>2010 Election and Sasana – part 2

>

၂၀၁၀ ရွေးကောက်ပွဲနှင့် အနာဂတ်သာသနာ (အပိုင်း – ၂)
ဗုဒ္ဓေါဝါဒဆရာတော်၊ အမေရိက
အောက်တိုဘာ ၁၅၊ ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲလွန်ရင် ဗုဒ္ဓသာသနာ အလွန်ဝမ်းနည်းစရာ
၂၀၀၈ အခြေခံ ဥပဒေဟာ စာအုပ်ကြီးသာ ဖြစ်သွားတယ်၊ ရဟန်းသံဃာနဲ့ သီလရှင်များက ဘာတခုမှ ရွေးခြယ် တင်ပြပိုင်ခွင့် မရခဲ့ဘူး၊ စစ်တပ်နဲ့ အရေအတွက် တူတဲ့ မြန်မာပြည်က ထောင်ပေါင်းများစွာသော သံဃာများရဲ့ တိုင်းပြည်အပေါ် ထားရှိတဲ့ မေတ္တာတရားကို လူထုက ယုံကြည် ကိုးကွယ်ကြတယ်။

သီလ၊ သမာဓိ ကိုယ်ကျင့်တရား ၀ိနည်း သိက္ခာပုဒ်များကို အသက်လောက် မြတ်နိုးခဲ့တဲ့ မြန်မာနိုင်ငံ သံဃသမိုင်းထဲက မျိုးဆက်သစ် ရဟန်းပျိုတွေက ရှေးယခင်က ကောင်းတဲ့ အစဉ်အလာတွေကို ဆက်လက်ထမ်းပိုးတယ်၊ တဖက်မှာလည်း ခေတ်စနစ်နဲ့အညီ သာသနာတော်နဲ့ သံဃာများအားလုံး လုံခြံစိတ်ချရတဲ့ အခြေခံဥပဒေ ဖြစ်မှသာ ဗုဒ္ဓသာသနာ တိုးတက်နိုင်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖက်အမြင်ရှိတဲ့ သာသနာ့အာဇာနည် အရှင်မြတ်တွေကသိနေပါပြီ၊ တိုင်းပြည်နဲ့ အနာဂတ် သာသနာကို ကောင်းသည်ထက် ကောင်းအောင် ဖန်တီး နိုင်တဲ့ စွမ်းအားတွေ ပြည်တွင်း ပြည်ပ သံဃာများ အခိုင်အမာ ရှိနေပါတယ်။

၂၀၀၈- အခြေခံဥပဒေ အခန်း(၈)မှာ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်ရေးနှင့် တာဝန် ၀တ္တရားများထဲမှာ သာသနာ့ဝန်ထမ်းများ မဲပေးခွင့်မရှိဘူး။ ဘာသာရေးကြောင့် နိုင်ငံရေးလုပ်ရင် ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်းထားတယ်။ ၁၉၆၂- က စစ်အာဏာသိမ်းပြီးနောက် ယနေ့ ဦးသန်းရွေ အထိ သာသနာတော်ကို ညိုးနွမ်းစေမှု စတဲ့ စစ်အစိုးရ ပါးစပ်ထဲက ပုဒ်မ ဥပဒေတွေ ထုတ်ပြီး သံဃာတွေကို ထောင်ချ သတ်ဖြတ်ခဲ့တယ်။ ဒီလိုပဲ တက်လာမယ့် စစ်အစိုးရ အသစ်ကလည်း သံဃာတွေကို အရင်ကလိုပဲ နှိပ်စက်ခွင့် ရအောင် ရေးထားတဲ့ ဒီ အခြေခံဥပဒေ အကြောင်းကို သံဃာ အများစုက မသိကြပါဘူး၊ သာသနာ့ဝန်ထမ်းများ တိုင်းကျိုး ပြည်ပြု အခွင့်ရေးနဲ့ တာဝန်တွေ မရှိဘူးလို့ ၂၀၀၈ အခြေခံဥပဒေထဲမှာ အထူးကန့်သတ်ချက် အနေနဲ့ အခန်း(၈) အပိုဒ် (၃၆၄) အခန်း(၉)တွေမှာ ပြဋ္ဌာန်းထားတာ တွေ့နိုင်တယ်။

နိုင်ငံနဲ့ လူမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ အထဲမှာ ဘုန်းကြီးတွေက ထိပ်ဆုံးက ရှိနေတယ်ဆိုတာ မမေ့ကြပါနဲ့၊ ကိုယ်ကျင့်သီလတရားကို အခြေခံပြီး တည်ဆောက်ခဲ့တာ သာသနာတော် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လာခဲ့ပြီ၊ ယနေ့ စစ်ဝါဒစနစ်ကြောင့် သိင်္ဂုတ္တရ ရွေတိဂုံ ကုန်းမြေမှာ သံဃာတော်များ သွေးမြေကျခဲ့တဲ့ ၂၀၀၇-စက်တင်ဘာလဟာ မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်လိုမှ မမေ့နိုင်တဲ့ နေ့တနေ့ ဖြစ်သွားခဲ့ပါပြီ။

၂၀၀၈ အခြေခံဥပဒေထဲမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံစံမှာ သာသနာရေးဝန်ကြီး ဋ္ဌာနဆိုတာ မတွေ့ရဘူး၊ ပြည်ထဲရေးအောက်မှာ ထားမယ့် သဘောပါ၊ လူတယောက်က ကိစ္စရှိရင် ပြည်ထဲရေး ဋ္ဌာနတခုနဲ့ အားလုံး ပြီးသွားတယ်၊ ဘုန်းကြီးတပါးကတော့ သာသနာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် နှစ်ယောက် စစ်ဆေးပြီးအောင် စောင့်ဆိုင်းခဲ့ရတာ စစ်အာဏာရှင် အဆက်ဆက်ပါပဲ၊ ဘုန်းကြီးတွေက ဖိနှိပ်မှု ပိုခံရတယ်ဆိုတာ အားလုံး သိစေချင်ပါတယ်။

လက်ရှိ အခြေအနေအရ သာသနာရေးဝန်ကြီးဋ္ဌာနနဲ့ သံဃမဟာနာယကအဖွဲ့ဟာ တိုင်းပြည်နဲ့ သာသနာအတွက် အကျိုးမများဘူး၊ ၂၀၀၇-မှာ သံဃာတွေကို မတရား ဖမ်းဆီး ကျောင်းတိုက်တွေ ဖျက်ဆီးခဲ့တာကို ကြည့်နေတယ်၊ နာဂစ် မုန်တိုင်းကြောင့် လူတွေများစွာ သေနေတာကို လစ်လျုရှုနေခဲ့တယ်၊ ထောင်ထဲက သံဃာများ လွတ်မြောက်ရန် လုပ်ဆောင်ရမယ့်အစား စစ်အစိုးရ အကြိုက်သာ တစိုက်မတ်မတ် ရပ်တည်ခဲ့တာ အားလုံးအသိပါ။

နိုင်ငံတော်သံဃ မဟာနယက အဖွဲ့ကြီးကို စတင် ဖွဲ့တော့ ဒီအဖွဲ့ကြီးသည် သာသနာအတွက်မဟုတ်ဘူး သံဃာများကို ဖိနှိပ်ဖို့သာ ဖြစ်တယ်၊ ဒီတော့ စစ်အစိုးရဖွဲ့ပေးတဲ့ သံဃမဟာနာယက အဖွဲ့ထဲကို မ၀င်ခဲ့ဘူးလို့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ ပျံတော်မမူခင်မှာ ပြောခဲ့ပါတယ်၊ ဆရာတော်ကြီး ပြောခဲ့သလို တကယ်တမ်း သံဃမဟာနယက အဖွဲ့ဟာ သာသနာအတွက် မဟုတ်ဘဲ စစ်အစိုးရအတွက်သာ ဖြစ်ခဲ့ရပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် ဟောပြောခွင့်

လာဘ်ထိုးမှ ရလာမယ့် အခွင့်ရေးကို ဘာသာပေါင်းစုံ ဘုန်းတော်ကြီးများက ယူနေကြမယ်ဆိုရင် ဘယ်တော့မှ စနစ်ဆိုးက လွတ်မြောက်မှာ မဟုတ်ပါဘူး၊ ဘာသာရေးခေါင်းဆောင်က မတရားမှုကို မတွန်းလှန်ဘဲ မိမိတို့ ကိုယ်တိုင် စစ်အစိုးရနဲ့ ပေါင်းသင်းပြီး အတ္တအကျိုးအတွက်ပဲ ရှေးရှုလာခဲ့မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

စစ်ဒေသမှူး၊ တိုင်းမှူးများနဲ့ ပေါင်းလို့ ရပ်ကွက်ဓမ္မာရုံမှာ ဓမ္မကထိကဘုန်းကြီး ခေတ္တ တရားဟောခွင့် ရတာဟာ လွတ်လပ်စွာ ဟောပြောခွင့် အစစ်မှန်ရတာ မဟုတ်ဘူးဆိုတာ အသေအချာ သိဖို့ လိုသလို ဗိုလ်ချုပ်တွေကို ဒေါ်လာတွေ ပေးလိုက်လို့ မြေကွက်ရတာ၊ ကျောင်းဆောက်တာ၊ အိမ်ကို မသိမသာ ဗလီ လုပ်ခွင့်ရတာ၊ ဘုရားကျောင်း လုပ်ခွင့် ရနေတာ မျိုးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်လို့ မထင်ပါနဲ့၊ စစ်ဝါဒစနစ်ကို ဆက်လက် ရှင်သန်ဖို့ ကိုယ်တိုင် အဆိပ်ပင်ကို ရေလောင်း နေတာပါ။

သာသနာ့ဝန်ထမ်းများအပေါ် တရားစီရင်ရေး
ဗုဒ္ဓသားတော် ရဟန်းတော်များဟာ ဘုရားဟော ၀ိနည်းပိဋကတ်တော်က ချမှတ်ထားတဲ့ စည်းကမ်းဥပဒေကို လိုက်နာရုံပါ၊ ဒါပေမဲ့ တိုင်းပြည်တခုမှာ အတူမွေး အတူကြီး အတူတကွ နေထိုင်ခဲ့တဲ့ လူ့လောက မဟုတ်ပါလား၊ ရဟန်းသံဃာများ ဆိုပေမဲ့ ပုထုဇဉ်များအလျောက် အပြစ်တစုံတရာရှိလာမှာ အမှန်ပဲ၊ မူရင်း ဘုရား ပညတ်ခဲ့တဲ့ ၀ိနည်း သိက္ခာပုဒ်နဲ့ သက်ဆိုင်ရာ အခြေခံ ဥပေဒေကလည်း ရှိနေမယ်၊ ဒီတော့ သာသနာ့ဝန် ထမ်းများက ဥပဒေနှစ်ခုအောက်မှာ ဖြစ်နေတယ်၊ သံဃာတော်များကို ဘုရားဥပဒေနှင့်သာ အရေးယူရမယ်၊ စစ်အစိုးရ ပါးစပ်ထဲက ပုဒ်မတွေအတိုင်း သံဃာတွေဟာ ထောင်ထဲမှာ ကျခံနေရတယ်၊ မတရားမှုကို အဆုံးသတ်ရန် လိုပါတယ်။

ကမ္ဘာအေး သံဃခုံရုံးက ဗိုလ်ချုပ်ဆရာတော်များရဲ့ အဆုံးဖြတ်
ထုံးစံမှာက သာသနာ့ဝန်ထမ်းများ ပြစ်မှု တစုံတရာရှိလာရင် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ ဗဟို သံဃာ့ အဖွဲ့အစည်းများမှာ အဆင့်ဆင့် စစ်ဆေးမယ်။ အပြစ် ရှိတယ်လို့ ထင်ရှားရင် သံဃမဟာနာယကအဖွဲ့ သြ၀ါဒနဲ့ ၀ိနည်းဓိုလ်အဖွဲ့က အသုဒ္ဓ မစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ သာသနာ့ ဘောင်မှာ နေခွင့်မရှိကြောင်း ဆုံးဖြတ်တာဟာ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်ပါတယ်။

ဒါကလည်း ကာယကံရှင် ကိုယ်တိုင်ဝန်ခံမှ ဆုံးဖြတ် လို့ရတာ ၀န်မခံရင် အတင်းအဓမ္မ လုပ်လို့မရဘူး၊ ရဟန်းတော်များမှာ အဓိကရှောင်ရမယ့် ပါရာဇိကလေးပါးပါ၊ မေထုန်အမှု၊ ခိုးတဲ့အမှု၊ လူသတ်မှု၊ ဈန်မဂ်ဖိုယ်မရဘဲ လိမ်ညာမူ၊ ဒါကို ရဟန်းတော် များက တခုခုကို ဖောက်ဖျက်ရင် အစောက ပြောသလို လူဝတ် လဲပစ်ရမယ်။

မေထုန်အမှု အမျိုးသမီးကိစ္စ ဖြစ်ရင် ၀ိနည်းရှုဒေါင့်ကဆိုရင် ပါရာဇိကျပြီး လူဖြစ်သွားတယ်၊ လူ ရှုဒေါင့်က ဆိုရင် နှစ်ဦး သဘောတူလို့ ဖြစ်ခဲ့တာ ဆိုရင် ပြဿနာမဖြစ်၊ သဘော မတူရင်တော့ မုဒိန်းမှု ပုဒ်မ ဖြစ်သွားမှာပါ။
အဲတော့ အမျိုးသမီးကိစ္စ DNA ခေတ်ပေါ်နည်းတွေနဲ့ စစ်ဆေးရင် အဖြေပေါ်ပါတယ်၊ ထင်ရှားတယ်ဆိုရင် လူထွက်ရမယ်၊ ဖြစ်ခဲ့တဲ့ အမျိုးသမီးကို လက်ထပ်ပေါင်းသင်းရမယ် ဆိုတဲ့ အမိန့်ချပြီး ဘုရားနည်းလည်း မဆန့်ကျင်၊ လူသား သဘာဝ အချစ်ကိုလည်း မျက်ကွယ် ပြုရာ မရောက်ဘဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတခုကို အလေးထားသင့်ပါတယ်။

ဘုန်းကြီးက လူသတ်တယ် ဆိုရင် လူဖြစ်သွားတာပဲ၊ ဒီအမှုက အကြမ်းဖက်တာမို့ ဒီလို လူလို ဘုရားစေတီပုထိုး ပုဂံဒေသလို နေရာမျိုးမှာ အလုပ်ကြမ်း အလုပ်မျိုး၊ ဘာသာရေးနဲ့ ဆိုင်တဲ့ နေရာတွေမှာ အလုပ်ဒဏ်ကို ကျခံစေသင့်တယ်၊ ခိုးတဲ့အမှုဆိုရင်လဲ အလားတူပါပဲ၊ တမဂ်တဖိုလ်မရဘဲ ရဟန္တာပုဂ္ဂိုလ်အလား လိမ်လည်မူလုပ် နေသည့် ဖြစ်ရပ်မျိုးကိုလည်း လူထွက်စေ၊ ဘုရားကျောင်းကန်နှင့် သက်ဆိုင်တဲ့ အလုပ်ကြမ်းများကို ကျခံရမည်၊

၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သံဃာတော်များအား စစ်ထောက်လှမ်းရေးက မတရား ဖမ်းဆီးခဲ့တာ အများကြီးပဲ၊ ကမ္ဘာအေး သံဃမဟာနယက အဖွဲ့က ၀ိနည်း စည်းကမ်းအရ ၀ိနိစ္ဆယအပြစ်ရှိ၊ မရှိ စစ်ဆေးရမှာ မှန်ပေမယ့် သံဃာတော်တွေကို ကမ္ဘာအေးသံဃခုံရုံးမှာ မစစ်ဆေးပါဘူး၊ စစ်အာဏာရှင်များက သံဃာတော်များကို ဖမ်းတဲ့ အပိုင်း၊ ပြစ်ဒဏ်ချတဲ့အပိုင်းတွေမှာ မတရားလုပ်ခဲ့တယ် ဆိုတာ အထင်ရှား ရှိခဲ့တယ်၊ မစိုးရိမ် တိုက်သစ်ကျောင်းက ဦးဝိစိတ္တာဘိဝံသ(၀ီရသူ) မန္တလေးမှာ တရားပွဲတွေ လုပ်တယ်၊ ဘုရားဟော ပိဋကတ် စာပေကို ပြောတာပဲ၊ ဘုရားဟော အမှန်တရားကို ဟောပြောလို့ ၀ီရသူ အခုချိန်ထိ ထောင်ထဲမှာပါ၊ မန္တလေး တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်က ထောင်ဒဏ်နှစ်က နည်းတယ်ဆိုတဲ့ စကားကြောင့် နောက်ထပ် ထောင်သက်တမ်း တိုးသွားခဲ့တယ်၊ ဗိုလ်ချုပ်တွေ အမိန့်အတိုင်း သံဃာများ ထောင်ထဲမှာ အနှိပ်စက်ခံ နေရတာပါ။

စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းထားတဲ့ သံဃမဟာနယကအဖွဲ့သည် တကယ်တရားမျှတဲ့ ပိဋကတ် တော်အတိုင်း သံဃာတွေရဲ့ အမှုကိစ္စတွေကို အဂတိမလိုက်ဘဲ ဆုံးဖြတ်ခဲ့တာ အနည်းငယ်မျှရှိမယ်၊ အထူးသဖြင့် ကျောင်းပိုင်ဆိုင်မှုများမှာ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ ဘုန်းကြီးတွေက အနိုင်ရခဲ့တာ၊ မှန်ပေမဲ့ လာဘ်ထိုးစရာ ငွေမရှိသလို ဗိုလ်ချုပ်တွေကို မဖားတာကြောင့် မှန်ပေမဲ့ အရှုံးပေးလိုက်ရတာတွေ အများကြီးပါ။
သံဃမဟာ နာယကအဖွဲ့ အထက်မှာ စစ်အာဏာရှင်စနစ်ဆိုး လွမ်းမိုးနေတာကြောင့် သံဃ၀ိနိစ္ထယ သံဃ ခုံရုံးဟာလည်း တရားမျှတမူမရှိဘဲ၊ စစ်အစိုးရအလိုကျ ဆုံးဖြတ်ခဲ့မှုတွေမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနဲ့ ဗုဒ္ဓဘာသာတခုလုံး ဆုံးရှူံး နစ်နာပါတယ်။

နောက်ဆုံးမှာ စစ်အစိုးရအကြိုက် လုပ်တဲ့ သံဃာနဲ့ လူထုနဲ့ သာသနာအကျိုး ကိုသာ ရှေးရှု လုပ်ကိုင်ပေးတဲ့ သံဃာ ဆိုပြီး နှစ်မျိုးနှစ်စား ဖြစ်လာတယ်၊ စစ်အာဏာမြဲရေးအတွက် သံဃမဟာနာယက အဖွဲ့ကြီး ဖွဲ့တယ်၊ ဒီအဖွဲ့ကြီးက သံဃာများကို မစောင့်ရှောက်ခဲ့ပါဘူး။

(မှတ်ချက် – လာမယ့် အပိုင်း ၃ နိဂုံးပိုင်း မှာတော့ ဆရာတော်က
၂၀၁၀ ရွေးကောက်ပွဲအလွန် ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန်
ဘုန်းကြီးတွေက တုံး၊ အာဏာရှင်တွေက ပြုံး
၂၀၁၀ ရွေးကောက်ပွဲ အဖြေမှန်
ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားထားပါတယ်။)