>Burmese community in Portland, OR raised fund to help Burma

>

HIV-AIDS ရောဂါရှင်များအတွက် အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့တွင် ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပ
မိုးမခအထောက်တော်  ပေါ့တ်လန် နဲ့ ထက်ရာဇာတို့ထံက ရရှိတင်ဆက်သည်
ဇန်န၀ါရီ ၂၃၊ ၂၀၁၁
           မြန်မာပြည်တွင်းမှ HIV-AIDS ဝေဒနာခံစားနေရသော ဝေဒနာရှင်များအတွက် ရန်ပုံငွေ ဈေးရောင်းပွဲတစ်ခုကို IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ ၂၂ ရက် နံနက်(၁၀)နာရီမှ နေ့လည် (၄) နာရီအထိ အော်ရီဂွန်ပြည်နယ် ပေါ့တ်လ်န်မြို့ရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြပါတယ်။ မြန်မာအစားအစာ အမျိုး ငါးဆယ်ကျော်ရောင်းချခဲ့ပြီး မြန်မာရိုးရာအကများအပါအ၀င် သီဆိုဖျော်ဖြေမှုများနှင့် တင်ဆက်ခဲ့ကြပြီး မြန်မာပရိသတ်စုစုပေါင်း အယောက် ၅၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
         အော်ရီဂွန်ပြည်နယ်မှ စေတနာရှင် မြန်မာမိသားစုများ၊ ပြည်သူ့ဂုဏ်ရည် ဝိုင်းတော်သားများ၊ အော်ရီဂွန်လူငယ်များက တက်ကြွစွာ လုပ်အားပေးဆောင်ရွက်ကြပြီး မြန်မာမိသားစု ၁၆ စုနှင့် အော်ရီဂွန်လူငယ်များက ဈေးဆိုင်များ တည်ခင်းရောင်းချကြပါတယ်။

 
 ဦးစီးကျင်းပခဲ့ကြတဲ့လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ မနှင်းဝေလွင် က ပွဲကျင်းပရခြင်းနှင့်ပတ်သတ်လို့ အခုလိုပြောပြပါတယ်…
 “မြန်မာပြည်မှာ ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေကို သမီးတို့တက်နိုင်တဲ့ဘက်ကနေ တစ်စိတ်တစ်ပိုင်း ကူညီလိုက်တာပါ။ နောက်ထပ်လဲ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ကူညီသွားမှာပါ။ တခြားအမေရိကားရောက် မြန်မာတွေကလဲ တတ်နိုင်သလောက် ကူညီမှုတွေ ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။”
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကို စတင်ဖွင့်လှစ်ကာ ကာရာအိုကေသီချင်းများ သီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစားအစာ ပေါင်းစုံတည်ခင်းရောင်းချမှုများကိုအားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်၏အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
အမေရိကားနိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့ တွင် ပြောင်းရွှေ့အခြေချနေထိုင်သော မြန်မာနိုင်ငံသား စုစုပေါင်း အယောက် ၂၀၀၀ နီးပါး နေထိုင်လျက်ရှိပါတယ်။