>
မိတ်ဆွေကြီးကိုဒေါင်း- ကျန်းခံ့သာလို့ မာပါစ။ ပြည်တွင်းကကြားရတဲ့ သတင်းတွေအပေါ် အခြေခံပြီး ကျနော် တွေးထင်မိတာလေး တချို့ကို ဆက်ပြောပရစေ။
သတင်းက မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး သတင်းပါ။ လူ့အခွင့်အရေး၊ အလုပ်သမားအရေးတွေ ဆောင်ရွက်နေတဲ့ ရှေ့နေကို ဖိုးဖြူတို့ ရဲဘော်တွေ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး အတွက် ကြိုးပမ်းနေကြတယ်။ သက်ဆိုင်ရာကို တရားဝင် တင်ပြထားတယ်။ ဥပဒေဘောင်ထဲကနေ မှတ်ပုံတင်ထားတယ်ပေါ့။
မြန်မာပြည်မှာ အလုပ်သမား၊ လယ်သမားတွေ ဖိနှိပ် ချုပ်ချယ်ခံနေရတယ်။ အလုပ်သမား၊ လယ်သမားအရေးတွေ လျစ်လျူရှုခံနေရတယ်။ မဆလခေတ်တုန်းက အလုပ်သမားကောင်စီတို့ လယ်သမားကောင်စီတို့ ရှိခဲ့ဖူးတယ်။ နောက်တော့ အလုပ်သမားအစည်းအရုံး၊ တောင်သူလယ်သမားအစည်းအရုံး ဆိုပြီး ဖြစ်လာတယ်။
ဒီအဖွဲ့အစည်းတွေဟာ ဆိုင်းဘုတ်ပဲ ရှိတယ်။ အလုပ်သမားအကျိုး၊ လယ်သမားအကျိုး ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့တာ မရှိဘူး။ အဲဒီလို အမည်ခံ အလုပ်သမားအဖွဲ့အစည်း၊ လယ်သမားအဖွဲ့အစည်းတွေဟာ အာဏာရ အစိုးရရဲ့ ဒေါက်တိုင်တွေအဖြစ် ရေမြောင်းပုပ် ထဲရောက်သွားခဲ့ရတယ်။
ဒီဘက်ခေတ်၊ နဝတ-နအဖခေတ်၊ ဆိုပါတော့၊ အလုပ်သမားအရေး၊ အလုပ်သမားကိစ္စ။ ကျနော်တို့ တိုင်းပြည်မှာ မဖြေရှင်းနိုင်သေးတဲ့ အလုပ်သမားပြဿနာတွေ အမြောက်အမြားရှိတယ်။ အာဏာပိုင်တွေရဲ့ မတရားခိုင်းစေခံရမှုတွေ၊ ကလေးစစ်သား ကိစ္စတွေ၊ ရှေ့တန်း စစ်မျက်နှာမှာ ချွေးတပ် အဆွဲခံရတဲ့ အဖြစ်တွေ၊ စက်မှုဇုန်တွေက အလုပ်သမား သပိတ်မှောက်မှုတွေ၊ စသည်ဖြင့် –
ကျနော်တို့ ပြည်တွင်းမှာက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က အနည်းအကျဉ်း ဝင်ရောက်ကူညီတာပဲ ရှိတယ်။ လွတ်မြောက်နယ်မြေမှာ ထူထောင်ထားတဲ့ အလုပ်သမား အဖွဲ့အစည်း တစ်ခုက၊ ပြည်တွင်းက အလုပ်သမားအရေးကို ပြည်ပကနေ ကြွေးကြော်ဖွင့်ချနေတာပဲ ရှိတယ်။ ပြည်တွင်းမှာ အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်ပြီး ခုခံကာကွယ်ပေးမယ့် အလုပ်သမားအဖွဲ့အစည်း မရှိဘူး။
ဒီကွက်လပ်ကို ရှေ့နေကို ဖိုးဖြူတို့က ဖြည့်ဖို့ ကြိုးစားလိုက်တာပါပဲ။ ဒါ ကောင်းတဲ့ ကိစ္စပဲ။ ဝမ်းပန်းတသာ ကြိုဆိုရမယ့်အချက်ပဲ။ ဒါပေမဲ့- ကိုဒေါင်းရေ၊ ဒါ မြန်မာပြည်လေ။ ဘယ်မှာ လာပြီး လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ရှိလို့လဲ။ ကျနော်တို့ ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရဖို့ တိုက်ပွဲ ဝင်လာခဲ့ကြတာ ဒီနေ့ဒီအချိန်အထိပဲ မဟုတ်လား။ မဆလခေတ်တုန်းက ကျနော်တို့ ပုသိမ်ကောလိပ်မှာ ကြုံခဲ့တာလေး ပြောပြမယ်။ အဲဒီတုန်းက ကျောင်းအုပ်ကြီးက ဆရာတက္ကသိုလ်ဘုန်းနိုင်ဗျ။ ကျနော်တို့ တွေက စာပေဝါသနာရှင်လေးတွေပေါ့ ဗျာ။ အဲဒီမှာ ဆရာနဲ့ တပည့် စိတ်ကူး တူပြီး၊ တစ်ခါမှ မထုတ်ဖူးသေးတဲ့ ပုသိမ်ကောလိပ် နှစ်လည် မဂ္ဂဇင်း ထုတ်ဖို့ ကြိုးပမ်းကြရောဗျ။ ဒါပေမဲ့ ဖြစ်မလာပါဘူး။ မဂ္ဂဇင်းကော်မတီကို လမ်းစဉ်လူငယ် အဖွဲ့ရဲ့ ကြီးကြပ် လမ်းညွှန်မှုအောက်မှာ ဖွဲ့ရမယ် ဆိုလို့ကျနော်တို့ ဆက်မလုပ်ဖြစ်တော့ဘူး။ လမ်းစဉ်လူငယ်အဖွဲ့ ဆိုတာမဆလလက်ကိုင်တုတ်၊ ကျောင်းသား အရေခြုံ အဖွဲ့အစည်းပါပဲ။ မဆလစစ်အုပ်စုက ကျောင်းသားသမဂ္ဂနေရာကို အစားထိုးခဲ့တဲ့ ဒေါက်တိုင်တစ်ခုပါပဲ။
အခုလည်း ဘာထူးလဲ။ တလောကပဲ သတင်းတစ်ပုဒ် ထွက်လာတယ်။ နအဖစစ်အုပ်စု အလိုကျ အလုပ်သမားသမဂ္ဂကိုပဲ ဖွဲ့စည်းခွင့်ပြုမယ် ဆိုတဲ့ သတင်းပါ။ သတင်းက မကောင်းပါဘူး။ ပြည်သူတွေ အလိုကျ၊ လူထုအလိုကျဖွဲ့စည်းဖို့ ကြိုးပမ်းတဲ့ ရှေ့နေ ကိုဖိုးဖြူတို့ အလုပ်သမား သမဂ္ဂကို နအဖစစ်အုပ်စုက မလိုလားဘူး၊ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ထင်ရှားသွားတာပဲ ကိုဒေါင်း။ စစ်အာဏာရှင်တွေဟာ သူတို့ကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်ကလေးတွေလို အဖွဲ့အစည်းတွေကိုပဲ လိုချင်တယ် ကိုဒေါင်း။
ရယ်စရာတစ်ခု ပြောရဦးမယ်။ နဝတ ခေတ်ဦးတုန်းက၊ နဝတကြိုးဆွဲရာ ကလွန်းလို့၊ နဝတ အလိုကျ လှေသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲ၊ ဘာပွဲညာပွဲသီချင်းတွေ ရေးကြ ဆိုကြလွန်းလို့ အဲဒီတုန်းက ဂီတအစည်းအရုံးကို ပြည်သူတွေက”ဂဝတ” ဆိုပြီး နာမည်ပေးခဲ့ကြဖူးတယ်ဗျာ။
ကိုဒေါင်းရေ၊ ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးစတုန်းက ကျနော်တို့ စာရေားဆရာတွေ ကြုံခဲ့ရတဲ့ အဖြစ်တစ်ခု ပြောလိုက်ရင်၊ အခုရှေ့နေ ကိုဖိုးဖြူတို့အဖြစ်က ရှင်းသွားပြီဗျာ။ ကိုဒေါင်း၊ အရေးအခင်း အတွင်းမှာ ဆရာမောင်သော်က၊ ဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဦးကိုယု၊ ဦးဝင်းခက်၊ ဆရာမောင်ဝံသ၊ ဆရာအောင်ဝင့်စတဲ့ လူကြီးတွေနဲ့ ကျနော်တို့ လူငယ်တွေလည်း ပါတယ်။ စာနယ်ဇင်းသမဂ္ဂ ဆိုပြီး ဖွဲ့ခဲ့တယ်ဗျ။ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ ထူထောင်လိုက်တဲ့ အခါ ဒီဆရာသမားကြီးတွေ အားလုံး NLD ထဲ ရောက်သွားကြတယ်။ ကျနော်တို့ လည်း NLD ဖြစ်သွားတယ်။
နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ နဝတ အစိုးရဆီမှာ မှတ်ပုံတင်ရမယ် ဆိုတော့၊ အရေးအခင်း အတွင်းတုန်းက ယာယီ ဖွဲ့စည်းခဲ့တဲ့ စာနယ်ဇင်းသမဂ္ဂကို အသစ် ပြင်ဆင် ဖွဲ့စည်းလိုက်ကြတယ်။ NLD လို နိုင်ငံရေးပါတီတွေထဲ ရောက်သွားတဲ့ စာရေးဆရာတွေ နုတ်ထွက်ပေးကြတယ်။ ဆရာပါရဂူက ဥက္ကဋ္ဌ၊ ဆရာနတ်နွယ် အတွင်းရေးမှူးအဖြစ် တာဝန်ယူတဲ့ စာပေသမဂ္ဂWriters&JournalistsUnionW-A-J-U”ဝါဂျူ” ဆိုပြီး မှတ်ပုံတင်လိုက်တယ်။
ပထမတော့ ဖွဲ့စည်းခွင့် ရမလိုလိုနဲ့၊ နောက်ဆုံးကျတော့ နဝတစစ်အုပ်စု အလိုကျ၊ အခုလက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဆိုတာကြီးပဲ ပေါ်ထွက်လာခဲ့တာလေဗျာ။
ရှေ့နေ ကိုဖိုးဖြူတို့ အလုပ်သမားသမဂ္ဂအဖြစ်ကလည်း ဒီလိုပဲ ရှိမှာ ပါပဲ။ ဒါပေမဲ့ ကျနော်တို့ နောက်ဆုတ်စရာ မလိုပါဘူး။ ကျနော်တို့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ယုံယုံကြည်ကြည်နဲ့ ပဲ ကိုယ်ဆက်လုပ်ရမှာ မဟုတ်လား။
အလုပ်သမားသမဂ္ဂမှ မဟုတ်ပါဘူး၊ အခြားအခြားသော ပြည်သူ့အလိုကျ၊ လူထု အလိုကျ တိုးတက်သော သမဂ္ဂပေါင်းစုံ အမြန် ပေါ်ထွန်းလာဖို့ ဟာ ကျနော်တို့ရဲ့ သေရာပါတာဝန်ပဲ မဟုတ်လား ကိုဒေါင်း။
အားလုံးကို သတိရလျက်-
အောင်ဝေး
စက်တင်ဘာ၂၂-၂ဝ၁ဝ။
