>journal pieces on Jan 23

>

ခင်ဘုဏ်း၊ ယူနီကုဒ်၊ အနဂ္ဂ၊ လာမည်၊ ကြာမည်
နွားကျောင်းသား ကိုဝင်း
ဇန်န၀ါရီ ၂၃၊ ၂၀၁၁
<>

Messenger ဂျာနယ် (ဇန်န၀ါရီ ၁၇)
ပြည်ပမှာ အခြေချတော့မယ့် ခင်ဘုဏ်း လက်ထပ်ပွဲ
အဆိုတော် ခင်ဘုဏ်း စွံပြီ။ တကယ် စွံနေတာ ၇ နှစ် ရှိပါပြီ တဲ့။ သူ့ချစ်သူနဲ့လက်ထပ်ပွဲလုပ်မယ့် ၂ နေရာလုံးက ရန်ကုန်မြို့ သူဌေးကြီးတွေ အခမ်းအနားကျင်းပတဲ့ ဟိုတယ်တွေပါ။
ရည်းစားသက် ၇ နှစ် ကြာလာချိန်မှာ ပြုံးပျော် ပွေ့ဖက်နေတဲ့သူတို့စုံတွဲပုံတွေက အားကျစရာ မကောင်းဘူးလား။ ကင်မရာရှေ့မို့ သရုပ်ဆောင်တာသက်သက် ဟုတ်ဟန်မတူ။

အကယ်ဒမီသတင်း
Messenger က သတင်းဖတ်သူတွေ အားကိုးရတဲ့ ဂျာနယ်တစောင်ပါ။
ဒီသတင်းမှာ ရေးထားတာက ခေတ်ပေါ် စာနယ်ဇင်း အရေးအသား ပုံစံကျပါတယ်။


အားနည်းချက်တခုက ရုပ်ရှင် ဇာတ်ကား ၁၆ ခု အမည်တွေကို စာပိုဒ်ထဲမှာ ပြွတ်သိပ် ထည့်ထားတယ်။ ဂျာနယ် အများစု နည်းတူပါပဲ ဒီမှာလည်း နာမည်တွေ ဒီလောက်များတာကို တန်းစီပြီး ရေးမထားတော့ စာဖတ်သူ ဖတ်ရ ခက်ခဲစေပါတယ်။

ပထမ ၀ါကျမှာ တွေ့ရတဲ့
“မှ” ဆိုတဲ့ အသုံးအနှုန်းမျိုးကြောင့် မြန်မာစာ ချစ်သူတွေ ဒုက္ခရောက်နေမယ် ထင်တယ်။
၁။ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။
၂။ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
၃။ ရုပ်ရှင်အစည်းအရုံးက ပြောသည်။
၎။ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတဦးက ပြောသည်။
၅။ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတဦး၏ ပြောဆိုချက်အရ သိရသည်။
နံပတ် ၁ ကတော့ ဂျာနယ်ထဲက အရေးအသားပါ။ ကျစ်လျစ်တယ်။ ဒါပေမယ့် အရေးအသား မှားတယ်။ တခြား ဂျာနယ်ဆရာတွေလည်း အဲဒီလိုပဲ ရေးကြတယ် ဆိုတော့ မော်ဒန်မြန်မာစာ ဆိုပြီး ဂုဏ်ယူရတော့မယ် ထင်တယ်။

ကျနော်သာ ဆိုရင်တော့ ၂၊ ၃၊ ၄၊ ၅ အတိုင်း ရေးမှာပါ။ အင်း – ဒီအတိုင်းသာ ဆိုရင် ဂျာနယ်တွေမှာ ကျနော် အလုပ်လျှောက်လို့ ရပါ့မလား။ ဒုက္ခပါပဲ။

မြန်မာပြည်မှာ မြန်မာစာ သင်တန်း ဖွင့်ရင် ၀ိုင်းရယ်ကြမယ်၊ သင်တန်းတက်ချင်သူလည်း အင်မတန် နည်းလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ဖွင့်ဖို့ လိုအပ်တယ် ဆိုတာကို ဂျာနယ်၊ မဂဇင်း အရေးအသားတွေက ပြောပြနေပါပြီ။
လာမည်၊ ကြာမည်
ရန်ကုန်မှာ မီး တနာရီပျက်ရင် (စက်မှုလုပ်ငန်းတွေ) အဆုံးအရှုံးက ကျပ် တသန်းကျော် ရှိတယ် ဆိုပဲ။ မြို့တော်ရန်ကုန် မီးပျက်ခြင်းအကြောင်း နဲ့ အခြေအနေ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်ဟာ မြန်မာ့နည်း မြန်မာ့ဟန်တွေကို အားကိုးရမှာ ဖြစ်ကြောင်း ရေးထားတာကို ဖတ်ဖို့ လက်တို့လိုက်ပါတယ်။

စာအုပ်ဈေးကွက်
ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ ရန်ကုန် စာအုပ်ဈေးကွက် အကြောင်းကို စိတ်ဝင်စားအောင် ရေးထားတဲ့ သတင်းပါ။
ပထမ ၀ါကျမှာ “အနေဖြင့်” ဆိုတာကို ၂ ကြိမ် သုံးထားတယ်။ စာကြောင်းကို ဆွဲဆန့်သလို ဖြစ်သွားပါတယ်။

ကလေးများအတွက် ကစားကွင်း
ဆောင်းပါးမှာ ဒီဇိုင်းဆရာ စိတ်ကြိုက် သရုပ်ဖော်ပုံ အထားအသိုက ကောင်းတယ်။ ဂျာနယ်ကို မဖတ်ဘဲ ဟိုလှန်ဒီလှန် လုပ်သူအတွက် အဆင်ပြေတယ်။ ဆောင်းပါး အစအဆုံး ဖတ်သူတွေကိုတော့ ဒီပုံ အထားအသိုတွေက ဒုက္ခပေးလိမ့်မယ်။

လိုရင်း ပြောရရင် မြို့သူမြို့သား ကလေးတွေရဲ့ လိုအပ်ချက်အကြောင်း ရေးထားတဲ့ ဆောင်းပါးပါ။ အရမ်း ကောင်းတယ်။ ဖတ်သင့်တယ်။ ကလေးသူငယ်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ မိဘတွေရဲ့ အသံများကလည်း စိတ်ဝင်စားစရာပါ။
Voice weekly ဂျာနယ် (ဇန်န၀ါရီ ၂၄)
တောင်ပြုံးပြဇာတ် လန်ဒန်မှာ စင်တင်မယ်
မြန်မာပြည်က ခေတ်ပေါ် ၀တ္ထုရှည်တပုဒ်ကို ဥရောပမှာ ပြဇာတ်ကမယ် ဆိုတဲ့ သတင်း။ သိပ် ကောင်းတယ်။
ယူနီကုဒ်
ဇော်ဂျီ မသုံးတဲ့ အင်တာနက် စာမျက်နှာတွေကို ဖတ်လိုသူများ ဘယ်လို လုပ်ရမယ် ဆိုတာကို ရေးထားတဲ့ အကြံပြုချက် ဖြစ်ပါတယ်။ ကလစ်ပြီး ဖတ်ပါအုံး။

ဂေါက်
ဒုက္ခပေးတဲ့ ဒီရောဂါအကြောင်းကို ဒီ တမျက်နှာ ဆောင်းပါးမှာ ပြည့်ပြည့်စုံစုံ ဖတ်ရမယ်။ ဘီယာနဲ့ မတည့်ဘူး ဆိုပဲ။ တခြား ဘာတွေ ရှောင်ရမလဲ ဆိုတာ သိချင်ရင်တော့ “ဂေါက်ရောဂါဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲ” ဆိုတဲ့ ခေါင်းစည်းအောက်မှာ ရှာပါ။
အနဂ္ဂ
မြန်မာ့ဂီတ ဘောင်ကျဉ်းလာတာကို အများသိစေဖို့ ပန်းချီပြပွဲ လုပ်မယ် တဲ့။ ပန်းချီကားတွေကို မြန်မာအမည်တွေပဲ ပေးထားတယ်လို့ သတင်းက ဆိုတယ်။ ပန်းချီဆရာ နာမည်တွေကရော?
အင်း – ဖတ်ကြည့်ပေတော့ဗျာ။