>
မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ နအဖ-၂၀၁၀-နိုဝင်ဘာ(၇) ရွေးကောက်ပွဲကလည်း တဖြည်းဖြည်း နီးနီးလာပြီ ဆိုတော့၊ ကိုဒေါင်းကြီး၊ ဒီလိုအချိန်မှာ ရွေးကောက်ပွဲအကြောင်းပဲ ထပ်ပြောချင်သေးတယ်ဗျာ။
ရွေးကောက်ပွဲ နီးလာလေ၊ ရွေးကောက်ပွဲ အကြိုမှာကိုပဲ ရွေးကောက်ပွဲ မသမာမှုတွေ၊ ကျနော်တို့ မမြင်ချင်ဘဲ မြင်နေရပြီ။ မတွေ့ချင်ဘဲ တွေ့နေရပြီ။ ကျနော်တို့ မကြားချင်လို့လည်း မရ၊ ကြားနေရပြီ မဟုတ်လား ကိုဒေါင်း။
နအဖစစ်အစိုးရက တစ်ဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ၊ နအဖ အလိုကျ၊ နအဖ လက်ဝေခံ၊ နအဖ လိုလားတဲ့ ပါတီ အနိုင်ရဖို့၊ ခုကတည်းက နည်းပေါင်းစုံနဲ့ သူတို့ အကွက် ရိုက်နေပြီ။ အကွက် ဆင်နေပြီ။ သူတို့ စိတ်တိုင်းကျ ကုလားဖန် ထိုးနေပြီ။
ဟုတ်ပြီ ကိုဒေါင်း၊ အကယ်၍—ဖဲက သူတို့ ဆင်တဲ့ အကွက် အတိုင်း ၀င်မလာဘူး ဆိုရင်–သူတို့ ဘာလုပ်မယ် ထင်သလဲ။
ကျနော်တို့ ဘက်ကတော့ ဒီ နအဖ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ် ဆိုတာ ပြတ်ပြတ်သားသား ပြောပြီးသားပါ။ ထပ်ပြောစရာ မလိုတော့ပါဘူး။ နအဖစစ်အုပ်စုဟာ သူတို့နိုင်စေချင်တဲ့ ပါတီ၊ မနိုင်နိုင်အောင် လုပ်နေတာလည်း ကျနော်တို့ သိနေ မြင်နေပြီးသားပါ။ ထပ်သတိပေးစရာ မလိုတော့ပါဘူး။
အကယ်၍—လို့ ကျနော် ပြောတာက၊ ၉၀ ရွေးကောက်ပွဲတုန်းက၊ န၀တ စစ်အုပ်စုဟာ သူတို့ ထင်ထားသလို တစညပါတီ အနိုင်ရမလာဘဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရသွားတဲ့ အခါ၊ ကိုဒေါင်း၊ န၀တ ဘာလုပ်သလဲ။
NLD ကို အာဏာ လွှဲမပေးဘူး။ နှစ်ပေါင်း(၂၀) ကြာအောင် အာဏာကို ဆက်လက် ချုပ်ကိုင်လာခဲ့တယ်။ အခု ၂၀၁၀-နိုဝင်ဘာ(၇) ရွေးကောက်ပွဲဟာ နအဖ စစ်အုပ်စုရဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲပဲ။
ခုလည်း လာပြန်ပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ နိုင်စေချင်တဲ့၊ သူတို့ အနိုင်ရစေချင်တဲ့ ပါတီဘက်ကနေ သိသိသာသာ ဘက်လိုက်တာတွေ၊ အကာ အကွယ်ပေးတာတွေ တွေ့နေရပြီ။ သူတို့ မလိုလားတဲ့ ပါတီတွေအပေါ်မှာ ဥပဒေ အမျိုးမျိုးနဲ့ ကန့်သတ်၊ ပိတ်ပင်၊ ချုပ်ချယ်နေတာတွေ မြင်နေရပြီ။
ဆိုကြပါစို့ ကိုဒေါင်းကြီး၊ ဒီတစ်ကြိမ်မှာလည်း၊ နအဖစစ်အုပ်စု အနေနဲ့က သူတို့ လိုလားတဲ့ ပါတီ အနိုင် မရ ရအောင် သူတို့ မဖြစ်မနေ လုပ်မှာပဲ။ ဒီတော့ သူတို့ရဲ့ ဇာတိရုပ်တွေလည်း ဘူး ပေါ်သလို ပေါ်လာမှာပဲ။
သို့သော်—၊ ကိုဒေါင်း၊ သို့သော်- ဆိုတာက၊ ၉၀ ရွေးကောက်ပွဲတုန်းက တစညပါတီ၊ န၀တ စစ်အုပ်စု ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒီတစ်ကြိမ်မှာလည်း နအဖစစ်အုပ်စု ထင်တိုင်းကြဲလို့ ရရိုးလား။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့အခန်းကဏ္ဍကို ဘယ် သွားထားမလဲ။
ကျနော်တို့ဘက်က နအဖရွေးကောက်ပွဲအပေါ် ရန်-ငါ ပြတ်ပြီးသားပါ။ ဘယ်လိုရလဒ်ပဲ ထွက်လာ ထွက်လာ၊ ကျနော်တို့အတွက် အရေး မကြီးပါဘူး။ ကျနော်ပြောနေတာက၊ နအဖစစ် အုပ်စုရဲ့ ရွေးကောက်ပွဲဟာ၊ နဂိုကတည်းက မှစိတ်မချရ၊ မယုံကြည်ရတဲ့ ဟာပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပါတီက အစောကြီးကတည်းက၊ နအဖ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဆန့်ကျင် ပယ်ချပြီးသား။ နအဖ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ပြီးသား။
ခုကတည်းက နအဖစစ်အုပ်စု အလိုကျ ပါတီရဲ့ ရွေးကောက်ပွဲခြေပုန်းခုတ်မှုတွေ၊ မသမာတဲ့ နည်းနဲ့ မဲဆွယ်စည်းရုံးမှုတွေ၊ ပြိုင်ဘက် တစညပါတီ အပါအ၀င် ဒီမိုကရေစီ အင်အားစု ပါတီတွေ အပေါ် ထိုးနှက် တိုက်ခိုက်နေတာတွေ။ ကဲ- ကိုဒေါင်းကြီး၊ နအဖ ရွေးကောက်ပွဲ ဘာလဲ- ဘယ်လဲ။
ကျနော်တို့ ထည့်မပြောဘဲ ချန်လှပ်ထားခဲ့လို့ မရတဲ့ အချက်တစ်ချက် ရှိသေးတယ်။ အဲဒါက ဆရာဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့၊ လူပုဂိုလ် အနေနဲ့ ရွေးကောက်ပွဲ ကိုကျောခိုင်းလိုက်တဲ့ အချက်ပဲ။ ဒါလည်း အရေးကြီးတယ် ကိုဒေါင်း။ နအဖရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်မှု မရှိနိုင်ဘူး၊ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့အချက်ကို ဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့က ထုတ်ဖော် ပြသလိုက်တာပဲ မဟုတ်လား။
ဟုတ်ပြီဗျာကိုဒေါင်း၊ အခုအချိန်မှာ ရွေးကောက်ပွဲသပိတ်မှောက်တဲ့သူက မှောက်နေပြီ။ ရွေးကောက်ပွဲ ဆန့်ကျင်သူက ဆန့်ကျင်နေပြီ။ ကဲ-ကျနော်တို့ စာပေအနုပညာသမားတွေကကော ဘယ်လိုလဲ။ အထူးသဖြင့် ကျနော်တို့ စာရေးဆရာ၊ ကျောဆရာ၊ စာနယ်ဇင်းသမားတွေဘက်က ဘယ်လိုလဲ။
ရွေးကောက်ပွဲသတင်း ယူရုံလောက်ကတော့၊ ဒီအလုပ်မျိုးကလေးတွေတောင် လုပ်ခိုင်းရင် လုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲမှာ စာနယ်ဇင်းတွေက” ကြားနေမယ်” ဆိုတာဟာ၊ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို၊ အိုးမည်းသုတ်ရာကျတော့မပေါ့။ ဒီအချိန်မှာ “ကြားနေမယ်” ဆိုတာဟာ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်ဖို့ အဆိပ်ပင် ရေလောင်းပေးသလို ဖြစ်တော့မပေါ့။
ရွေးကောက်ပွဲကို ကိုယ်နဲ့ မဆိုင်သလို၊ မသိကျိုးကျွန် ပြုနေမယ်ဆိုရင်တော့၊ ကျနော်တို့ စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ်ဇင်းသမားတွေ၊ ဆရာလူထုစိန်ဝင်းကို အားနာဖို့ အလွန်ကောင်းနေပါပြီဗျာ။
အားလုံးသတိနဲ့ယှဉ်ပြီး၊ ရွေးကောက်ပွဲကို ရင်ဆိုင်နိုင်ကြပါစေ။
အောင်ဝေး
အောက်တိုဘာ ၂၇- ၂၀၁၀။
