>Moemaka’s Quotes for Dec 2010

>

မိုးမခ၏ ဒီဇင်ဘာလ စာကိုး၊ စကားကိုး

ဒီဇင်ဘာ ၂၆၊ ၂၀၁၀

လုံခြုံရေးကို အမြဲတမ်း ဂရုစိုက်ပါတယ်။ အထပ်တိုင်းမှာ လြုံခုံရေးရှိပါတယ်။ Hand Scanner နဲ့ သေချာ စစ်ပါတယ်။ လုံခြုံရေးအင်အားကို အမြဲတမ်း ၆ဝ ယောက်နဲ့ အပြည့် တာဝန်ယူပါတယ် – – – – – အမျိုးသမီးက ၈ ယောက် နဲ့ အမျိုးသားက ၅၂ ယောက်ပါ။
လုံခြုံရေးမန်နေဂျာရူဘီမတ်ရှော့ပင်းစင်တာ၊ ရန်ကုန်

7DAY ဂျာနယ်၊ ဒီဇင်ဘာ ၁၆
==========================

အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်ကပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှု ဆိုတဲ့ စကားတွေ အမြှုပ်တစီစီ ထွက်အောင် ပြောနေပေမယ့် . . . ရိုးရိုး သာမန် တိုင်းသူပြည်သားများ အတွက်တော့ ၀ီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ ‘လူထုသတင်းသမား’ (Citizen Journalist)လို့ ပြောရင်လည်း ရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။
လူထုစိန်ဝင်း news-eleven.com
==========================


ချဉ်ပေါင်စပ်ချဉ်ချက်၊ နှမ်းဖတ်ချဉ်သုပ်နဲ့ ငါးခုံးမ သေးသေးလေးတွေ အိုးကပ်ချက်နဲ့ဆို ထမင်းမြိန်ပေါ့ – – ငယ်ငယ်ကတော့ ခင်ပွန်းနဲ့အတူ တောင်သူလုပ်ငန်းကို အတူ လုပ်ခဲ့တယ်။ အဘွားကတော့ ပျိုးနုတ်၊ ကောက်စိုက်ပေါ့။ အစားအသောက်ကတော့ သားကြီး၊ ငါးကြီးမစားဘူး၊ အသီးအနှံနဲ့ ငါးသေးသေးလေးတွေကိုပဲ စားတယ်။ ညစာမစားဘဲ ဥပုသ်စောင့်ခဲ့တာ အခုဆိုရင် ၁၇နှစ် ရှိပြီ။
ဒေါ်မြကြည်၊ အမရပူရမြို့နယ် (အသက် ၁၁၉ နှစ်ထဲ ၀င်လာသူ ကမ္ဘာ့အသက်အကြီးဆုံး လူသား)
မြန်မာ့အလင်း၊ ဒီဇင်ဘာ ၂၂

==========================

မသန်စွမ်း ဆိုတဲ့ လောကထဲနေပေမယ့် တန်းတူ ရည်တူ လူသားပဲလေ။ ပညာလည်း တတ်တယ်၊ လုပ်လည်း လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ကို လက်တွဲခေါ်ယူစေချင် တာပေါ့။ ကျွန်တော်တို့လည်း ပန်းခြံ၊ ဘုရားတွေ အများနည်းတူ သွားလာချင်တယ်။ တော်တော်များများက မသန်စွမ်း မြင်ရင် သူတောင်းစား ဆိုတာမျိုး မြင်ကြတာ များတာ။ ပိုက်ဆံ လာပေးတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော် တောင်းတဲ့သူ မဟုတ်ပါဘူးလို့ပဲ ကောင်းကောင်း ပြန်ပြောပြပါတယ်။ စိတ်ထဲတော့ မကောင်းဘူးပေါ့။
ဝဏ္ဏကျော်စွာ၊
ရွှေမင်းသားအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တာဝန်ခံတဦး။ ၂၄၃ မိုင် ခရီးကို ဘီးတပ်ကုလားထိုင်ဖြင့် သွားပြခြင်းဖြင့် စွမ်းရည်ပြခဲ့သူ။
The Voice ဂျာနယ်၊ ဒီဇင်ဘာ ၂၀

==========================



မီဒီယာလည်း မဟုတ်ဘူး၊ diplomat လည်း မဟုတ်ဘူး၊ ယူကေက ခရီးသွားတယောက် တွေ့ဆုံခွင့်တောင်းတာ ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ လက်ခံတွေ့ဆုံပါတယ်၊ မနက်ပိုင်းက။ သူက အဓိက တောင်းဆိုတာကိုက သူက သူ့အမေရဲ့ မွေးနေ့ အသက် ၆၀ ပြည့် မွေးနေ့မှာ ဒေါ်စုနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေး သူ့အမေကို မွေးနေ့လက်ဆောင် ပေးချင်လို့ တွေ့ခွင့်ပြုပါဆိုလို့ အဲဒါနဲ့ တွေ့ခွင့်ပြုလိုက်တာပါ။
ဦးဉာဏ်ဝင်း၊ NLD
RFA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၆
==========================


နျူကလီးယားစီမံကိန်းက သူတို့ရဲ့  စိတ်ကူးစိတ်သန်းနဲ့ လုပ်တာပါ။ အဲဒီလို စိတ်ကူးစိတ်သန်းတွေကလည်း ဝန်ကြီးဦးသောင်းရဲ့  အစီအစဉ်တွေပါ။ သူက IAEA က seminar တွေကို သူရဲ့  ဒေါက်တာတွေကို သွားတက်ခိုင်းတယ်။ ပြီးတော့ မြန်မာပြည်ကို ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ ပြည်ပပညာရှင်တွေ ဖိတ်ကြားပြီးတော့ အဲဒီကရတဲ့ အချက်အလက်တွေကို မူတည်ပြီးတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ လုပ်တဲ့ သဘောပါ။ ဒီစီမံကိန်းရဲ့  နောက်ကွယ်မှာ နိုင်ငံခြားပရောဂ မပါဘူးလို့ ကျနော်မြင်ပါတယ်။
ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း
ဗွီအိုအေ အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၅
==========================


ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် မြန်မာ နေရှင်နယ်လိဂ် နှင့် ဆက်စပ်၍ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအားလုံး ၏ ယခုနှစ်ပိုင်းအတွင်း ဘောလုံးအားကစားအတွက် အသုံးပြုမှုကို ပေါင်းလိုက်ပါက ကျပ်သန်းပေါင်း သောင်းဂဏန်း များစွာပင် ရှိနိုင်သည်။

ထိုသို့ ငွေကြေး အကုန်အကျ များစွာ ခံ၍ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပခဲ့ခြင်းကြောင့် ဘောလုံးသမားများ၊ နည်းပြများ၊ နည်းစနစ် ဒါရိုက်တာများ စသော ဘောလုံးအားကစားနှင့် ဆက်စပ်သူများ အားလုံး ဝင်ငွေများ ကောင်းခဲ့သည်။ ကျပ် သိန်းပေါင်းများစွာ လုပ်ခ လစာ ရနေသော ဘောလုံးသမားများထဲမှ အကောင်းဆုံးဟု ဆိုသော မြန်မာဘောလုံးသမားများကို ရွေးကာ နိုင်ငံတကာပြိုင်ပွဲဝင်ရာတွင် ဗီယက်နမ်ကို ၇-၁ ဂိုး ဖြင့် စံချိန်တင် ဂိုးပေးကာ ရှုံးနိမ့်ခဲ့ပြီး စင်ကာပူကိုလည်း အစဉ်အလာမပျက် ရှုံးကာ အိမ်ပြန်ခဲ့ရပြီ ဖြစ်သည်။

– – – မြန်မာဘောလုံးသမား အများစု၏ အသက်ကို အမှန်တကယ် အသက်ထက် နှစ်များစွာ လျှော့ထား၍ ပျမ်းမျှ အသက် ၂၅ နှစ် ၀န်းကျင်သာ ရှိသည် ဆိုသော အသင်းမှ မြန်မာဘောလုံးသမား အများစုမှာ ပွဲ ကစားသောအခါ သက်လုံ မကောင်း၊ နိုင်လိုစိတ်ပျောက်ဆုံးကာ ကစားနေပုံများကြောင့် ဘောလုံးချစ်ပရိသတ် အားလုံး စိတ်ပျက်ခဲ့ရသည်။
အားမာန်၊ ဗိုလ်ဗိုလ်ဝင်း (သတင်းထောက်များ)
7DAY ဂျာနယ်၊ ဒီဇင်ဘာ ၉
==========================


ကိုဘိုကြည်
နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားတာ ရှိတယ်။ ဒီလိုပြောင်းရွှေ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသားကိုတင် ပြစ်ဒဏ်ပေးတာ မဟုတ်ဘဲနဲ့ သူ့မိသားစုကိုပါ ရောပြီး ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီအတွက် မိသားစုရော၊ နိုင်ငံရေး အကျဉ်းသားရော ရုပ်ပိုင်း စိတ်ပိုင်းရော စီးပွားရေး အခြေအနေရော အတော် ချွတ်ခြုံကျသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အနေအထားပါ။
ကိုဘိုကြည်၊ AAPP အသင်း
VOA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၄
==========================


နေဘုန်းလတ် (ဓာတ်ပုံ – minnyoonthit net)
အင်းစိန်မှာ နေတုန်းကတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလို ဖြုန်းတီးပစ်ရတဲ့ အတွက်ကြောင့် သူ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဘားအံရောက်တဲ့ အခါကြတော့ သူပြောပါတယ်၊ သူတို့ အခု ထောင်ထဲမှာ နေနေရတာ တာဝန်တခု ထမ်းဆောင်နေရတာနဲ့ အတူတူပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို အပြစ်မရှိဘဲ ထောင်ချထားတဲ့ အတွက်ကြောင့် သူတို့ကို သက်သေထားပြီး ကမ္ဘာကို တင်ပြလို့ ရတယ်တဲ့။ အဲဒီအတွက်ကြောင့် သူတို့ အလုပ်တခု လုပ်နေတာနဲ့ အတူတူပါပဲ တဲ့၊ အဲဒီလို သူ ခံယူချက် ပြောင်းသွားတယ်။
ဒေါ်အေးအေးသန်း၊ ဘလော့ဂ်ဂါ နေဘုန်းလတ်၏ မိခင်
VOA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၄
==========================


(လူနာတယောက်) စိတ်ရောဂါစပြီး ခံစားခဲ့ရတာ ဗေဒင်က အသက် ၆၀ မှာ သေမယ်လို့ စဟောခဲ့တုန်းကပါ။ ညတိုင်း အိပ်မပျော်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက စိတ်ကယောက်ကယက် စတင် ခံစားခဲ့ရတယ်။ ဖြစ်ချင်တော့ သူက သေမယ်လို့ကို အတပ် ဟောပြီး ဘာယတြာမှ လုပ်လို့ မရဘူးလို့ ပြောခဲ့တယ်။ ဒါနဲ့ အိပ်မပျော်တဲ့ရက်တွေ များခဲ့ပြီး အခုလို စိတ်ရောဂါကု ဆေးခန်းကို ရောက်ခဲ့ရတာပဲ။ အခု အသက် ၆၂ ကျော်သွားပြီ။
အထူးကုဆရာဝန်ကြီး ဒေါက်တာ အုန်းမောင်

Eleven Media Group- news-eleven.com
==========================


ကင်မရာကို လှမ်းကိုင်သည့် ဂျောက်ဂျက် (ဓာတ်ပုံ-မြန်မာတိုင်းမ်)

ရသက ကျွန်တော့ကို ပြောဖူးတယ်။ ‘မင်းက အဆိုတော် without’ တဲ့။ အခွေ မထွက်သေးတော့ လိုင်စင် မရှိတဲ့ အဆိုတော်ပေါ့။ ခု .. ကျွန်တော် ခွေထွက်တော့မယ် ဆိုတော့ အကုန် ပြောင်းလဲသွားတယ်။ အခွေ ထွက်တော့မယ်၊ ခွေတစ်ခွေလုပ်နေပြီဆိုရင် လူတွေ ကြည့်တဲ့အကြည့်၊ ဆက်ဆံပုံတွေ၊ အဆိုတော် အချင်းချင်း ကြည့်တဲ့ အကြည့်၊ မိဘဆွေမျိုးတွေက ကြည့်တဲ့အကြည့်။ သူတို့ အထင်အမြင်တွေ အားလုံး ပြောင်းလဲသွားပါတယ်။

အဆိုတော် ဂျောက်ဂျက် မြန်မာတိုင်းမ် ဂျာနယ်၊ ဒီဇင်ဘာ ၁၃
==========================


ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည်အတွက် ပေးလှူပြီး လုပ်ခဲ့ကြတာ။ သေချင်းပေါင်း ရှင်ချင်းပေါင်းတွေ သေဖော် ရှင်ဖက်တွေ လုပ်ခဲ့ကိုင်ခဲ့ကြတာ။ တိုင်းပြည်လွတ်လပ်ရေးအတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်။ ဘွဲ့ ထူး ဂုဏ်ထူးတွေ ဘာမှ ကိုယ်မလျှောက်ခဲ့ဘူး၊ လျှောက်မှ ရတာမျိုးကို ကိုယ်တသက်လုံး မလျှေက်ဘူး။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တယ်၊ ကိုယ့်ကို လူတွေက ချစ်ခင်လေးစားကြတယ်။ သည်နေ့အထိ ကိုယ့်အိမ်နီးချင်း မိတ်ဆွေတွေက ဟင်းခွက်ပို့တုန်း။
သခင်မဒေါ်မြရီ မဇ္ဈိမသတင်းဌာန၊ ဒီဇင်ဘာ ၁၀
(မကွယ်လွန်မီ ပြောခဲ့သည်များကို သူ၏ နာရေးသတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။)

==========================