နအဖ လက်ထက်
                    ဒါပေမဲ့ န၀တ၊ နအဖ စစ်အစိုးရများလက်ထက်မှာ နိုင်ငံတကာရဲ့ သံတမန်အဆင့်လျော့ချခံရတာ၊ စီးပွားရေး ပိတ်ဆို့ခံရတာ၊ စစ်ခေါင်းဆောင်တွေ ပြည်ဝင်ခွင့် ဗီဇာပိတ်ခံရတာ၊ နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားတဲ့ ငွေကြေးနဲ့ ၎င်းတို့ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့ခံရတာ၊ ကုလသမဂ္ဂရုံးချုပ်မှာ၊ လူ့အခွင့်အရေးကောင်စီမှာ နိုင်ငံတကာရဲ့ ပြစ်တင်ကဲ့ရဲ့ ရှုတ်ချခြင်း ခံရတာတွေ ဖြစ်လာခဲ့ပါတယ်။  အနောက်နိုင်ငံတွေရဲ့ လူသားချင်းစာနာမှုအကူအညီ မှလွဲလို့   ကျန် ငွေကြေး၊ ကျွမ်းကျင်မှုဆိုင်ရာနည်းပညာ စတာတွေ ဖြတ်တောက်ခြင်း ခံရပါတယ်။
                    ဒါ့အပြင်  ဒီစစ်အစိုးရလက်ထက်တွေမှာ တခါမှမကြားဖူး မကြုံဖူးတဲ့  ကလေးစစ်သား အဓမ္မစုဆောင်းတာ၊ လူကုန်ကူးတာ၊ ပြည်နယ်များရှိ အမျိုးသမီးများကို ဒေသခံစစ်တပ်က တစ်ယောက်ချင်းရော၊ အုပ်စုလိုက်ပါ မုဒိမ်းကျင့်တာ၊
အိမ်နီးချင်းနိုင်ငံတွေရှိ ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည်တွေ သိန်းနဲ့ချီပြီး ရောက်ရှိနေကြတာတွေ ဖြစ်နေကြပါတယ်။
                    အဆိုးဆုံးက ဒီစစ်အစိုးရတွေရဲ့  နိုင်ငံတော်အကြီးအကဲနဲ့ ကောင်စီဝင်တွေ၊ အာဏာပိုင်ကြီးငယ် တွေဟာ  နိုင်ငံပိုင် သယံဇာတ နဲ့  နိုင်ငံတော်ဘဏ္ဍာငွေတွေကို  အုပ်စုလိုက်ခိုးဝှက်ပြီး နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားကြတာ တွေရယ်၊ ခြစားတာတွေရယ်၊  ကောင်စီဝင်တွေ၊ မိသားစု၊ ဆွေမျိုးတွေ၊ ၎င်းတို့နဲ့ နီးစပ်သူတွေဟာ စီးပွားရေး လုပ်ငန်းကြီးငယ် တွေ၊ စီမံကိန်းလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်နေကြတာတွေရယ်၊   နိုင်ငံတော်ဘဏ္ဍာငွေကို ခွဲဝေသုံးစွဲရာမှာ ဘတ်ဂျက်ရဲ့ ထက်ဝက်ခန့် ကို စစ်တပ်အတွက်သုံးစွဲနေတာတွေရယ် .. စသည်တို့ကြောင့်   တိုင်းပြည်လည်းမွဲ၊ ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်ကြရတာတွေ ဖြစ်နေပါတယ်။
၎။    ပွဲစားရှေ့နေ အမတ်တွေ
                    ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့  ပွဲစားရှေ့နေအမတ်တွေက Sanction ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်းတွေ၊  စစ်အာဏာရှင်တွေနဲ့ ၎င်းတို့အသိုင်းအ၀ိုင်းက  ခိုးဝှက်တာ၊ ခြစားတာတွေ၊   စီးပွားရေးကို လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ်၊ အမြတ်ကြီးစား .. စတာတွေကို လုံးဝမပြောပဲ Sanction ကြောင့်လို့သာ  မျက်စေ့မှိတ်ပြီး၊  နအဖ အကြိုက်လိုက်ပြီး ပွဲစားလုပ် နေတာကတော့ စိတ်မကောင်းစရာပါပဲ။
၅။    မြင်းကမလှုပ် ခုံကလှုပ်
                    အံ့သြစရာကောင်းတာက နအဖ ကိုယ်ပွား ကြံ့ဖွတ်ပါတီအမတ်တွေ က  Sanction ရုပ်သိမ်းဖို့ ဘာမှမပြောဘဲ၊  ကြံဖွတ်လွှတ်တော်ထဲက အတိုက်အခံအရေခြုံထားတဲ့ အမတ်တွေကသာ  ပြောနေတော့  “မြင်းကမလှုပ် ခုံကလှုပ်” သလိုဖြစ်နေပြီ။ သူတို့တွေဟာ  Sanction ဖြစ်ပေါ် လာစေတဲ့ နအဖ ရဲ့  “လူ့အခွင့်အရေးချိုးဖောက်မှု”  အကြောင်းမပြောသလို၊ “လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်စဲပေးပါ”
လို့ နအဖ ကိုမတောင်းဆိုတာကိုထောက်တော့ ကိုယ်ကျိုးမျှော်ကိုးပြီး ပွဲစားရှေ့နေလုပ်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။
                    အခုလောလောဆယ်  ပြည်တွင်းပြည်ပမှာ Sanction ရုပ်သိမ်းရေး-မရုပ်သိမ်းရေး ပွက်လောရိုက်နေတာတွေ တွေ့နေရပါတယ်။
၆။    Sanction ရုပ်သိမ်းပါက  ဖြစ်ပေါ်လာမယ့် အကျိုးဆက်
                    အကယ်၍  နအဖ စစ်အစိုးရက “လူ့အခွင့်အရေးချိုးဖောက်မှုများ” ကိုမလျှော့ချပဲ၊ သို့မဟုတ်  မရပ်စဲပဲ
နိုင်ငံတကာက ချမှတ်ထားတဲ့ Sanction ရုပ်သိမ်းလိုက်ပါက –
(က)    နအဖ ကောင်စီ ဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်တွေ နှင့် နိုင်ငံတော်အာဏာပိုင် ကြီးငယ်တွေဟာ နိုင်ငံတော်ဘဏ္ဍာနဲ့ သယံဇာတတွေကို –
       ၁။         ခုထက်ပိုပြီး ခိုးဝှက်စုဆောင်းကြလိမ့်မယ်။ ခုထက်ပိုပြီး ချမ်းသာကြွယ်ဝကြမယ်။     
       ၂။         ခုထက်ပိုပြီး အာဏာချုပ်ကိုင်ကြမယ်။
       ၃။         ခုထက်ပိုပြီး ပြည်သူလူထုကို ဖိနှိပ်ကြမယ်။
       ၄။      အာဏာပိုင် ကြီးငယ်တွေဟာ အချင်းချင်းရော၊ ပြည်သူတွေကိုပါ ခုထက်ပိုပြီး ခေါင်းပုံဖြတ်၊ ခြစားကြလိမ့်မယ်။ (အဲဒီအခါမှာ ဘယ်သူ့ကိုမှ လူထင်မှာမဟုတ်သလို  ဘယ်နိုင်ငံကိုမှလည်း ဂရုစိုက်မှာမဟုတ်။)
(ခ)     နအဖ စစ်ဘက်၊ အရပ်ဘက်မှ  အမှုထမ်းအရာထမ်းတွေက သာမန်ပြည်သူတွေအပေါ် –
       ၁။         ခုထက်ပိုပြီးခေါင်းပုံဖြတ် အမြတ်စား၊ ခြစားမှုတွေ ပွားများလာမယ်
      ၂။          ခုထက်ပိုပြီး နိုင့်ထက်စီးနင်းလုပ်လာမယ်။
(ဂ)     တိုင်းရင်းသားလူမျိုးစုများအပါအ၀င် သာမန်ပြည်သူလူထု တရပ်လုံး –
      ၁။          ခုထက်ပိုပြီး “လူ့အခွင့်အရေး” ချိုးဖောက်ခံရမယ်။
      ၂။          ခုထက်ပိုပြီး ဆင်းရဲဒုက္ခရောက်ကြရမယ်။
      ၃။          ခုထက်ပိုပြီး အကျင့်စာရိတ္တတွေ ယိုယွင်းပျက်စီးလာမယ်။
      ၄။          ခုထက်ပိုပြီး လူကုန်ကူး ခံရမှုများလာမယ်။
      ၅။       ခုထက်ပိုပြီး အကျဉ်းသား၊ အရပ်သားတွေ ချောဆွဲမှု၊ ပေါ်တာဆွဲမှု နဲ့ ကလေးစစ်သားအဖြစ် ဖမ်းဆီးခံရမှု တွေများလာမယ်။
၆။        ခုထက်ပိုပြီး  လိမ်ညာ၊ လုယက်၊ ခိုးဝှက်၊ သတ်ဖြတ်မှုတွေ များလာမယ်။ (Sanction မရုပ်သိမ်းမီကတောင်
နအဖ ကောင်စီဝင်ကြီးတွေ ကိုယ်တိုင်က ပစ္စည်းယူ၊ လူသတ်လုပ်နေတယ်။ တက္ကသိုလ်ရိပ်သာလမ်းက  ၅ လောင်းပြိုင် ပစ္စည်းယူလူသတ်မှုကိုကြည့်ပါ။ အခြားမသိတာတွေ အများကြီးရှိသေးတယ်။)
      ၇။          ခုထက်ပိုပြီး ပညာမဲ့လူတန်းစား နဲ့ ဘွဲ့ရပညာမဲ့တွေ များလာမယ်။
      ၈။          ခုထက်ပိုပြီး ရောဂါဝေဒနာသည်တွေ များလာမယ်။
(ဃ)    နောက်ဆုံးမှာ NLD ဦးဝင်းတင် ပြောသလို  မြန်မာနိုင်ငံမှာ ထားစရာမရှိတဲ့လူ နဲ့ စားစရာမရှိတဲ့လူ  ဟူ၍ လူ ၂ မျိုး ဖြစ်သွားလိမ့်မယ်။ ( ၁၉-ဇန်နဝါရီ ၂၀၁၁၊ ဗွီအိုအေနဲ့ ဦးဝင်းတင် တို့ မေးမြန်းခန်း)
                    ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အမေရိကန်၊ အီးယူးနဲ့ အခြားနိုင်ငံများက “လူ့အခွင့်အရေး” ချိုးဖောက်နေတဲ့ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ နေတာတောင်မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလျှော့ချတဲ့အပြင် တိုးတိုးလို့တောင် ချိုးဖောက်နေတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရတာကြောင့်ဖြစ်တယ်။ အခုလောလောဆယ်မှာလည်း ချိုးဖောက်လျှက်ရှိနေ ပါတယ်။ Sanction ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးအခြေအတင်ဖြစ်နေချိန်မှာ  လူ့အခွင့်အရေးကို နည်းမျိုးစုံနဲ့ ချိုးဖောက်နေပုံကို ကြည့်ပါ။
(၁)     ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ တပ်စွဲထားတဲ့ ခမရ (၅၃၁) နဲ့ ခမရ (၄၂၈) တို့က ကျေးရွာလူထုကိုခေါ်ပြီး  ကရင်နီ တပ်မတော်ရဲ့လှုပ်ရှားမှုသတင်းကို နေ့တိုင်းပုံမှန်ပေးပို့ခိုင်းတယ်။ သတင်းသွားပို့တိုင်း စစ်တပ်အတွက် ကြက်တစ်ကောင်(သို့)
အရက်တစ်လုံး(သို့) ဟင်းတစ်ခုခုယူသွားရတယ်။ သတင်းပို့ရန်ပျက်ကွက်သူကို စစ်တပ်အတွက် ရေခပ်ခိုင်းတယ်၊ ရိက္ခာ သယ်ခိုင်းတယ်။ (ကန္တာရ၀တီတိုင်းမ်၊ ၂၁-ဇန်နဝါရီ ၂၀၁၁)
(၂)     တနင်္သာရီတိုင်း၊ ထားဝယ်မြို့ လေယာဉ်ကွင်းအနီး အိမ်ခြေ ၁၄၀၀၊ လူဦးရေ ၈၀၀၀ ခန့်ရှိ  အရှေ့ပြင်ရွာကို ခယက ဥက္ကဋ္ဌ က ကြိုတင်အကြောင်းမကြား၊ လျော်ကြေးမပေးပဲ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး  ရွာနဲ့ ၁၀ မိုင် ကျော်ဝေးတဲ့ နေရာကို အာဏာသုံးပြီး အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းကြောင်း။
          နောက်တစ်ခုက ထားဝယ်မြို့၊ ကမျောကင်းတံတား အနီး၊ ဥခရံရပ်ကွက်မှာ မြို့သစ်တိုးချဲ့ဖို့ ဆိုကာ လယ်ဧက ၁၀၀၀ ကျော်နဲ့ ဥယျာဉ်ခြံများကို လျော်ကြေးမပေးပဲ ခယက နဲ့ မယက တို့ပူးပေါင်းပြီး သိမ်းယူကြောင်း သိရပါတယ်။ (ရိုးမ-၃၊  ၉-ဖေဖေါ်ဝါရီ ၂၀၁၁)
(၃)     ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်တိန်း နဲ့ တောင်းစလစ် ကျေးရွာအုပ်စုများရှိ ရွာသားများပိုင် လယ်မြေ ဧက ၁၃၀၀ ခန့် ကို  ဒေသအာဏာပိုင်များက ယခုလဆန်းပိုင်းအတွင်းမှာ သိမ်းယူကြောင်း သိရပါတယ်။                     (သျှမ်းသံတော်ဆင့်၊ ၁၀-ဖေဖေါ်ဝါရီ ၂၀၁၁)
(၄)     ရှမ်းပြည်နယ်၊ လဲချားမြို့ နဲ့ နမ့်ဟူးဖရားထမ့် ကြား၊ ၁၆ မိုင်ခန့် ဝေးတဲ့ ကားလမ်းတလျောက်ရှိ  ခြုံနွယ်မြက်ပင်များကို
ငုတ်တိုပါမကျန်အောင် ခလရ (၆၄) နဲ့  စိုင်းထွယ့်၊ ကာလိန်တ တို့ရဲ့ ပြည်သူ့စစ်အဖွဲ့တို့က  အဓမ္မရှင်းလင်းခိုင်းကြောင်း။          ကားလမ်းတလျောက်ရှိ နားပွဲအုပ်စု နဲ့ ဟိုင်းလိုင်အုပ်စု များမှာနေထိုင်တဲ့ ရွာသားများက  လမ်းဘေးဝဲယာနှစ်ဘက်လုံး ကို ခုတ်ထွင်းရှင်းလင်းပေးရတဲ့အပြင်၊ ရိက္ခာကိုပါ ဆက်သရကြောင်း သိရပါတယ်။ (သျှမ်းသံတော်ဆင့်၊ ၁၅-ဖေဖေါ်ဝါရီ ၂၀၁၁)
(၅)     နေပြည်တော် အမြန်ကားလမ်းမကြီးဘေးရှိ ယာဉ်ရပ်နားစခန်းအနီးမှာ ရဲစခန်းနဲ့ စားသောက်ဆိုင်များ တိုးချဲ့ဖို့
လယ်ဝေးမြို့နယ်၊ ဒိုးနွယ်ရွာ တောင်သူမိသားစု ၂၃ စု ကို  နေရာစားပေးပြီး ဖယ်ခိုင်းကြောင်း၊  မိသားစု ၁၄ စုက ၎င်းနေရာဟာ
ရေရှည်အခြေချနေထိုင်ရန် မသင့်တော်တဲ့အတွက် မြို့သစ်စီမံကိန်းအမှတ်(၉၂၀) အတွင်း ချပေးရန် တောင်းဆိုရာ
သက်ဆိုင်ရာကမလိုက်လျောကြောင်း၊ ၎င်းမိသားစုများက ၎င်းတို့ တောင်းဆိုတဲ့နေရာမရ၍ ပြောင်းရွှေ့ပေးရန်ငြင်းဆိုမှုကြောင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တရားစွဲခံနေရကြောင်း သိရပါတယ်။ (အာအက်ဖ်အေ၊ ဘီဘီစီ၊ ၁၅-ဖေဖေါ်ဝါရီ ၂၀၁၁)
                    အထက်ဖော်ပြပါ သာဓက ၅ ခု ဟာ  Sanction ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး  တကမ္ဘာလုံးနီးနီး ပွက်လောရိုက် နေချိန်မှာတောင်  စစ်အစိုးရရဲ့ ရဲရဲတင်းတင်းချိုးဖောက်နေတဲ့  လူ့အခွင့်အရေးတွေ ဖြစ်ပါတယ်။
                    အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ်  Sanction မချမှတ်ခင်ကလည်း  ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်။ Sanction ချမှတ်လည်း ချိုးဖောက်မှု လျော့နည်းမသွားတဲ့အပြင် ပိုမိုများပြားလာတယ်။ လောလောဆယ် Sanction ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး ပွက်လောရိုက်နေချိန်အတွင်းမှာတောင် လူ့အခွင့်အရေးကို နည်းမျိုးစုံနဲ့ ဆက်လက်ချိုးဖောက်နေရင်  Sanction ရုပ်သိမ်းလိုက်ပါက ဒီထက်အဆပေါင်းများစွာ  ပိုဆိုးသွားမယ်ဆိုတာ  ရဲရဲကြီးပြောရဲပါတယ်။
                    ဒါ့ကြောင့်  နအဖ ဘက်က ပြည်သူတွေအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှု မရပ်စဲမချင်း၊  ချမှတ်ပြီးသား Sanction တွေကို လုံးဝလျှော့ချ မပေးဖို့ နဲ့ မရုပ်သိမ်းဖို့  ထောက်ခံတဲ့အပြင်၊   ဒီထက် ပိုမိုထိရောက်၊ ပြင်းထန်၊ ပြတ်သား တဲ့ Sanction တွေကို တိုးမြှင့်ချမှတ်ဖို့   တောင်းဆိုအပ်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်။
နယူးယောက်မြို့။