>
POEM FOR LIBERTY
ဧရာဝတီမှမစ္စစ္စပီသို့ 
အောင်ဝေး
ဇန်န၀ါရီ ၇၊ ၂၀၁၁
လစ်ဘာတီရေ
ငါလာပြီ။
ငါလာပြီလေ
လစ်ဘာတီ။
နယူးယောက်မြို့ ကြီး
နှင်းမုန်တိုင်းကျပြီးစ
ငိုကြီးငိုမ
ညတညမှာ
ကျနော်ရောက်လာတာပါ
လစ်ဘာတီ။
လေဆန်လမ်းမှာ
ငန်းရိုင်းတွေပေါ့ 
နှင်းမုန်တိုင်းထဲက
ကျနော့်လိုလေ။
လစ်ဘာတီရေ
ဝင်းတားရာသီပြာလဲ့လဲ့
ဝက်ဝံလက်နဲ့ ကုတ်ခြစ်ဖဲ့
ရေခဲလှံနဲ့ ထိုးပကွဲ့ ။
နှင်းတွေနဲ့ ဖိ
မြို့ ပေါ်အိပြီ
တတိတိနဲ့ 
နယူးယောက်မြို့ ကြီး
နှင်းတောထဲပျောက်သွားတယ်။
အဲဒီလို
မှော်ရုံတောကိုမှ
ကျနော်ကရောက်လာတာပါ
လစ်ဘာတီ။
လစ်ဘာတီရေ
ငါလာပြီလေ။
ငါလာပြီ
လစ်ဘာတီရေ။
မြေအောက်ရထားတွေက
ငါ့ ကိုသယ်ဆောင်သွားကြပြီ။
ငါ့ အတွက်ဆိုရင်လေ
နယူးယောက်ဟာ
တောက်ပတဲ့အသံတွေနဲ့ 
ကျယ်လောင်တဲ့ရနံ့ တွေနဲ့ 
ဘယ်တော့မှမအိပ်တဲ့
မြို့ ကြီး
အံ့ချီးကုန်နိုင်ဖွယ်ပါကွယ်။
ကျနော်
မြန်မာပြည်ကလာတယ်လစ်ဘာတီ။
ကျနော်
ဧရာဝတီကလာခဲ့တာပါ
လစ်ဘာတီရယ်။
နယူးယောက်မြို့ တော်မှာ
လစ်ဘာတီရှိတယ်။
လစ်ဘာတီရှိရာ
ကျနော်လာခဲ့တယ်။
လစ်ဘာတီရယ်
မင်းကိုတွေ့ ဖို့ 
အဝေးကြီးကလာခဲ့ရတဲ့
ကိုယ်ပါကွယ်။
ကိုယ်ပါလစ်ဘာတီ
အခုတော့
တို့ တွေ့ ကြပြီပေါ့ လစ်ဘာတီရယ်။
နှင်းမုန်တိုင်းအလွန်
ရေခဲလှံတံချွန်မြ
ထိုးဆွနေတဲ့ကြားက
ဘာကြောင့်များ
ငါ့ နှလုံးသားပူနွေးနေခဲ့ပါလိမ့်။
လစ်ဘာတီရေ
အဲဒါ မင်းရဲ့ အနမ်းကြောင့်ပဲ
မဟုတ်ရင်
မင်းရဲ့ အလွမ်းကြောင့်ပဲ
ဖြစ်လိမ့်မယ်ထင်ပါရဲ့ ။
ငါယုံကြည်တယ်
မင်းဟာ
ငါတို့ လိုအဝေးကြီးကလူတွေအတွက်
အိပ်မက်လည်းဖြစ်တယ်
အကောင်အထည်လည်းဖြစ်တယ်။
မင်းဟာ
အစလည်းဖြစ်တယ်
အဆုံးလည်းဖြစ်တယ်။
မင်းဟာ
အယ်လ်ဖာဖြစ်သလို
အိုမီဂါလည်းဖြစ်တယ်လေ။
လစ်ဘာတီ
မင်းဟာ
တရားမျှတမှုလည်းဖြစ်သလို
ငြိမ်းချမ်းမှုလည်းဖြစ်တယ်လေ။
လစ်ဘာတီ
လွတ်လပ်မှုရှိရင်
တရားမျှတမှုလည်း
သူ့ အလိုလိုရောက်လာလိမ့်မယ်။
လွတ်လပ်ပြီး
တရားမျှတပြီဆိုရင်တော့
ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေး
တေးချိုပြီပေါ့ ။
ချစ်တတ်ပြီး
သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ်ချိုမြနေမှာပါဆိုသလိုပေါ့ 
လစ်ဘာတီရယ်။
ငါက
လွမ်းတတ်သူပါ
မလွမ်းဘူးလားလစ်ဘာတီ။
သင့်ခြေရင်းက
နှင်းခဲ ဆုပ်ဆုပ်တွေ
ကျွန်ုပ်လက်နဲ့ ကိုင်ပြီး
ဟောဒီလို
တိုင်တည်လိုက်ချင်တယ်လစ်ဘာတီ။
“ငါ့ ကိုလွတ်လပ်ခွင့်ပေးပါ
မဟုတ်ရင်
ငါအသေခံသွားမယ်”
လစ်ဘာတီရေ
ငါတိုင်တည်ပရစီ။
ဧရာဝတီမှ
မစ္စစ္စပီ
ငါလာခဲ့သည်လစ်ဘာတီ။
လစ်ဘာတီ
ငါ့ ရင်ဘတ်ကို
တိုးကပ်နားထောင်ကြည့်ပါ
ဧရာဝတီခေါ်သံ
ကြားရလိမ့်မယ်။
သတင်းကောင်းပါးပိမ့်
ပင်းအသောနားများကြားချိမ့်
တငြိမ့်ငြိမ့်ဧရာဝတီ။
လစ်ဘာတီရယ်
တသိမ့်သိမ့်မစ္စစ္စပီမှာတော့
ငါက
ယာယီခိုလှုံသူပါ။
ပြည်ပြေးတယောက်
သူပုန်တယောက်ဆိုရင်လည်း
မမှားဘူးပေါ့ လစ်ဘာတီ။
ဆောင်းခိုငှက်တွေရဲ့ 
မျှော်လင့်ချက်လိုပေါ့ 
နှင်းစက်တွေအရည်ပျော်တဲ့အချိန်
ငါအိမ်ပြန်မယ်။
နွေဦးသစ်ရဲ့ 
ကောက်ရိတ်ပွဲတော်မှာ
တို့ အတူပျော်ကြတာပေါ့ 
ဧရာဝတီမရယ်။
ခုတော့
အိပ်မက်အတူမက်ကြဦးစို့ 
မနက်မလင်းခင်။
ခုချိန်မှာ
တို့ အိပ်မက်တွေဟာ
ရွှေဝါရောင်ဆန်လွန်းနေမယ်။
ဆန်ပါစေ
လစ်ဘာတီရယ်
ရွှေဝါရောင်ဆန်တာကိုကပဲ
တို့ ရဲ့ ဘ၀လေ။
လစ်ဘာတီရေ
ငါတို့ ရဲ့ ဧရာဝတီ
မလွတ်လပ်သေးဘူးလေ။
ဧရာဝတီဟာ
အချုပ်အနှောင်ခံနေရတာ
တကမ္ဘာလုံးကသိတယ်
လစ်ဘာတီ။
ကမ္ဘာပေါ်မှာ
လွတ်လပ်စွာမစီးဆင်းရတဲ့
မြစ်ဟာ
ငါတို့ ဖြစ်တယ်လစ်ဘာတီ။
အတောင်ပံဖြတ်ခံထားရတဲ့
ငှက်ဟာ
ကျနော်တို့ ပါပဲလစ်ဘာတီရယ်။
ကြည့်လိုက်စမ်းလစ်ဘာတီ
ပိုက်ကွန်ထဲမှာ
ငါးသေကလေးတွေ။
မော့ကြည့်လိုက်
ကောင်းကင်ကမျက်ခုံးပင့်နေတယ်။
ငေးကြည့်လိုက်
ပင်လယ်ကရင်ချီလေတယ်။
ငါတို့ ပြည်သူတွေ
ကောင်းကင်မမြင်ရတဲ့
လှောင်ချိုင့်ထဲမှာ
အိပ်တန်းပျောက်နေရတယ်။
ငါတို့ ပြည်သူတွေ
ပင်လယ်အော်သံမကြားတဲ့
နရသိန်ထဲမှာ
ကမ်းပြိုနေရတယ်။
တို့ ကိုနားလည်ပါလစ်ဘာတီ
ငါတို့ ဟာ
နိုင်ငံကိုတည်ဆောက်ချင်သူတွေပါ။
နွေဦးပေါက်ရင်တော့
တည်ဆောက်ကောင်းတည်ဆောက်နိုင်မှာပဲ
အဲဒီလိုယုံကြည်ရင်း
သင့်ခြေရင်းက
မျှော်လင့်ခြင်းနှင်းခဲဆုပ်ဆုပ်တွေ
ကျွန်ုပ်သက်သေပြုပရစေ
လစ်ဘာတီ။
နှင်းကွန်ခြာအောက်က
နယူးယောက်မြို့ ကြီးလေ
တောက်ပတဲ့အသံတွေနဲ့ 
ကျယ်လောင်တဲ့ရနံ့ တွေနဲ့ 
တကယ့်ကိုတောမှော်ရုံလမ်း
လွမ်းစရာပါလစ်ဘာတီ။
နှင်းမုန်တိုင်းကျပြီးစ
ဘယ်တော့မှမအိပ်တဲ့
မြို့ ကြီးဟာ
သူ့ ဘတ်စကားတွေ
သူ့ ကိုယ်ပိုင်ကားတွေကို
ဝှက်ထားပေမဲ့
သူ့ အိပ်မက်ကတော့
ဘယ်တော့မှမပျက်ပါဘူး။
နယူးယောက်မြို့ က
မြေအောက်ဘူတာရုံတွေမှာ
ကျနော်ရင်ခုန်တယ်။
အနုပညာသူပုန်စိတ်
တိတ်တိတ်ကလေးတွေးပြီး
ဆိတ်ဆိတ်ကလေးဆွေးရတယ်
လစ်ဘာတီရယ်။
နှစ်သစ်ကူးတဲ့ည
နယူးယောက်မြို့ ကောင်းကင်ယံမှာ
နှင်းယွန်းလေကျန်
ခေါင်းလောင်းထိုးသံတွေ
ငါတို့ လို
အိမ်မပြန်နိုင်သေးတဲ့လူတွေအတွက်
ဝန်လေးနေရော့မယ်။
လစ်ဘာတီရယ်
နှင်းမုန်တိုင်းထဲ
ရဲရဲပျံသန်း
ကနေဒါငန်းရိုင်းတွေလို
ဘ၀ဆိုတာကို
သေချာချင်လှပါပြီ။
အိုဘယ့်ဘယ် အိုဘယ့် လစ်ဘာတီ
ဧရာဝတီမှာ
သင့်အမည်နာမကို
ငါဟစ်ကြွေးပရစေ။
အိုဘယ့်ဘယ် အိုဘယ့်လစ်ဘာတီ
ဧရာဝတီမှာ
သင့်ဂုဏ်သတင်းကို
ငါထွင်းထုပရစေ။
လစ်ဘာတီ
မစ္စစ္စပီမြစ်ရိုးက
လင်ကွန်းထိုးတဲ့
လှေတစင်း
ငါ့ ကိုပေးပါ။
ငါ့ ရင်ထဲက
မလှော်ခတ်ရသေးတဲ့ 
မြစ်တစင်း
မင်းယူပါ။
နှင်းမုန်တိုင်းကျပြီးစ
နယူးယောက်မြို့ ကြီးမှာ
ငါကတော့
ဒါပဲတတ်နိုင်တယ်လစ်ဘာတီ။
တမြို့ လုံးမှာ
နှင်းဖုံးနေတယ်
တို့ တဘ၀လုံးဟာ
အမှောင်ဖုံးနေတာပါလစ်ဘာတီ။
ငါကတော့
အရုဏ်ဦးကိုယုံကြည်သလို
နွေဦးကိုလည်းယုံကြည်သူပါ။
နွေဦးပေါက်ရင်တော့
တမိုးလည်းသောက်လာပါလိမ့်မယ်
လစ်ဘာတီ။
ကြည့်စမ်းပါဦး
ငါ့ လစ်ဘာတီရယ်
နှင်းတွေနဲ့ ဖိ
မြို့ ပေါ်ပိနေလိုက်တာ
ကိုယ့်ဝိညာဉ်တောင်
ကိုယ်ပြန်မမြင်ရတော့ဘူး။
ငါကတော့
မင်းကိုမြင်တယ်။
လစ်ဘာတီရယ်
ငါ့ အတွက်ဆိုရင်
မင်းဟာ
မွှေးမြတဲ့မြားတစင်း
ဖြောင့်မတ်တဲ့နှင်းဆီတပွင့်
စိမ်းလန်းတဲ့သီချင်းတပုဒ်။
ငါ့ အတွက်ဆိုရင်လေ
မင်းဟာ
သံပြိုင်ဥယျာဉ်တခုပါ
လစ်ဘာတီရယ်။
ငါလာခဲ့ပြီ
လစ်ဘာတီရေ
နှင်းရည်စက်လက်နဲ့ 
အိပ်မက်ကလေးတမက်တော့
မနက်ဖြန်အတွက်ထားခဲ့ပရစေ။
အိပ်မက်မှန်ရင်
သံမဏိနယူးယောက်မြို့ ကြီး
လိပ်ပြာတောင်ပံပေါ်တင်ပြီး
မစ္စစ္စပီမှ ဧရာဝတီသို့ 
ငါတို့ 
ပြည်တော်ဝင်ခရီး စမယ်
လစ်ဘာတီ။
လောကကမ်းပါးမှာတော့
နှင်းမုန်တိုင်းများနဲ့ 
ကခုန်ချေဦးပေါ့ 
လွမ်းတော့ လစ်ဘာတီရယ်။ ။
အောင်ဝေး
၁-၄-၁၁၊လွတ်လပ်ရေးနေ့ 
မစ်ရှီဂန်။