>
၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကြိုကာလ ဂျပန်စစ်သံရုံးရှေ့ ဆန္ဒပြကန့်ကွက်ကြမည်
မိုးမခအထောက်တော် ဂျပန်
အောက်တိုဘာ ၁၄၊ ၂၀၁၀
ဂျပန်နိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ အကြောင်းကြားစာတွေ ပေးပို့နေပြီလို့ တိုကျိုဖက်က မြန်မာတွေဆီက သတင်းရရှိပါတယ်။ နေ့ရက်နှင့် အချိန်ကတော့ ၂ဝ၁ဝ အောက်တိုဘာလ ၁၉ရက် မနက် ၈းဝဝနာရီ ကနေ ၁၈းဝဝ နာရီ (ညနေ ၆ နာရီထိ) အထိဖြစ်တဲ့အကြောင်း တိုကျို မြန်မာသံရုံး (ဒေသအခေါ် အခွန်ရုံး)က အကြောင်းကြားစာတွေ ပေးပို့နေတာဖြစ်ကြောင်း တိုကျိုဖက်ကလာတဲ့သတင်းအရ သိရှိရပါတယ်။
အကြောင်းကြားစာထဲမှာ …
“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ အခန်း(၁၁) အမှတ်စဉ်(၅၉) အပိုဒ်ခွဲ (ခ)အရ x x x သည် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲ ပေးလိုပါက ပေးနိုင်ပါကြောင်းနှင့် ဆန္ဒမဲ မပေးလိုပါက ဆန္ဒမဲပေးခြင်း မပြုဘဲ နေနိုင်ပါကြောင်း ဦးစွာ အသိပေး အကြောင်းကြားအပ်ပါသည်”
လို့လည်း အတိအလင်း ရေးသား ဖော်ပြထားပါတယ်။
မဲပေးရမယ့်ရက်က အလုပ်၊ ကျောင်း နားရက်မဟုတ်တဲ့ ကြားရက်တရက်ထဲ ဖြစ်တဲ့အတွက် မဲပေးမယ့်မြန်မာအများစုဟာ အဲဒီနေ့မှာ အလုပ်ကို ခွင့်ယူမှ မဲပေးနိုင်ကြမှာဖြစ်ပါတယ်။ ဂျပန်က မြန်မာတွေ အများစု တကယ် မဲလာပေးစေချင်တယ် ဆိုရင် အများပြည်သူ အလုပ်နားရက်၊ ပိတ်ရက် အဆင်ပြေတဲ့ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေလို နေ့မျိုးကျင်းပရမှာ ဖြစ်ပေမယ့်၊ အခုလို အင်္ဂါနေ့ တရက်တည်း ကျင်းပတာဟာလည်း ထူးခြားနေပါတယ်။
၂၀၀၈ အခြေခံဥပဒေ တုန်းကတော့ ဒီလိုပဲ မဲပေးဖို့ မအူမလည် အစီအမံတွေကြောင့် တိုကျိုက မြန်မာတွေနဲ့ အခွန်ရုံးတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက်ဖြေရှင်းခဲ့၊ သတင်းမီဒီယာတွေမှာ ဟိုးလေးတကြော်တွေ ဖြစ်ခဲ့ပါတယ်။
တိုကျိုမှာ နှစ်ရှည်ကြာ နေထိုင်တဲ့ ဦးမောင်မောင်အေးက –
“ မှတ်မိသလောက် ၂၀၀၈ အခြေခံဥပဒေတုန်းက ပြည်ပနိုင်ငံတွေထဲမှာ ဂျပန်က မြန်မာတွေ လက်သံပြောင်နိုင်ခဲ့ကြပါတယ်။ အခုလည်း မမှတ်မိလို့ ၂ ထပ် ရှိအောင် တိုကျိုက မြန်မာတွေ စွမ်းနိုင်မလား၊ နအဖကျွန်တွေပဲ ရမ်းနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာပဲ” လို့ ဆိုပါတယ်။
တိုကျိုရှင်ဂျုကု ရပ်ကွက်မှာ နေထိုင်တဲ့ မတင်တင်ဝင်းကတော့ ..
“တိုကျိုက မြန်မာတွေအကြောင်း သိနေလို့ မဲလာမပေးဘဲနေအောင် တမင်စီစဉ်တာလို့ ထင်တယ်။ ၀တ်ကျေတန်းကျေ မဲပေးတာ လုပ်မယ့် သဘောပဲလေ..။ တိုကျိုအခွန်ရုံးက ဘာလုပ်လုပ် ပြသနာပေါ်နေတော့ အထက်က ကြိမ်းတာလည်း တော်တော်ခံနေရပုံပေါ်တယ်”
လို့ ရှင်းပြပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးဟာ ၂၁ ရာစု ကနဦးပိုင်းကတည်းက တနှစ်လျှင် ရက်ပေါင်း ၂၀၀ ကျော် ဆန္ဒပြခံနေရပြီး “ကမ္ဘာ့  ဆန္ဒပြအခံရဆုံး သံရုံး” အဖြစ် ပြောစမှတ် ပြုကြပါတယ်။
