>More than 20 Charity Food Stalls to open at CoBA Fund Raising Event

>

ဇန်န၀ါရီ ၂၃၊ Newark Pavilion မှာ ပြည်သူ့ဂုဏ်ရည်ရန်ပုံငွေ ဈေးရောင်းပွဲ ဆိုင် ၂၀ ကျော်မည်
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၂၀၊ ၂၀၁၁
၂၀၁၁ နှစ်သစ် မေလမှာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ချီးမြှင့်ခြင်း ကျင်းပမှာဖြစ်လို့ ဂုဏ်ပြု ဆုချီးမြှင့်ရန် အများပြည်သူအားလုံး၏ ၀ိုင်းဝန်းကူညီအားပေးမည့် ရန်ပုံငွေအတွက် ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာမိတ်ဆွေများ၏ ရသာစုံဈေးရောင်းပွဲ က ဖိတ်ခေါ်ထားပါတယ်။ လာမည့် တနင်္ဂနွေနေ့ ၂၃ ဇန်န၀ါရီ နေ့ခင်း ၁၀ နာရီက ၃ နာရီအထိ ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။
ဘေးဧရိယာက စေတနာရှင် မိသားစုများက မြန်မာနှင့် အာရှရိုးရာ အစားအသောက်ဆိုင်ပေါင်း ၂၅ ဆိုင် တည်ခင်းပြီး ရောင်းရငွေများကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန်နှင့် အခမ်းအနားအတွက် မတည် လှူဒါန်းကြမှာ ဖြစ်ပါတယ်။
အဆိုပါ အစားအသောက် အလှူရှင် မိသားစု ၂၅ စု တို့အပြင် ထိုပွဲတော်ကို လုပ်အားဒါန ၀ိုင်းဝန်းကြမည့် မြန်မာလုပ်အားပေး စေတနာရှင် ၄၀ ဦး ကျော် ရှိတယ်လို့ သိရပါတယ်။
ပွဲတော် ဖြစ်မြောက်အောင် အလှူငွေများ ထည့်ဝင်ပြီး ပံ့ပိုးမတည်မှုပေးသူ စေတနာရှင် မိသားစုနှင့် အဖွဲ့အစည်း ၁၅ စု နီးပါး ရှိတယ်လို့ ဆိုပါတယ်။
ထိုပွဲတော်နေ့မှာ စေတနာရှင် အနုပညာသည်များ၊ ဂီတ အက ၀ါသနာရှင်များကလည်း သီဆို ကပြ ဖျော်ဖြေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စာရင်းအရ ဂီတ၊ အက၊ စေတနာရှင် ၁၅ ဦး ကျော် ရှိနေပြီလို့ သိရပါတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ပွဲတော်လာတဲ့ ဧည့်သည်တော်တွေ အမှတ်တရ ဓာတ်ပုံရိုက်နိုင်အောင် စေတနာရှင် လုပ်အားပေး ဓာတ်ပုံဆရာ ၂ ဦးလည်း Event Photographers အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ အခမဲ့ ဓာတ်ပုံရိုက်ပြီး အီးမေးကနေတဆင့် ဓာတ်ပုံတွေကို မျှဝေပေးသွားဖို့လည်း စီစဉ်ထားပါတယ်လို့ ပြောပါတယ်။
ဘေးဧရိယာက မြန်မာမိသားစု အသိုင်းအ၀ိုင်းမှာ လူဦးရေ  သောင်း ဂဏန်း ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဘေးဧရိယာရှိ ဘာသာရေးနှင့် လူမှုရေး ဈေးပွဲတော်များ၊ အလှူပွဲတော်များ တနှစ်ပတ်လည် ကျင်းပနေကြဖြစ်တာကြောင့် လူမှုရေး၊ သာရေး နာရေး ထက်သန်သူ မြန်မာမိသားစုများနဲ့ မိတ်ဆွေများက အဆိုပါ ပွဲတော်များက ဈေးနှုန်း သက်သာပြီး ရသာစုံတဲ့ အစားအသောက်မျိုးစုံကို ရင်းနှီးနေပြီး ဖြစ်တဲ့အပြင် ဖော်ရွေ ပျော်ရွှင်ဖွယ် မိသားစုများ မိတ်ဆွေများ မိတ်ဆုံစားသောက်ပွဲတွေဖြစ်လို့ အားပေးကြဖို့ လက်မနှေးကြဘူးလို့လည်း သိရပါတယ်။
ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် လာမည့် မေလကို အခမ်းအနားဖြင့် ကျင်းပဖို့ သတ်မှတ်ထားကြပြီး ယခုအချိန်ကစပြီး ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အမည်စာရင်း တင်သွင်းမှုများကို အများပြည်သူထံက လက်ခံနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ မတ်လကုန်အထိ အများပြည်သူ စာရင်းပေးသွင်းမှုကို ရယူပြီးနောက် ဧပြီလအတွင်းမှာ အမေရိကန်ပြည်တွင်းရှိ မြို့နယ်စုံက ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများ၊ မိသားစုများထံက ဆန္ဒခံယူပြီး ဆန်ခါတင်စာရင်းများ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ဆန်ခါတင် ၅ ဦးအနက် နောက်ဆုံး တဦးကို တော့ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းက ပြည်သူလူထုရဲ့ အများဆန္ဒမဲစနစ်နဲ့ ရွေးချယ် ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
ယခင်နှစ် ၂၀၁၀ မှာ ပထမဦးဆုံး  ပြည်သူ့ဂုဏ်ရည်အဖြစ် နာရေးကူညီမှုအသင်းက (ဦး) ကျော်သူကို ချီးမြှင့် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ဂုဏ်ပြုဆုနှင့်အတူ ကိုကျော်သူကို နိုင်ငံတကာရောက် မြန်မာမိသားစုများ ၀ိုင်းဝန်းထည့်ဝင် လှူဒါန်းတဲ့ အမေရိကန် ဒေါ်လာ ၇ ထောင်၊ ထို့အပြင် ၎င်းနှင့်အတူ နောက်ဆုံးဆန်ခါတင် ဂုဏ်ထူးဆောင် ၄ ဦးကိုလည်း အမေရိကန် ဒေါ်လာ ၁ ထောင်စီ ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ ယခုနှစ် ၂၀၁၁ မှာလည်း  အများပြည်သူတွေရဲ့ ပေးအပ်တဲ့ ဆန္ဒ၊ ၀ိုင်းဝန်းအလှူနဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုကြရန် စီစဉ်နေကြတာ ဖြစ်ပါတယ်။ ယခုနှစ် ချီးမြှင့်မည့် ဆုချီးမြှင့်ငွေကို မကြေညာသေးပါဘူး။
၂၀၁၀ ဧပြီလ မှာ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်းဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်လာတဲ့ အမေရိကန်ရောက် မြန်မာမိသားစုများ၊ မြန်မာမိတ်ဆွေများဟာ ၎င်းတို့နေထိုင်ရာ မြို့နယ်များက သာရေး နာရေး ဘာသာရေး လူမှုလုပ်ငန်းများတွင် လုပ်အားပေးခြင်း၊ ၀ိုင်းဝန်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြပါတယ်။ ထို့အပြင် မြန်မာပြည်တွင်းက အရေးပေါ်လူမှုအကူအညီများအတွက် ရန်ပုံငွေ ရှာဖွေတဲ့ ပွဲတော်တွေမှာလည်း ကူညီ အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ စိတ်ဝင်စားတဲ့ တက်ကြွတဲ့ မြန်မာမိသားစုများ၊ လူငယ်များ၊ မျိုးဆက်သစ်များနဲ့ တိုးချဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ကြိုဆိုကြောင်း၊ လက်ဆင့်ကမ်းသွားမယ် ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် လုပ်အားပေးတွေက ပြောကြားသွားပါတယ်။
ဝက်ဆိုက်က သည်နေရာမှာပါ – http://CitizenOfBurma.org